DVB Logo
Home
မြန်မာသတင်း
ဘားအံမြို့တွင် ရပ်​ကွက်​အတွင်း လိုက်​လံ​ရောင်းချသည့် ဈေးသည်​များကို စည်​ပင်​တားမြစ်
DVB
·
March 25, 2018
ဘားအံမြို့တွင် ရပ်​ကွက်​အတွင်း လိုက်​လံ​ရောင်းချသည့် ဈေးသည်​များကို စည်​ပင်​တားမြစ်
Donate to DVB

 

ဘားအံမြို့၊ အမှတ်(၂) မဲဘောင်စံပြဈေးကြီးက ပျံကျဈေးသည်​တွေ မူလ၀ါဆိုဦး ပျံကျဈေးနဲ့ ရပ်​ကွက်​အတွင်း ပြန်လည်ရောင်းချတာကို​ စည်ပင်က လိုက်လံတားမြစ်နေတာကြောင့် စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရတယ်လို့ ဈေးသူ ဈေးသားတွေက မတ်၂၄ ရက်မှာ ဒီဗွီဘီကို ပြောပါတယ်။

အမှတ် (၂) အဆင့်မြင့်စံပြ မဲဘောင်ဈေးသစ်ကို ပြောင်းရွှေ့ခဲ့တဲ့နေ့ကစပြီး ဒီနေ့အထိ ဈေးဝယ်လာရောက်သူ နည်းပါးတဲ့အပြင် နေ့စဉ် ရင်းနှီးရတဲ့ပစ္စည်းဖိုးတွေ ဆုံးရှုံးမှုများပြား လာတဲ့အတွက် ဈေးရောင်းချသူတွေအနေနဲ့ မိသားစုစား ၀တ်နေရေး ထိခိုက်လာတယ်လို့ ပြောပါတယ်။

ဘားအံမြို့၊ ၀ါဆိုဦး ၂ လမ်း၊ သားငါးရောင်းချသူ မတင်မာက “ကျမ မဲဘောင်ဈေးမှာ သွားရောင်းတယ်။ မရောင်းရဘူး။ အရင်းက ပြုတ်တယ်။ အဲဒါကြောင့်မို့လို့ ကျမတို့အနေနဲ့ ဒီမှာ လာရောင်းတယ်။ ရပ်ကွက်သူ ရပ်ကွက်သားတွေက ဒီမှာ အဆင်ပြေတယ်ဆိုတော့ ကျမတို့အနေနဲ့ အဆင်ပြေသလိုလေး ရောင်းတယ်။ သူတို့တွေက ဈေးအပေါ်မှာ မရောင်းနဲ့ လို့ပြောတယ်။ ကျမတို့ ရပ်ကွက်ထဲမှာ လှည့်ရောင်းတော့လည်း သူတို့အရောင်းမခံဘူး။ ရပ်ကွက်အထဲအထိ လိုက်ဖမ်းတယ်”လို့ ပြောပါတယ်။

ဘားအံမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ဈေးနှင့်သားသတ် ဌာန၊ ဒုဦးစီးမှူး ဒေါ်နန္ဒာဇော်ဝင်းက “ကျမတို့က လိုက်ဖမ်းတာတော့ မဟုတ်ပါဘူး။ စည်းကမ်းမလိုက်နာတဲ့ သူတွေကို ကျမတို့က စည်းကမ်းပေးတာပါ။ ကျမတို့ ဈေးသစ်ကြီး အဲဒီမှာသွားပြီး ရောင်းချစေချင်တဲ့ ဆန္ဒနဲ့ပါ။ ဒီမဲဘောင်ဈေးမှာ ဈေးသည်တွေကိုလည်း ကျမတို့က ငဲ့ညာရမယ်လေ။ သူတို့ ဈေးရောင်းမကောင်းသလို လက်ရှိဈေးသည်တွေလည်း ဈေးရောင်း မကောင်းဘူးဆိုတာဖြစ်မှာပဲ” လို့ ပြောပါတယ်။

ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဈေးဝယ်သူ နန်းတင်တင်ဦးက “ကျမအနေနဲ့ မဲဘောင်ဈေးကတော့ သွားရတာအခက်အခဲရှိတာပေါ့နော်။ ဒီဘက်မှာကျ မနက်စောစော ပြေးသွားလိုက် လာလိုက်နဲ့ ဟင်းလေး တစ်ခွက်လောက်ရတော့ အိမ်ပြန်ချက်​တော့ အချိန်ရ သွားတာပေါ့။ ဟိုမှာ သွားရင်ကျတော့ ဆိုင်ကယ်လည်း စီးရမယ်။ ကားနဲ့လည်း သွားရမယ်ဆိုတော့ ကိုယ်မှာလည်း အချိန်မရှိဘူး။ ဒီဘက်မှာဆိုတော့ ကျမတို့ အနေနဲ့ဆိုရင် ပိုပြီးတော့ အဆင်ပြေမယ်”လို့ ပြောပါတယ်။

ဘားအံမြို့၊ အမှတ် ၉ ရပ်ကွက်၊ သားငါးရောင်းချသူ မရီဝင်းက “ကျမတို့မှာ အခက်အခဲ ရှိတယ်။ ဘာကြောင့်လဲဆို မဲဘောင်ဈေးမှာ သွားရောင်းတယ်။ တနေ့ကို ၂ သိန်းလောက်​ ရင်းရတဲ့ ဥစ္စာက ၃ သောင်း ၄သောင်းဖိုးလောက်ပဲ ရောင်းရတယ်။ ငါးတွေက တနေ့တနေ့ ပုပ်တာကြီးပဲ။ ပုပ်တဲ့အခါကျတော့ ဒီဈေးမှာမရောင်းပဲ ရပ်ကွက်ထဲ လှည့်ရောင်းတယ်။ ရပ်ကွက်ထဲ မရောင်းနဲ့လို့ ကျမတို့ကို မောင်းထုတ်တယ်။ အဲ တော့ ကျမတို့ပြည်သူ့အသံ ရင်ထဲကဆန္ဒတွေကို ဘယ်သူ့ကို သွားပြောပြရမှာတုန်း” လို့ ပြောပါတယ်။

ဘားအံမြို့ပေါ်မှာ အမှတ် ၄ ရပ်ကွက်ရှိ သံလွင်(ညဈေး)၊ အ မှတ် ၅ ရပ်ကွက်ရှိ ရဲဘော်ဈေး၊ အောက်နန်းဈေး၊ အမှတ် ၉ ရပ်ကွက်ရှိ ၀ါဆိုဦးပျံကျဈေးတွေရှိရာမှာ လက်ရှိ ၀ါဆိုဦးပျံကျ ဈေးတစ်ခုကိုသာ မဲဘောင်ဈေးသစ်ကို ဖိအားပေး ပြောင်းရွှေ့ရောင်းချခိုင်းခဲ့တယ်လို့ ပြောင်းရွှေ့ခံရတဲ့ ဈေးသူဈေးသားတွေက ပြောပါတယ်။

မဲဘောင်စံပြဈေးသစ်ကို ယခင်အစိုးရဟောင်း လက်ထက်က ကျပ်သိန်းပေါင်း ၁၂၀၀ ကျော်နဲ့ လက်လီဆိုင်ခန်းပေါင်း ၂၄၂ ခန်း၊ ကုန်စုံဆိုင်ခန်းပေါင်း ၁၂၈ ခန်းတွေကို တည်ဆောက်ခဲ့ တာဖြစ်ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်​။

အရပ်သားအစိုးရ သစ်လက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ဈေးရုံကြီးကို ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့ပေမယ့် ပျံကျဈေးသည်တွေအတွက် ဆိုင်နေရာကျဉ်းမြောင်းမှု၊ ဈေးဝယ်လာရောက်သူ နည်းပါးမှု​ကြောင့် ပျက်​စီးဆုံးရှုံးမှု​တွေနဲ့ အဆင်မပြေမှုတွေရှိတယ်လို့ ​ဈေးသူ ​ဈေးသား​တွေက ​ပြောပါတယ်။

သတင်း -  ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013