
လှိုင်မြို့နယ်အတွင်း ဖမ်းဆီးရမိတဲ့ နိုင်ငံခြားအရက်မျိုးစုံအတု ပြုလုပ်မှုမှ ပြစ်မှုကျူးလွန်သူတွေကို စစ်ဆေးရာမှ အရက်အတုရောင်းချသူတွေကို ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါတယ်။
မတ် ၂၃ ရက်နေ့ နေ့လယ် ၃ နာရီအချိန် လှိုင်မြို့နယ်၊ ပိတောက်ချောင်း နယ်မြေရဲစခန်းမှူးနဲ့အဖွဲ့ဟာ အမှတ် (၅) ရပ်ကွက်၊ ရတနာပုံ (၃) လမ်း၊ ခြံအမှတ်(၅၀)နေ ဦးတင်ထွန်း နေအိမ်ကို ၀င်ရောက်ရှာဖွေရာ နိုင်ငံခြားဖြစ်အရက်မျိုးစုံ (၁၃၆) ဖာနဲ့ ဆက်စပ်ပစ္စည်း တွေကို ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဦးတင်ထွန်းကို ထပ်မံစစ်ဆေးရာ အရက်တုတွေကို မန္တလေးမြို့နေ ဒေါ်မာမာဦးထံ အဝေးပြေးကားဂိတ်မှတဆင့် အကြိမ်ကြိမ်ပေးပို့ရောင်းချခဲ့ပြီး လှိုင်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ဘူတာရုံလမ်းရှိ သင်္ဂီစတိုးဆိုင်နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ မင်္ဂလာမွန်ဈေးမြေညီထပ်၊ ဆိုင်အမှတ် ၄ ရှိ ကိုထွန်းအောင်ရဲ့ စားသောက်ကုန်နဲ့ အဖျော်ယမကာ ရောင်းဝယ်ရေးဆိုင်တွေကို ရောင်းချခဲ့တယ်လို့ ထပ်မံသိရပါတယ်။
အရက်အတု ရောင်းချသူတွေကို သက်ဆိုင်ရာ ရဲစခန်းအသီးသီးမှာ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။











