
အသက် ၉၇ နှစ်အရွယ် ဗြိတိန်အမျိုးသမီးတယောက်ဟာ သူ့ရဲ့စံချိန်ကို ပြန်ချိုးဖျက်ပြီး ကမ္ဘာ့အသက်အကြီးဆုံး Wing Walker အဖြစ် ဂင်းနစ်မှတ်တမ်းမှာ စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ဘက်တီဘရိုမာဂီဆိုတဲ့ အဘွားအိုဟာ ပြီးခဲ့တဲ့ ၄ နှစ်က လေယာဉ်တောင်ပံမှာ လိုက်ပါတဲ့ Wing Walker စွန့်စားမှုနဲ့ စံချိန်တင်ခဲ့ဖူးသူ ဖြစ်ပါတယ်။
အဲဒီတုန်းက အဘွားရဲ့အသက်ဟာ ၈၇ နှစ်ရှိပြီဖြစ်ကာ ပျံသန်းနေတဲ့ လေယာဉ်ပေါ်မှာ ခြေလှမ်း ၆ လှမ်း လှမ်းခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ်က လေဖြတ်ခဲ့တဲ့ အဘွားအိုဘတ်တီဟာ အချိန်အများစု ဆေးရုံမှာပဲ ကုန်ဆုံးခဲ့ရသူပါ။ သူ ဆေးကုသမှု ခံယူခဲ့တဲ့ ဆယ်တန်ဟမ် အထွေထွေဆေးရုံအတွက် ရန်ပုံငွေရဖို့ ရည်ရွယ်ချက်နဲ့ Wing Walker စံချိန်ကို ထပ်မံချိုးဖျက်ခဲ့တာပဲ ဖြစ်ပါတယ်။
ဘတ်တီက “ဘဝကြီးက နေရတာ ပျင်းစရာကောင်းလာပါတယ်။ အဘွား ရေမကူးနိုင်ဘူး။ မျက်စိလည်း ကောင်းကောင်းမမြင်တော့ဘူး။ ဒါက စိတ်ပျက်စရာပါ။ အဲဒါကြောင့် ကိုယ်လုပ်နိုင်တာ ကို လုပ်ဖို့ ဆန္ဒရှိခဲ့ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် အဘွားဘတ်တီက အသက် ၁၀၀ ပြည့်ရင်လည်း ထူးခြားတာတွေ့မယ်လို့ ပြောခဲ့ ပါသေးတယ်။
ပျံသန်းနေတဲ့ လေယာဉ်တောင်ပံပေါ်မှာ လမ်းလျှောက်တဲ့ စတန့်ပြသမှုဟာ ၁၉၂၀ ပြည့်နှစ်မှာ စတင်ထင်ရှားခဲ့တဲ့ စွန့်စားမှုတခုပဲ ဖြစ်ပါတယ်။
Source:Reuters










