
ယာယီသမ္မတအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ဦးမြင့်ဆွေ မိန့်ခွန်းပြောခဲ့တာ မရှိဘဲ လူမှုကွန်ရက်မှာ ပြန့်နှံ့နေတဲ့ ပထမဆုံး မိန့်ခွန်းဆိုတာဟာ အတုဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြောင်း ပြန်ကြားရေးနဲ့ နိုင်ငံတော် သမ္မတရုံး သတင်းတွေမှာ ဖော်ပြပါတယ်။
ယာယီသမ္မတရဲ့ ပထမဆုံး မိန့်ခွန်းလို့ ခေါင်းစဉ်တပ်ထားပြီး သမ္မတကို ဘယ်လိုလူမျိုး ရွေးချယ်သင့်တယ်ဆိုတဲ့ တိုက်တွန်းတဲ့ပုံစံတွေ ရေးထားတဲ့ သတင်းတု ပြန့်နှံ့နေတယ်လို့ သူက ဆိုပါတယ်။
“နံပါတ်တစ် အချက်အနေနဲ့ လာမယ့် ရက်သတ္တပတ် အတွင်းမှာ ပြည်ထောင်စုလွှတ်တော်မှာ ဆောင်ရွက်မယ့် သမ္မတအဖြစ် ရွေးချယ်သွားမယ့်အချိန်မှာ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ မိန့်ခွန်းဆိုပြီး ထွက်လာတာ ဖြစ်ပါတယ်။ ယာယီသမ္မတ ဦးမြင့်ဆွေက ပြီးခဲ့တဲ့အပတ်က မော်ရိုကိုနိုင်ငံက ပြန်လာတယ်။ ဒီအတောအတွင်း ပြည်သူလူထုကို ထိတွေ့ပြီး မိန့်ခွန်းပြောကြားခဲ့ခြင်းလည်း မရှိပါဘူး။ နောက် နိုင်ငံပိုင်သတင်းစာမှာလည်း ယာယီသမ္မတ ဦးမြင့်ဆွေကနေ ပြည်သူလူထုကို မိန့်ခွန်း ပြောကြားတာမျိုး ထုတ်ပြန်ထားတာမရှိပါဘူး။ နံပါတ်နှစ် အချက်က ဒီမှာ ရေးသား ဖော်ပြထားတာတွေက ယာယီသမ္မတ ဦးမြင့်ဆွေ မပြောကြားဘဲနဲ့ လူမှုမီဒီယာကတစ်ဆင့် လူထုကြားမှာ ပြန်နှံ့ပြီး ထင်ယောင် ထင်မှား ဖြစ်မှာစိုးတဲ့အတွက် မဟုတ်မှန်တဲ့ အကြောင်းပြောတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
နိုင်ငံတော် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးထင်ကျော် ရာထူးက နုတ်ထွက်ခဲ့ပြီးနောက် ဒုတိယသမ္မတ နှစ်ယောက်ထဲက နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်တုန်းက ဒုတိယဆန္ဒမဲ အများဆုံးရတဲ့ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
သတင်းမှား ဖြန့်ဝေခဲ့သူတွေကို ဥပဒေအရ အရေးယူနိုင်ဖို့ စိစစ်နေတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။
“ဒီလိုသတင်းမှားတွေ စပြီးဖြန့်တဲ့ အကောင့် ပိုင်ရှင်တွေကို လိုက်ပြီး စိစစ်နေပါပြီ။ ဒီလိုသတင်းမှားတွေ ဘယ်က စသလဲဆိုတာ စိစစ်နေပြီ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
လူမှုကွန်ရက်တွေကို စောင့်ကြည့်ဖို့ အရေးပေါ်ရန်ပုံငွေကနေ ကျပ်သိန်းပေါင်း ၆ သောင်းကျော် သုံးစွဲခဲ့တယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးက ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ လွှတ်တော်မှာ ပြောကြားခဲ့ပါသေးတယ်။











