ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် သိရှိစေရန် လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့နေရာအချို့ မီးပိတ်မည်

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကို အများပြည်သူ သိရှိလာစေဖို့ လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့က ထင်ရှားတဲ့ ဟိုတယ်၊ ကျောင်းနဲ့ အဆောက်အအုံတချို့ ဒီညမှာ လျှပ်စစ်မီးတွေ ပိတ်ထားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒုတိယနှစ်အဖြစ် ပြုလုပ်တဲ့ Earth Hour အစီအစဉ်နဲ့ ပတ်သက်လို့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) က ထုတ်ပြန်လိုက်တာပါ။
ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်က ဒီည ၈ နာရီခွဲနဲ့ ၉ နာရီခွဲကြားမှာ မရှိမဖြစ် အသုံးမလိုတဲ့ မီးတွေကို ပိတ်ထားမှာ ဖြစ်ပြီး တည်းခိုနေတဲ့ ဧည့်သည်တွေနဲ့အတူ အခမ်းအနားတခုကိုလည်း ပြုလုပ်သွားမှာပါ။
International School Yangon နဲ့ Junction City, Junction Square, Yoma Strategic Holdings, ပန်းလှိုင်အိမ်ရာ၊ ကြယ်စင်မြို့တော်နဲ့ Dulwich ကောလိပ်တို့မှာလည်း ည ၈ နာရီခွဲနဲ့ ၉ နာရီခွဲကြားမှာ လျှပ်စစ်မီးတွေကို ပိတ်ထားမှာ ဖြစ်ပါတယ်။
တချို့နေရာတွေမှာတော့ ဒီနေ့မှာ ပလတ်စတစ်ဘူးတွေ၊ ပိုက်တွေ အသုံးပြုတာကို တားမြစ်ထားပါတယ်။
ဖာတီမာ သခင်မ ကက်သလစ်ဘုရားကျောင်းမှာလည်း ကမ္ဘာမြေအတွက် ဆုတောင်းပွဲနဲ့ ဂီတဖျော်ဖြေပွဲငယ်တခု ပြုလုပ်သွားမယ်လို့ WWF က ထုတ်ပြန်ပါတယ်။
Earth Hour ဆိုတာဟာ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုဖြစ်ပြီး သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ၂၀၀၇ ခုနှစ်က စတင်ခဲ့ပြီး အခုတော့ နိုင်ငံပေါင်း ၁၈၀ ကျော်မှာ ပြုလုပ်နေတာပါ။
မနှစ်တုန်းက မြန်မာနိုင်ငံမှာ စတင်ခဲ့တဲ့ Earth Hour ကို ရွှေတိဂုံစေတီတော်မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီနှစ်မှာ ထူးခြားတာကတော့ Earth Hour အစီအစဉ်အရ မီးတွေ ပိတ်ကြပေမယ့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ထဲက ကျေးရွာ ၃ ရွာက Earth Hour ရွာတွေအဖြစ် သတ်မှတ်ပြီး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးတွေထွန်းထားမှာ ဖြစ်ပါတယ်။











