DVB Logo
Home
မြန်မာသတင်း

ရုပ်ရှင်ပညာကို ကျမ အများကြီးတန်ဖိုးထားတယ် - ဒေါ်အောင်ဆန်းစုကြည်

DVB
·
March 24, 2018
ရုပ်ရှင်ပညာကို ကျမ အများကြီးတန်ဖိုးထားတယ် - ဒေါ်အောင်ဆန်းစုကြည်
Donate to DVB

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို မနေ့ညနေပိုင်းက ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ၊ MEP (Myanmar Event Park) မှာ ကျင်းပခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။

မိန့်ခွန်းအပြည့်အစုံ ဖတ်ရှုရန်

ယနေ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို ကြွရောက်လာကြတဲ့ ပရိသတ်အားလုံးကို ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့ရင်းနဲ့ နှုတ်ခွန်းဆက်ပါတယ်။ ကျမဒီအခမ်းအနားကို တက်ရတဲ့ အကြောင်းလေးက ရိုးရိုးလေးပါပဲ။ ကျမတို့ကို အများကြီး ကူညီခဲ့တဲ့ တချို့ရုပ်ရှင်သရုပ်ဆောင်တွေက ကျမတို့က အစိုးရဖြစ်မှ သူတို့ကိုပစ်ထားတယ်လို့ ပြောတယ်ဆိုတာ ကျမကြားရပါတယ်။ အဲဒီတော့ ပစ်ထားတာမဟုတ်ပါဘူးဆိုတာ ပြချင်လို့ ကျမ တက်တာပါ။ အချိန်အရ၊ အလုပ်တွေအရသာ ကျမဒီဘက်ကို လှည့်မကြည့်ဖြစ်တာပါ။ ရုပ်ရှင်ပညာကို ကျမ အများကြီးတန်ဖိုးထားတယ်။

ရုပ်ရှင်လောကဟာ ကျမတို့ နိုင်ငံအတွက် အမျိုးမျိုးဘက်စုံကနေ သရုပ်ဆောင်နေကြတဲ့ ရုပ်ရှင်သရုပ်ဆောင်များ၊ ရုပ်ရှင်အနုပညာရှင်များ အားလုံးကို ကျမတန်ဖိုးထားပါတယ်ဆိုတာ ကျမဒီနေရာကနေ ပြောချင်ပါတယ်။ ကျမတို့နိုင်ငံကို အင်မတန်မှ တိုးတက်စေချင်တယ်၊ ဖွံ့ဖြိုးစေချင်တယ်၊ ငြိမ်းချမ်းစေချင်တယ်။ တနေ့ထက်တနေ့ ကမ္ဘာ့အလယ်မှာ တင့်တယ်တဲ့ နိုင်ငံကြီးဖြစ်လာစေချင်တယ်။ ကျမတို့ရဲ့ ပြည်ထောင်စုဟာ ကမ္ဘာ့မှာ တခြားလူတွေက တအံ့တသြချီးမွမ်းရတဲ့ ပြည်ထောင်စုမျိုး၊ အင်မတန်မှ ငြိမ်းချမ်းတယ်၊ အင်မတန်မှ ပြည်သူတွေ ညီညွှတ်တယ်၊ တိုးတက်တယ်ဆိုတဲ့ ပြည်ထောင်စုမျိုးဖြစ်စေချင်တယ်။ ဒီလိုဖြစ်ဖို့အတွက် ကျမတို့ ရုန်းကန်တဲ့အခါမှာ စိန်ခေါ်မှုတွေ အများကြီးကို ရင်ဆိုင်ရတယ်ဆိုတာ ကျမတို့ရဲ့ ပြည်သူပြည်သားများ အားလုံးသိပြီးသားပါပဲ။

ဒီတော့ ကျမတို့ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားဖို့ဆိုရင် အားလုံးအတူတူ ဝိုင်းပြီး ရုန်းဖို့ လိုပါတယ်။ အခုဆိုရင် ဖျော်ဖြေရေးလောကကို တချို့ကနေပြီး Soft Power အပျော့အင်အားလို့ဆိုပြီး ပြောတာရှိပါတယ်။ အပျော့အင်အား၊ အင်အားပျော့ဆိုတာထက် ကျမ သိမ်မွေ့တဲ့ အင်အားလို့ ဒီလိုမြင်ချင်ပါတယ်။ သိမ်မွေ့တဲ့အင်အားနဲ့ ကျမတို့နိုင်ငံကို ဘယ်လိုကူညီမလဲဆိုတာ ရုပ်ရှင်လောကမှာ ရှိတဲ့ ကျမတို့ရဲ့ ပြည်သူပြည်သားများ အားလုံးစဉ်းစားစေချင်ပါတယ်။ ဘယ်လိုနည်းနဲ့ ကျမတို့နိုင်ငံ ငြိမ်းချမ်းအောင်လို့၊ ညီညွှတ်အောင်လို့၊ တိုးတက်အောင် လုပ်ကြမလဲ။ သိမ်မွေ့တဲ့ အင်အားကို ကျမတို့ ဘယ်လိုသုံးမလဲ။ အင်အားဆိုတာ သုံးတတ်မှ အကျိုးရှိတာပါ။ အင်အားကို အလွဲသုံးစားလုပ်ရင် ထိခိုက်မှုသာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျမတို့ ရုပ်ရှင်လောကက ပြည်သူပြည်သားများ အားလုံးဟာ သိမ်မွေ့တဲ့ ပညာကို သိမ်မွေ့တဲ့ အင်အားဖြစ်အောင်လို့ သုံးစေချင်ပါတယ်။ သိမ်မွေ့တဲ့ အင်အားဆိုတာ အခု ကမ္ဘာကြီးမှာ လောဘ၊ ဒေါသ၊ မောဟတွေက အင်မတန်များတယ်။ ဒါကတော့ ပုထုဇဉ်လူသားများရဲ့ သဘာဝအရ၊ ဒါပေမယ့် အခုခေတ်ကမ္ဘာကြီးမှာ ဒီလိုဒေါသတွေ၊ အမုန်းတရားတွေဟာ ပိုပြီးတော့မှ ပွားနေတယ်ဆိုတာ မြင်ရပါတယ်။

ဒါတွေကို ကျမတို့အနေနဲ့ ဘယ်လိုကြံ့ကြံ့ခိုင်ခံမလဲ၊ ဘယ်လိုကျော်လွှားနိုင်မလဲ။ ကျမတို့နိုင်ငံက တခြားနိုင်ငံတွေနဲ့မတူဘဲ မေတ္တာ၊ ကရုဏာပွားအောင် ဘယ်လိုလုပ်မလဲဆိုတာ ကျမတို့ရဲ့ အနုပညာရှင်များကို စဉ်းစားစေချင်ပါတယ်။ ကျမကတော့ ဆန္ဒရှိရင် လမ်းစပေါ်မှာပဲ။ လုပ်ကို လုပ်လို့ရရမယ်။ ကျမတို့ နိုင်ငံဟာ တခြားနိုင်ငံတွေနဲ့ မတူရဘူး။ တခြားနိုင်ငံတွေထက် ပိုပြီးတော့သိမ်မွေ့ရမယ်။ ကျမတို့ကို ဘယ်လိုပဲ ဝေဖန်ဝေဖန်၊ ဘယ်လိုပဲ တိုက်ခိုက်တိုက်ခိုက်၊ ကျမတို့ရဲ့ တုံ့ပြန်မှုဟာ အဆင့်အတန်းရှိရမယ်၊ မှန်ကန်ရမယ်၊ ယဉ်ကျေးရမယ်၊ ယဉ်ကျေးသိမ် မွေ့မှုအတွက်ဆိုတာ ကျမတို့ရဲ့ အနုပညာရှင်တွေဟာ အင်မတန်မှ အရေးပါပါတယ်။ အခုခေတ်မှာ ရုပ်ရှင်လောကကို လွှမ်းမိုးနိုင်တဲ့ ဖျော်ဖြေရေးကဏ္ဍကတော့ မရှိဘူးလို့ ကျမပြောရင် မမှားဘူး ထင်ပါတယ်။

ဒါကျမ ရုပ်ရှင်လောကက ပရိသတ်ကို ပြောနေလို့ ဒီလိုပြောတာ မဟုတ်ပါဘူး။ တကယ်ပဲ ကျမ ယုံကြည်ချက်အရ ပြောတာပါ။ ရုပ်ရှင်များရဲ့ သြဇာ၊ လူသားများရဲ့ စိတ်အပေါ်မှာ လွှမ်းမိုးမှုက အင်မတန်မှ ကြီးပါတယ်။ အဲဒီဟာက သိမ်မွေ့တဲ့ အင်အားပါပဲ။ သိမ်မွေ့တဲ့ အင်အားကို မှန်မှန်ကန်ကန်သုံးပြီးတော့ ကျမတို့နိုင်ငံအတွက်သာမဟုတ်ဘဲ ကျမတို့ ကမ္ဘာကြီးအတွက်ပါ အကျိုးပြုစေချင်ပါတယ်။ ကျမ စောစောက ပြောသလို အရင်တုန်းက ကူညီခဲ့တဲ့ ရုပ်ရှင်လောကရဲ့၊ ကျမတို့ရဲ့ သားတွေ၊ သမီးတွေ၊ အကိုတွေ၊ ညီမတွေအားလုံးကို ကျမတို့က လျစ်လျူရှုတယ်လို့ ပြောတာဟာ မဟုတ်ပါဘူးဆိုတဲ့ဟာလည်း ဆက်ချင်ပါတယ်။

ကျမတို့ နိုင်ငံရေးလောကမှာလည်း ယဉ်ကျေးမှုဟာ အင်မတန်မှ အရေးကြီးပါတယ်။ အနုပညာဟာ အင်မတန်မှ အရေးကြီးပါတယ်။ နိုင်ငံရေးလောကမှာ မှန်မှန်ကန်ကန် လှုပ်ရှားဖို့အတွက် အနုပညာရှင်များရဲ့ ပံ့ပိုးမှုဟာ အင်မတန်မှ တန်ဖိုးရှိပါတယ်။ ရိုးရိုးပြောရမယ်ဆိုရင် ကျမတို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို နိုင်ခဲ့တဲ့အထဲမှာ၊ နိုင်အောင် လုပ်ပေးတဲ့အထဲမှာ ရုပ်ရှင်လောကက ကျမတို့ကို ထောက်ခံတဲ့ သားသမီးများရဲ့ ပံ့ပိုးမှုတွေ အများကြီးပါ ပါတယ်။ ဒါကျမတို့ကို လျော့ပြီးတွက်လို့ မရပါဘူး။ ဒါကြောင့် ကျေးဇူးတင်တယ်လို့ ကျမ ပြောချင်ပါတယ်။

ကျမတို့ ကျေးဇူးဆိုတာ မမေ့အပ်ပါဘူး၊ မေ့လည်းမမေ့ပါဘူး။ အဲဒါနဲ့ ပတ်သက်လို့ ကျမတို့ရဲ့ ရုပ်ရှင်လောကမှ သားသမီးများ ပါဝင်တဲ့ အနုပညာရှင်များ အားလုံး စိတ်ချမ်းသာအောင်လို့ အဖြစ်အပျက်လေးတခုကို ပြောချင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဟုတ်တဲ့ တခြားပါတီက ကိုယ်စားလှယ်လောင်းတယောက်က ရွေးကောက်ပွဲပြီးတဲ့အခါကျတော့ ဘယ်လိုပြောသလဲ ဆိုတော့ သူက သူရဲ့ မဲဆန္ဒနယ်ထဲမှာ ရွာလေးတွေ လိုက်ဆင်းတယ်ပေါ့။ ရွာလေးတွေ လိုက်ဆင်းတော့ ရွေးကောက်ပွဲမတိုင်မီ နှစ်ပတ်လောက်မှာ ရွာအသေးဆုံးလေးမှာတောင်မှ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဗွီဒီယိုအခွေကို တွေ့တဲ့အခါကျတော့ ငါတို့တော့ ရှုံးပြီဆိုတာ သိတယ်လို့ သူက ပြောပါတယ်။ အဲဒါက ရုပ်ရှင်လောကရဲ့ သြဇာကို ဖော်ပြတာပါ။ ဒီအခွေလေးက ရွာလေးတွေအထိ ရောက်နေပြီဆိုရင်တော့ ဘယ်လောက် အနုပညာရဲ့ သြဇာဟာ လွှမ်းမိုးသွားမလဲ၊ နိုင်ငံရေးအတွက် ဘယ်လောက် ပံ့ပိုးမှုရှိသွားမလဲဆိုတာကို ဒါဟာ သက်သေထူတာဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်လောကက အနုပညာရှင်များဟာ ကျမတို့ နိုင်ငံရဲ့ သားသမီးများပဲ။ နိုင်ငံ့သားသမီးများဟာ နိုင်ငံကို တတ်နိုင်တဲ့ ဘက်ကနေ ပံ့ပိုးရမယ်။ သားသမီးများက မိဘကို ပံ့ပိုးသလို၊ နိုင်ငံကလည်း ပြန်ပြီးတော့ သားသမီးများကို ပံ့ပိုးသလို ကျမတို့ရဲ့ ရုပ်ရှင်လောကအနုပညာရှင်များကို ပံ့ပိုးဖို့လိုပါတယ်။

ဖွင့်ပွဲကို ကျွန်မ မလာခင်မှာ ဆရာဇင်ဝိုင်းနဲ့ တခြားရုပ်ရှင်လောကမှ ပုဂ္ဂိုလ်များနဲ့ ဆွေးနွေးတဲ့အခါမှာ ကျမတို့ ဘယ်လောက် မြန်မာနိုင်ငံရဲ့ ရုပ်ရှင်ပညာ တိုးတက်အောင်လို့၊ ရုပ်ရှင်အဆင့်အတန်းတိုးတက်အောင်လို့ အစိုးရအနေနဲ့၊ နိုင်ငံတော်အနေနဲ့ ကူဖို့ လိုသေးတယ်ဆိုတာ ကျမ သဘောပေါက်ပါတယ်။ အဲဒါလည်း ကျမ တတ်နိုင်သမျှ လုပ်ပါမယ်ဆိုတာ ကျမ ရဲရဲဝံ့ဝံ့ ပြောပါတယ်။ ကျမတို့ဟာ နည်းပညာအရ၊ အရည်အချင်းအရ လိုအပ်တဲ့ ပစ္စည်းပစ္စယ အရာအားလုံး တတ်နိုင်တဲ့ဘက်ကနေ ပံ့ပိုးပေးပါ့မယ်။ တခါတည်းမှာပဲ ကျမတို့ရဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများကိုလည်း ကျမအနေနဲ့ မေတ္တာရပ်ခံပါရစေ။ ရုပ်ရှင်လောကကို အားပေးကြပါ။ အားပေးတဲ့အခါမှာ အကျိုးအမြတ်မဟုတ်ဘဲ နိုင်ငံ့အတွက်ဆိုတဲ့ စိတ်နဲ့ အားပေးကြပါလို့ ကျမ မေတ္တာရပ်ခံချင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ နိုင်ငံဟာ မချမ်းသာသေးဘူး။ မချမ်းသာသေးဘူးလို့ ပြောတာနော်။ တနေ့တချိန်တခါမှာ ချမ်းသာရမယ်လို့ တကယ့်ကို ယုံကြည်ပါတယ်။ မချမ်းသာသေးတဲ့အချိန်မှာ နိုင်ငံ့ရဲ့ ပံ့ပိုးမှုဟာ အတိုင်းအတာတခုပဲ ဖြစ်နိုင်ပါတယ်။ အဲဒီတော့ နိုင်ငံတော်ရဲ့ ပံ့ပိုးမှုပေါ့နော်။ ကျမတို့ရဲ့စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကလည်း ဝိုင်းပြီး ပံ့ပိုးပေးကြပါ။ အကျိုးအမြတ်အတွက်မဟုတ်ဘဲ စေတနာအရ၊ ဝါသနာအရ ပံ့ပိုးပေးကြပါလို့ မေတ္တာရပ်ခံတာ ဖြစ်ပါတယ်။

ကျမတို့ရဲ့ ရုပ်ရှင်လောကမှ အနုပညာရှင်များအားလုံးကိုလည်း အားမငယ်စေချင်ပါဘူး။ ကျမတို့ရဲ့ အနုပညာရှင်တွေရဲ့ အရည်အချင်းဟာ မနည်းပါဘူး။ ကိုယ့်မှာ တတ်နိုင်တဲ့ နည်းလေးတွေနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်နေတယ်ဆိုတာ ကျမနားလည်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှ အောင်မြင်နိုင်မှာပါ။ ကျမတို့ရဲ့ ရုပ်ရှင်လောကက အနုပညာရှင်များ အားလုံးကို ယုံကြည်မှု အပြည့်အဝ ရှိစေချင်ပါတယ်။ ကျမတို့ ရုပ်ရှင်လောကဟာ ကမ္ဘာကို လွှမ်းအောင် မလုပ်နိုင်စရာ ဘာမှမရှိပါဘူး။ တခြားအရှေ့တိုင်းက တချို့နိုင်ငံတွေက ဒီသူတို့ကတော့ ပြောရမယ်ဆိုရင် Entertainment Industry ပေါ့။ ဖျော်ဖြေရေး လုပ်ငန်းတွေဟာ ဘယ်လောက်အောင်မြင်သလဲဆိုတာ အားလုံးသိပြီးသား ဖြစ်ပါတယ်။ ကျမတို့လည်း ဒီလိုပဲ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ အဲဒီတော့ ဒီဖျော်ဖြေရေး လုပ်ငန်းတွေကတဆင့် ကျမတို့ရဲ့ ယဉ်ကျေးမှု၊ ကျမတို့ရဲ့ မျှော်လင့်ချက်တွေကို ကမ္ဘာသိအောင်လို့၊ ကမ္ဘာကနေ နားလည်လေးစားအောင်လို့ လုပ်နိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိပါတယ်။ အဲဒီလိုလုပ်ပေးနိုင်မယ်ဆိုရင် ဒါကျမတို့ နိုင်ငံကို တကယ့်ကို အခုခေတ်အတွက် မဟုတ်ဘူး၊ ခေတ်အဆက်ဆက်အတွက် ပံ့ပိုးရာ ရောက်ပါလိမ့်မယ်။

ကျမတို့ နောင်မျိုးဆက်တွေကလည်း ဂုဏ်ယူနိုင်အောင်လို့၊ နောင်မျိုးဆက်တွေ တဆက်ပြီး တဆက်၊ ကျမတို့ နိုင်ငံရဲ့ ယဉ်ကျေးမှုကို ကမ္ဘာကြီးက လေးစားအောင်လို့ ဘယ်တုန်းကနေပြီးတော့ ကျမတို့ရဲ့ ရုပ်ရှင်ပညာရှင်များက စပြီးလုပ်ခဲ့တယ်ဆိုတာ စဉ်းစားပြီး ဂုဏ်ယူနိုင်အောင်လို့ ကြိုးစားစေချင်ပါတယ်။ ဒီလို ကြိုးစားရင် အောင်မြင်မယ်လို့လည်း ကျမယုံကြည်ပါတယ်။ နိုင်ငံတော်ကလည်း ပံ့ပိုးမယ်၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများကလည်း ပံ့ပိုးမယ်၊ ကျမတို့ ပြည်သူပြည်သားများကလည်း ဝိုင်းပြီးတော့ ပံ့ပိုးဖို့ လိုပါတယ်။ ပြည်သူပြည်သားတွေကလည်း ဝိုင်းပြီးတော့ ပံ့ပိုးဖို့ အဆင်သင့်လို့ ယုံကြည်ပါတယ်။ ကျမတို့ရဲ့ ပြည်သူ ပြည်သားတွေဟာ ရုပ်ရှင်သရုပ်ဆောင်တွေကိုဆိုရင် အင်မတန်မှ ချစ်ခင်ကြပါတယ်။ ချစ်ခင်ကြတယ်၊ လေးစားကြတယ်၊ တန်ဖိုးထားကြတယ်၊ စံနမူနာအနေနဲ့ ကြည့်ကြတာရှိတယ်။

ဒါကြောင့်မို့ ကျမတို့ရဲ့ ရုပ်ရှင်သရုပ်ဆောင်တွေကလည်း စံနမူနာထား လောက်အောင်လို့တော့ ဖြစ်စေချင်ပါတယ်။ ဒါဟာ ကျမ ဒီလိုပြောခြင်းအားဖြင့် ကျမက ရှေးရိုးဆန်ဆန်နေရမယ်လို့ ပြောတာမဟုတ်ပါဘူး။ ခေတ်နဲ့အညီ ကျမတို့ အားလုံးပြောင်းရမယ်။ ဒါပေမယ့် ခေတ်နဲ့အညီပြောင်းတဲ့အခါ ကျမတို့ဟာ အဆင့်ရှိရှိနဲ့ ပြောင်းဖို့လိုပါတယ်။ ခေတ်နဲ့အညီပြောင်းကြပါ။ ရှေးကအတိုင်း ဘယ်လိုမှ ဆက်ပြီးတော့ နေလို့မရပါဘူး။ အဲဒီလိုပြောင်းတဲ့အခါမှာ အဆင့်မြင့်မြင့်ပြောင်းကြပါ။ ကိုယ်ကနေပြီးတော့ ဦးဆောင်လမ်းပြတဲ့ လူအနေနဲ့ ပြောင်းကြပါ။ သူများတွေ နောက်လိုက်ပြီးတော့ ကောင်းတာမကောင်းတာ မဆင်မခြင်ဘဲနဲ့ လိုက်လုပ်တဲ့ ပုဂ္ဂိုလ်များအနေနဲ့ မပြောင်းကြပါနဲ့လို့ ကျမ တိုက်တွန်းချင်ပါတယ်။

ကျမတို့ အားလုံးမှာ အရည်အချင်းရှိပါတယ်။ ပြောင်းရဲတဲ့သတ္တိရှိရမယ်။ ပြောင်းတတ်တဲ့ ပညာရှိရမယ်။ ကျမတို့သည် ပြောင်းလဲခြင်းနဲ့ ကျမတို့ နိုင်ငံကို အကျိုးပြုစေချင်တဲ့ စိတ်ဓာတ်တွေနဲ့လည်း ပြည်ဝဖို့လိုပါတယ်။ အဲဒီတော့ ကျမတို့ ပြောင်းလဲချိန်တန်ပြီဆိုတာ တကယ်တော့ ပြောင်းလဲချိန်က ဘယ်တော့လဲဆိုတော့ နေ့တိုင်းပါပဲ။ နေ့တိုင်းနေ့တိုင်း ကျမတို့လောကကြီးဟာ ပြောင်းလဲနေပါတယ်။ ကျမတို့က ဒီလောကကြီးနဲ့ လိုက်လျောညီထွေဖြစ်အောင်လို့ နေ့တိုင်းနေ့တိုင်း ပြောင်းလဲဖို့လိုပါတယ်။ မှန်ကန်တဲ့ ပြောင်းလဲမှုဖြစ်ဖို့သာ အရေးကြီးတာပါ။

ကျမ အခုလို ရုပ်ရှင်လောကက ကျမတို့ရဲ့၊ နိုင်ငံရဲ့ သားသမီးများနဲ့ တွေ့ရတဲ့အခါမှာ ငယ်ငယ်တုန်းက ကြည့်ခဲ့တဲ့ ရုပ်ရှင်တွေကိုလည်း ပြန်ပြီးတော့ သတိရပါတယ်။ အဲဒီတုန်းကဆိုရင် အင်မတန်မှ ကျမတို့ရဲ့ ရုပ်ရှင်အဆင့်အတန်းဟာ မြင့်တယ်လို့ပဲ ဒီလိုပဲသတ်မှတ်ပါတယ်။ နိုင်ငံခြားကလာတဲ့ ရုပ်ရှင်တွေနဲ့ တန်းတူညီတူ ကျမတို့ တန်ဖိုးထားခဲ့ပါတယ်။ အခုလည်း ဒီလိုပဲ ကျမတို့ရဲ့ ပြည်သူပြည်သားများဟာ ကျမတို့နိုင်ငံက ထုတ်တဲ့ ရုပ်ရှင်ကားများကို နိုင်ငံခြားက အင်မတန်မှ အကုန်အကျ စရိတ်ခံပြီးတော့ ထုတ်တဲ့ ရုပ်ရှင်ကြီးများနည်းတူ တန်းဖိုးထားတာ၊ နှစ်သက်တာ၊ မြတ်နိုးတာတွေကို ဖြစ်စေချင်ပါတယ်။ ဖြစ်အောင်လည်း လုပ်နိုင်မယ်လို့ ကျမတို့ ယုံကြည်ပါတယ်။

ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်မတို့ ပြည်သူပြည်သားတွေက မှန်ကန်တဲ့လမ်းကို ရောက်အောင်လို့ အနုပညာရှင်များက နေပြီးတော့ မ , စ ရာရောက်ပါလိမ့်မယ်။ တချို့က အနုပညာဆိုတာ အနုပညာအတွက်ပဲ၊ လမ်းမှန်ဖို့၊ သီလရှိဖို့၊ အကျင့်ကောင်းဖို့ တို့ ဒါတွေအတွက် မဟုတ်ဘူးဆိုပြီးတော့ ပြောတဲ့ အနုပညာရှင်တွေလည်း ရှိပါတယ်။ ကျမကတော့ လူလောကကြီးမှာ ဘာမှ ခွဲခြားထားလို့မရဘူး၊ ကိုယ်လုပ်တဲ့ နိစ္စဓူဝ အလုပ်ဟာ အားလုံးနဲ့ ဆက်နွှယ်နေပါတယ်။ အနုပညာဟာ ဘ၀ရဲ့ တခြားကိစ္စရပ်တွေနဲ့ သီးသန့်ထားလို့မရပါဘူး၊ ဆက်နွှယ်နေပါတယ်။ ဒါကြောင့် အားလုံးကို တာဝန်သိစိတ်နဲ့ လုပ်စေချင်ပါတယ်။ ကျမဘ၀မှာ အရေးကြီးဆုံး စကားလုံးတစ်လုံးက ဘာလဲဆိုရင် တာဝန်လို့ပဲ ကျွန်မ ပြောချင်ပါတယ်။

တာဝန်ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ လူတိုင်းလူတိုင်းက ကိုယ့်တာဝန် ကိုယ်ကျေမယ်၊ မိဘများဟာ မိဘတာဝန်ကျေမယ်၊ သားသမီးများဟာ သားသမီး တာဝန်ကျေမယ်၊ ဆရာများဟာ ဆရာတာဝန်ကျေမယ်၊ တပည့်များဟာ တပည့်တာဝန်တွေ ကျေမယ်၊ အနုပညာရှင်များဟာ အနုပညာရှင်ရဲ့ တာဝန်ကျေမယ်၊ ပရိသတ်တွေကလည်း ပရိသတ်တာဝန်ကျေမယ်ဆိုရင် ကျမတို့ရဲ့ နိုင်ငံအတွက် ဘာမှလိုအပ်ချက်ရှိတော့မှာ မဟုတ်ပါဘူး။ တာဝန်ကျေတဲ့ ပြည်သူပြည်သားများနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံဆိုတာဟာ ဘယ်နိုင်ငံမှ ယှဉ်လို့ရမှာ မဟုတ်ပါဘူး။

ယခုခေတ်ကြီးမှာဆိုရင် အခွင့်အရေးကို အများကြီး ပြောကြတယ်။ တာဝန်ကို သိပ်မပြောကြဘူး။ ဒါဟာ ကမ္ဘာမှာဖြစ်နေတဲ့အခြေအနေ၊ ကျမတို့ နိုင်ငံမှာ ထူးထူး ခြားခြား အခွင့်အရေးနဲ့ တာဝန်ကို ညီညီမျှမျှ ထားပြီး လုပ်သွားမယ်ဆိုရင် တခြားနိုင်ငံတွေထက် အများကြီးသာနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာမဟုတ်ပေမယ့်လည်း စိတ်ပိုင်းဆိုင်ရာ အရသာနိုင်တယ်။ စိတ်ပိုင်းဆိုင်ရာအရ သာခြင်းအားဖြင့်လည်း ရုပ်ပိုင်း ဆိုင်ရာအရ တိုးတက်မှုတွေနဲ့ ပိုပြီးတော့ တဆင့်နဲ့တဆင့်တက်လာအောင်လို့လည်း ကျမတို့လုပ်နိုင်ပါတယ်။ ကျမတို့ရဲ့ အနုပညာရှင်များကို ကျမ အခါအခွင့်ကြုံလို့ ပြောခွင့်ဆိုခွင့်ရတယ်ဆိုရင် ဘယ်တော့မဆို ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားဖို့၊ ကိုယ်ရဲ့ပညာကို တန်ဖိုးထားဖို့၊ ကိုယ့်ရဲ့နိုင်ငံကို တန်ဖိုးထားဖို့ တိုက်တွန်းချင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားဖို့က အဓိကပါ၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားနိုင်မှ တခြား သူတွေကိုလည်း တန်ဖိုးထားနိုင်မှာ၊ ကိုယ့်ကိုယ်ကိုယ်တန်ဖိုး ထားပြီးတော့ ကိုယ့်ပညာကို တန်ဖိုးထားနိုင်မှ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို တန်ဖိုးထားနိုင်မှာ၊ ကိုယ့်ပတ်ဝန်းကျင်ကလည်း ကိုယ့်ကိုတန်ဖိုးထားနိုင်မှာ။ ကျမတို့ အားလုံးဟာ ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့ မိခင်ကြီးသဖွယ်ဖြစ်တဲ့ ကိုယ့်ရဲ့နိုင်ငံတော်ကို တန်ဖိုးထားမယ်ဆိုရင် ကျမတို့နိုင်ငံဟာ ဘယ်လို စိန်ခေါ်မှုတွေနဲ့ပဲ ရင်ဆိုင်ရ၊ ရင်ဆိုင်ရ၊ ဘယ်လိုအခက်အခဲတွေပဲ ကျော်လွှားရ၊ ကျော်လွှားရ၊ အားလုံး တညီတညွတ်တည်း ဇွဲနဲ့ သတ္တိနဲ့ အမှန်တရားပေါ်မှာ ရပ်တည်ပြီးတော့ တိုးတက်နိုင်မယ်၊ အောင်မြင်နိုင်မယ်လို့ ကျမတို့ ယုံကြည်ပါတယ်။

ဒါကြောင့် ကျမတို့ မြန်မာ့ရုပ်ရှင်လောကက ပရိသတ်များအားလုံး မြန်မာ့ ရုပ်ရှင်လောကကို အားပေးနေကြတဲ့ ကျမတို့ ပြည်သူ ပြည်သားများအားလုံးဟာ ဒီနေ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား အခါသမယမှာ ကျမတို့ ရုပ်ရှင် လောကထူးချွန်ပါစေ၊ အောင်မြင်ပါစေ၊ ဆတက်ထမ်းပိုးတိုးလို့ တိုးတက်ပါစေလို့ ဆုတောင်း မေတ္တာပို့ကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013