ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ဒေသခံအရပ်သားစောင့်ကြည့်သူများအဖွဲ့ ဖွဲ့မည်

ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ဒေသခံအရပ်သားစောင့်ကြည့်သူများအဖွဲ့ကို ဖွဲ့စည်းဖို့ မနေ့က ကျင်းပပြီးစီးသွားတဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။
JMC-U ရဲ့ ၁၅ ကြိမ်မြောက် အစည်းအဝေးကို မတ် ၂၁ ရက် မှ ၂၃ ရက်အထိ ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ ပြုလုပ်ခဲ့တယ်လို့ ပြန်ကြားရေး သတင်းမှာ ဖော်ပြထားပါတယ်။
JMC-U အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီးဝဏ္ဏအောင်က “ဒီနေ့ တတိယမြောက်နေ့မှာ ဆက်လက်ဆွေးနွေးဖြစ်တာကတော့ ဒေသခံ အရပ်သားစောင့်ကြည့်သူများ (LCM) တွေ ဖွဲ့စည်းနိုင်ရေးကို ဆွေးနွေးဖြစ်ပါတယ်။ LCM တွေဖွဲ့စည်းဖို့ကို တိုင်းဒေသကြီးနဲ့ပြည်နယ်အဆင့် JMC-S ရုံးတွေက စတင်ဆောင်ရွက်ရမှာပါ။ သူတို့အနေနဲ့ ဘယ်လိုဆက်လက် ဆောင်ရွက်မလဲဆိုတာကို သူတို့ ဘာသာ လိုအပ်ချက်အရ ညှိနှိုင်းပြီး အခြေအနေကို JMC-U ကို ပြန်တင်ပြရမှာပါ၊ ဒီညှိနှိုင်းတင်ပြချက်တွေ အပေါ်မှာ JMC-U က သဘောတူတယ်ဆိုရင်တော့ ဆက်ပြီးဆောင်ရွက်သွားရုံပါပဲ၊ ဒီလိုစတင်ရမယ့် ကိစ္စတွေကို ဆက်လက်ဆွေးနွေးဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒေသအဆင့် JMC-L ရုံးကိုလည်း တပ်မတော်အနေနဲ့ရော အစိုးရဘက်ကပါ လုပ်ငန်းတာဝန်တွေ၊ အသုံးဝင်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာရှိပေမယ့် အသစ်ဖွဲ့စည်းဖို့တော့ ဆက်လက် ညှိနှိုင်းသွားရမယ်လို့ သူက ပြောပါတယ်။
JMC အတွင်းရေးမှူး ၁ ဒေါက်တာရွှေခါးရ်က “ဒေသခံအရပ်သားစောင့်ကြည့်သူများ (LCM) ကို ရပ်ရွာ ရပ်ကွက်တခုမှာ အများဆုံး ငါးဦးပေါ့။ ဒါကို အရပ်သားကိုယ်စားလှယ်ကနေပဲ တိတ်တဆိတ် ရွေးချယ်ရမယ်။ အဲဒီလို ရွေးချယ်နိုင်အောင် JMC-L ကနေ ကမကထ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ပြည်သူက ရွေးချယ်တဲ့ အရပ်သား ကိုယ်စားလှယ်ကပဲ စောင့်ကြည့်ရမှာပါ၊ ဒါပေမဲ့ အရည်အချင်းတော့ သတ်မှတ်ထားတာရှိပါတယ်” လို့ ပြောပါတယ်။
ဒေသအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-L တွေကို အစက တနှစ်အတွင်းမှာ ၁ဝ ခု ဖွင့်နိုင်အောင် ဆိုပေမယ့် လက်ရှိအချိန်ထိ နှစ်ခုပဲ ဖွင့်နိုင်သေးတယ်လို့လည်း သူက ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ညီလာခံ (JMC Conference) ကို လာမယ့် မေလ ဒုတိယပတ်မှာ ပြုလုပ်ဖို့ ဒီအစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ပါတယ်။











