မြစ်သားမြို့နယ် သဘာဝ ကျောက်လိုဏ်ဂူ အပန်းဖြေ လာရောက်သူမျာပြား

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ကျီတိုင်အုပ်စု ဖိုအင်ရွာအနီး သဘာဝကျောက်လိုဏ်ဂူနဲ့ ရေပူစမ်း၊ ရေအေးစမ်း စီးဆင်းနေပြီး တောတောင်ရှုခင်း လှပမှုတွေကြောင့် အပန်းဖြေလာရောက်ကြသူ များပြားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖိုအင်ဂူမှာစောင့်ပေးတဲ့ ဦးမြတ်ကျော်က “နွေရာသီကျောင်းပိတ်ရက်ဆိုတော့ အပန်းဖြေတာနဲ့ လေ့လာရအောင် လာကြတာများတယ်။ တောတောင်ရှုခင်းတွေက လှပတယ်။ ရေပူစမ်းလဲရှိနေတယ်။ ကျန်းမာရေးကောင်းအောင် ရေချိုးကြတယ်။ သဘာဝကျောက်လိုဏ်ဂူကြီးက ထူးဆန်းတယ်လေ။ လာရတဲ့လမ်းကတော့ ကြမ်းတယ်။ ပြင်တော့ပြင်ထားတယ်။ ဂူထဲက ကျောက်ခက်ပန်းဆွဲတွေ မြင်ရအောင် အင်ဂျင်မီးနဲ့ အလင်းရောင်ပေးထားတယ်။ ဒီဇယ်ဖိုးက တလကို ၅ သောင်းလောက်တော့ ကုန်တာပေါ့။ လျှပ်စစ်မီးရရင်တော့ လိုချင်တယ်” လို့ပြောပါတယ်။
ဖိုအင်ရွာနေဦးချစ်ပြုံးက “ဖိုအင်ဂူအနီးမှာ ရေပူစမ်း ရေအေးစမ်းတွေက သဘာဝအတိုင်း ရှိနေတယ်။ ဒါတွေက လာတဲ့လူတွေအတွက် ထူးဆန်းမှုတခုပါပဲ။ ရေပူစမ်းကရေကို ချိုးမယ်။ သောက်မယ်ဆိုရင် ရောဂါရှိရင်တောင် ပျောက်ကြတယ်ဆိုတာ ၁၉၉၂ ခုနှစ်လောက်က တပ်ကြပ်ကြီးတယောက်က ပြောခဲ့တယ်။ သူကပဲ အုတ်ပတ်ရေပူကန်လေး လုပ်ပေးခဲ့တယ်။ တောင်ဘက်ဂူကတော့ ကျနော်တို့ငယ်ငယ်ကတည်းက ရှိနေတယ်။ မြောက်ဘက်ဂူကတော့ မနှစ်က နတ်တော်လပြည့်ကျော် ၁၄ ရက်မှာ တွေ့ခဲ့တယ်။ တောင်ဘက်ဂူနဲ့ မြောက်ဘက်ဂူဆက်နေတာပေါ့။ ကျောင်းသားကျောင်းသူတွေ လာကြတယ်။ ရုံးပိတ်ရက်ဆို လာတဲ့လူပိုများတယ်” လို့ ပြောပါတယ်။
ဖိုအင်ဂူကို အလည်လာတဲ့ ဦးခင်မောင်ဦးက “မြို့ပြမှာမရနိုင်တဲ့ ခံစားမှုတွေရတယ်။ ဖြတ်လာတဲ့လမ်းတလျှောက် စိမ်းစိုနေတယ်။ ဂူကိုရောက်တော့ ပန်းသမျှတွေ လန်းဆန်းလာတယ်။ ရေပူချိုးရတာ တကိုယ်လုံးပေါ့သွားတာပဲ” လို့ ပြောပါတယ်။
ဖွတ်ကြီးနေတဲ့ တွင်းနဲ့ အဲဖွတ်ကြီး ရေသုံးတဲ့ အင်းရှိတယ်။ အဲဒီအင်းထဲရေသုံးပြီး ဂူထဲမှာ တရားထိုင်တယ်။ ဖွတ်အင်းရွာကနေ ကာလရွေ့လျားပြီး ဖိုးအင်ရွာ ဖြစ်လာတယ်ဆိုတာ ရွာက လူကြီးတွေစကားက တဆင့် သိရပါတယ်။
ဖိုအင်ဂူနဲ့ရေပူစမ်းကို ၂၀၁၆ ခုနှစ်ကစပြီး လူသိများလာပါတယ်။ ဖိုးအင်ဂူ အစမှအဆုံး သွားမယ်ဆိုရင် ၁ နာရီကြာကြာသွားမှ ဂူတဖက်ထိပ်ကို ရောက်တယ်လို့ ဆိုပါတယ်။
ရှမ်းရိုးမတောင်တန်းပေါ်မှာ တည်ရှိပြီး မြစ်သားမြို့နယ်နဲ့ ရွာငံမြို့နယ်အစပ်မှာ ရှိနေတာပါ။ ဖိုအင်ရွာက အိမ်ထောင်စု ၁၀၀ ကျော်၊ လူဦးရေ ၅၀၀ လောက် ရှိတယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)











