DVB Logo
Home
မြန်မာသတင်း
အစာငတ်ခံဆန္ဒပြအလုပ်သမားများကို အလုပ်ရှင် လိုက်လျော
DVB
·
May 29, 2012
အစာငတ်ခံဆန္ဒပြအလုပ်သမားများကို အလုပ်ရှင် လိုက်လျော
1 / 2
Donate to DVB

ရန်ကုန်တိုင်းမှာ အစာငတ်ခံဆန္ဒပြခဲ့ကြတဲ့ သံမဏိစက်ရုံ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို အလုပ်ရှင်က လိုက်လျောပေးမယ်ဆိုပြီး ဒီနေ့မနက် ကတိပေးသွားတယ်လို့ သိရပါတယ်။

ဒါကြောင့် အခြေခံလစာတိုးပေးဖို့ ၁၀ ရက်ကြာ ဆန္ဒပြနေတဲ့ မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်၊ Yangon Crown သံမဏိ စက်ရုံက အလုပ်သမားတွေ  မနက်ဖြန်မှာ အလုပ်ပြန်ဆင်းမယ်လို့ ဆန္ဒပြ အလုပ်သမားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုနော်အောင်က ပြောပါတယ်။

အလုပ်ရှင်နဲ့ ရွှေတိဂုံဘုရားမှာ ညှိနှိုင်းခဲ့တဲ့ အကြောင်းကို ကိုနော်အောင်က အခုလို ပြောပြပါတယ်။

“သူဌေးနဲ့ ရွှေတိဂုံ အောင်မြေမှာ ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ ကျနော်တို့ တောင်းဆိုချက်တွေကို အကုန်လုံးလုပ်ပေးပါမယ်တဲ့။ ပိုင်ရှင်နဲ့ အလုပ်သမားပဲ ကြားထဲမှာ ဘယ်သူမှ မပါဘူး။ ပထမတော့ စက်ရုံအတွက် တောင်းဆိုတာပဲ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ တောင်းဆိုချက်ကို ဘယ်သူမှ အလေးမထားဘူး။ ကျနော်တို့အလုပ်သမားတွေကလည်း သူဌေးတွေ၊ အာဏာရှိသူတွေနဲ့ တန်းတူပဲ ဆိုတာကို ပြစေချင်တဲ့ စိတ်တွေပေါ်လာပါတယ်။ ဒါကြောင့် အစာငတ်ခံဖို့ ဆုံးဖြတ်လိုက်တာပါ။ နောက်ဆုံး သူတို့ဘက်ကလည်း လိုက်လိုက်လျောလျောနဲ့ လုပ်လာတော့ ကျနော်တို့ဘက်က ကြိုးစားရကျိုး တန်တယ်လို့ ထင်ပါတယ်။”

မနေ့ကအထိ အစာငတ်ခံဆန္ဒပြနေတဲ့ အလုပ်သမားတွေကို အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်ရုံနဲ့ အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်တို့ လာရောက်ဆွေးနွေးခဲ့ပေမယ့် အခြေခံလစာ တိုးပေးရေးနဲ့ ပတ်သက်လို့ သဘောတူညီချက် မရခဲ့ဘူးလို့ သိရပါတယ်။

ဒီနေ့မနက်မှာ အလုပ်သမားတွေနဲ့ လာတွေ့တဲ့ အလုပ်ရှင်က အစာငတ်ခံတဲ့အထိ ဖြစ်ခဲ့တဲ့ ဆန္ဒပြနေတာတွေကို သူလုံးဝမသိတဲ့ အကြောင်း၊ အစာငတ်ခံ ဆန္ဒပြမှုအတွင်းမှာ ကျန်းမာရေး ချို့တဲ့သွားသူ အမျိုးသား ၄ ဦးကိုလည်း ဆေးရုံတင်ဖို့ စီစဉ်ပေးတယ်လို့ အလုပ်သမားခေါင်းဆောင် ကိုနော်အောင်က ပြောပါတယ်။
“အာရှတော်ဝင်ကို လူနာတွေအကုန်ကို ပို့ပေးလိုက်ပါလို့ ပြောတယ်။ လူနာက ၄ ယောက်ရှိတယ်။ အဓိကတော့ အားနည်းတာပေါ့။ နောက်တယောက်က ၀မ်းသွား သွေးပါဖြစ်တာ၊ နောက်တယောက်က အစာအိမ်ဖြစ်နေတယ်။”
နာရီ ၈၀ ကျော်ကြာ အစာငတ်ခံ ဆန္ဒပြသူ ၄၀ ကျော်ရှိခဲ့ပြီး ဒီနေ့ ဆေးရုံတင်ရမယ့် လူ ၄ ယောက်က လွဲလို့ ကျန်တဲ့ အလုပ်သမားတွေရဲ့ ကျန်းမာရေး စိုးရိမ်စရာ မရှိတော့ဘူးလို့ ကိုနော်အောင်က ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း Yangon Crown သံမဏိ စက်ရုံအပါအ၀င် ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်တွင် Hi-Mo နှင့် Hi Art စက်ရုံ ၂ ခု အပါအဝင် စက်ရုံပေါင်း တဒါဇင်လောက်မှာ အခြေခံလစာ တိုးမြှင့်ရရှိရေးနဲ့ အလုပ်သမား အခွင့်အရေး တောင်းဆို ဆန္ဒပြတာတွေ တပြိုင်တည်း ဖြစ်ပွားနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013