DVB Logo
Home
မြန်မာသတင်း
ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုများရှိပါက အရေးယူမည်ဟုဆို
DVB
·
May 29, 2012
ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုများရှိပါက အရေးယူမည်ဟုဆို
Donate to DVB

ကျောက်မျက် တူးဖော်ရေး လုပ်ငန်းတွေမှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေရင် လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်မယ် လို့ သတ္တုတွင်း ၀န်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

တည်ဆဲကျောက်မျက်ရတနာ ဥပဒေတွေအရ ကျောက်စိမ်း အပါအ၀င် ပတ္တမြား၊ နီလာ၊ ပုလဲ စတဲ့ ကျောက်မျက် တူးဖော် ထုတ်လုပ်ရေးတွေမှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံခွင့် မရှိဘူးလို့ ပြဋ္ဌာန်း ထားတာပါ။

[caption id="attachment_26043" align="alignleft" width="300" caption="ဖားကန့် ကျောက်မျက်တူးဖော်ရေး လုပ်ငန်းခွင်တခု (ဓာတ်ပုံ - ရိုက်တာ)"][/caption]

ဒါကြောင့် ဒီကဏ္ဍတွေမှာ နိုင်ငံခြားသားတွေ အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေရင် တည်ဆဲ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေအရ အရေးယူမယ်လို့ သတ္တုတွင်း ၀န်ကြီးဌာန က ပြောကြားလိုက်တာပါ။

ဒါနဲ့ ပတ်သက်ပြီး သတ္တုတွင်း ၀န်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် နဲ့ ပြောရေးဆိုခွင့် အဖွဲ့ခေါင်းဆောင် ဦးဝင်းထိန်က

“ကျောက်မျက်ရတနာတွေ ကတော့ ပြည်ပ နိုင်ငံတွေကို ထုတ်လုပ်ခွင့် မပေးပါဘူး။ သူတို့ ဒီမှာအချောထည် လုပ်မယ်ဆိုရင် ကိုယ်တို့ပြည်တွင်းမှာ ခွင့်ပြုပေးမယ် လို့ ဆွေးနွေးထား ပါတယ်။ ပြည်တွင်းကုမ္ပဏီထဲမှာ ကျောက်မျက်၊ ကျောက်စိမ်းတူးတာနဲ့ပတ်သက်ပြီး ပေးပါတယ်။ ကျန်တဲ့ နိုင်ငံခြားသား ၀င်တယ်ဆိုတာတော့ ကိုယ်တို့မသိတဲ့ဟာတွေ ဖြစ်ပါလိမ့်မယ်။ ကျန်တာတော့ ပြည်တွင်းကိုပဲ ပေးတာပါ။ စစ်ဆေးတွေ့ရှိခဲ့ရင်တော့ လ၀က ဥပဒေနဲ့ အရေးယူမှာပါ။ ကျန်တာတော့ ပြည်တွင်းလုပ်ငန်းရှင်တွေပဲ ခွင့်ပြုပေးတာဖြစ်ပါတယ်” လို့ ဆိုပါတယ်။

တည်ဆဲဥပဒေတွေမှာ ဒီလိုပြဋ္ဌာန်းချက်တွေရှိနေပေမယ့် လက်တွေ့ ကျောက်မျက်ထုတ်လုပ်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေမှာ (ပြည်ပ) နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်လို့ ဝေဖန်မှုတွေပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြဋ္ဌာန်း ဥပဒေတွေ အတိုင်း ကြပ်မတ် စစ်ဆေးအရေးယူဖို့လည်း တိုင်းရင်းသားကျောက်မျက် လုပ်ငန်းရှင်တွေက တောင်းဆိုနေကြတာပါ။

ကျောက်မျက် လုပ်ငန်းရှင် တဦးက “အဓိကတော့ နာမည်ခံပြီးလုပ်တာပေါ့။ အဲဒါတွေကို ဘယ်လိုမှ သွားတားလို့ မရဘူး။ သူတို့လမ်းလွှဲလုပ်ထားတဲ့သဘောပါ။ ကိုယ်တို့ဝင်စစ်လည်း ဆိုပါစို့၊ တရုတ်သူဌေးက ငါလုပ်တာမဟုတ်ဘူး။ ပိုက်ဆံချေးပေးတာပေါ့။ နာမည်ခံတွေကပဲ လုပ်တယ်ဆိုတဲ့ သဘောပေါ့။ အဲဒါက ဥပဒေ လက်တလုံးခြား လုပ်ထားတာပေါ့။ နာမည်ခံထားတဲ့လူက ဘယ်လောက် ချမ်းသာလို့ ဒီလောက်ကုန်ကျစရိတ်ကို လုပ်နိုင်တာလဲ။ အစိုးရဆီမှာသူယူထားတာ သိန်း ၁ထောင်၊ ၂ထောင်ပဲ၊ သူ့ရင်းနှီးမြုပ်နှံမှုက ဒေါ်လာသန်းချီပြီးရင်းရတာ။ ဒီပိုက်ဆံဘယ်ကရလဲ၊ အဲဒါဆိုရင်တော့ တရားဝင်မဟုတ်ဘူးဆိုတာ ပေါ်လာမယ်။ အဲ့ဒါတွေထိ ပေါ်နိုင်ဖို့အဆင့်ကို လုပ်ရမယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတော့ သတ္တုတွင်း ၀န်ကြီးဌာနကနေ လက်ရှိ ကျင့်သုံးနေဆဲ သတ္တုတွင်းကဏ္ဍ ဥပဒေတွေထဲက မြန်မာ့ သတ္တုတွင်း ဥပဒေ၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ၊ မြန်မာ့ပုလဲလုပ်ငန်းဥပဒေနဲ့ ဆားလုပ်ငန်းဥပဒေတွေဟာ လက်ရှိအခြေအနေတွေနဲ့ ကိုက်ညီမှု မရှိတော့တာကြောင့် ပြင်ဆင်ရေးဆွဲဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဒီလိုပြင်ဆင်ရေးဆွဲဖို့အတွက်လည်း ပညာရပ်ဆိုင်ရာကျွမ်းကျင်သူတွေ၊ အငြိမ်းစားဝန်ထမ်းတွေနဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေအနေနဲ့လည်း အကြံပြုစာတွေ ပေးပို့ဖို့ ဖိတ်ခေါ်ထားတာပါ။

ဒါတွေနဲ့ပတ်သက်ပြီးတော့လည်း သတ္တုတွင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတခုကို လာမယ့် ဇူလိုင် ၂၃ နဲ့ ၂၄ ရက်နေ့တွေမှာ ရန်ကုန်မြို့မှာ ကျင်းပဖို့ရှိနေတယ်လို့လည်း သတ္တုတွင်းဝန်ကြီးဌာနက ဆိုပါတယ်။

ဒီလို ဆွေးနွေး အတည်ပြု ပြဋ္ဌာန်းလာမယ့် သတ္တုတွင်းဆိုင်ရာ ဥပဒေတွေက လက်ရှိဖြစ်ပေါ်နေတဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေ၊ ဒေသခံတွေရဲ့ လူမှုစီးပွား ထိခိုက်မှုတွေ၊ တိုင်းပြည်သယံဇာတ အလေအလွင့် ဖြစ်ပေါ်နေတာတွေအတွက် ဘယ်လောက်အထိ အကာအကွယ်ပေးမယ့် ဥပဒေဖြစ်လာမလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013