DVB Logo
Home
Lead Story
ဘိန်းကျွန်ဘဝ အစတေးခံ ပလောင်လူမျိုးများ
DVB
·
March 23, 2018
ဘိန်းကျွန်ဘဝ အစတေးခံ ပလောင်လူမျိုးများ
Donate to DVB

ဘိန်းစိုက်တောင်သူတွေ ဆိုတာဟာ အခြားလုပ်ငန်းတွေထက် ဝင်ငွေရလမ်း လွယ်တာကြောင့် လုပ်ကိုင်သူတွေရှိပေမယ့် ဘိန်းလုပ်ငန်းတွေနဲ့ ဆင်းရဲသထက် ဆင်းရဲနေပြီး ပြင်ပကမ္ဘာတွေနဲ့ အဆက်အသွယ် ဖြတ်ထားခံရသူတွေလည်း ရှိနေပါတယ်။ အဲဒီနေရာက လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ထဲက ပလောင်ကျေးရွာငယ်လေးတွေ ဖြစ်ပါတယ်။ မိုင်းယော်မြို့နယ် အလှမ်းမဝေးလှပေမယ့် လမ်းပန်းဆက်သွယ်ရေးကြောင့် ပြင်ပကမ္ဘာ ရောက်နေသကဲ့သို့ သူတို့တွေ အဆက်အသွယ် ဖြတ်ထားခံကြရပါတယ်။

အဲဒီရွာအများစုထဲမှ ကျနော်ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ ရွာလေးတရွာ အကြောင်းကို ရေးပြမှာပါ။ အဲဒီရွာလေးက မိုင်းယော်မြို့နားလေး မရောက်ခင် လမ်းမကြီးကနေ လမ်းခွဲသွားပြီး ၈ မိုင်လောက် ခရီးဆက်ရပါတယ်။ ခရီးတလျှောက် ရှမ်းရွာ ၄ ရွာကို ဖြတ်ကျော်ရပါတယ်။ အဲဒီရွာတွေကျော်ရင် လမ်းတွေက ကျောက်တုံးကြီးတွေနဲ့ ဆိုင်ကယ်နဲ့သွားဖို့ပင် တော်ရုံ မကျော်ဖြတ်နိုင်ပါဘူး။ အဲဒါတွေကျော်ဖြတ်ပြီး တအာင်းကျေးရွာဘက် ရောက်ပြီဆိုရင် ပတ်ပတ်လည်က ဘိန်းစိုက်ခင်းတွေကို တွေ့ရမှာပါ။

အိမ်တွေက အိမ်တိုင်ရှည်၊ ထရံတွေနဲ့ သက်ငယ်တွေ မိုးထားပါတယ်။ အချို့အိမ်တွေက တအာင်းရိုးရာဓလေ့အရ အိမ်အရှည်ကြီးလုပ်ပြီး မိသားစု ၄ စု၊ ၅ စု စုပြီး နေကြပါတယ်။ ရွာတွင်းလမ်းတွေကလည်း ကျောက်တုံးအထပ်လိုက်တွေ သူတို့တတွေ မွေးမြူထားကြတဲ့ ဝက်ပိန်ပိန်လေးတွေလည်း လမ်းမပေါ်မှာ ဆော့ကစားနေကြပါတယ်။ သူတို့တွေရဲ့ အိမ်ဘေး ပတ်ဝန်းကျင်တွေမှာလည်း ဝက်ချေးစော်တွေနဲ့ အနံ့တထောင်းထောင်း ဖြစ်နေပါတယ်။

ဒီရာသီက ဘိန်းခြစ်တဲ့ရာသီမို့ ဘိန်းခြံဖြတ်သွားရင် ဘိန်းခြစ်နေတဲ့ ရွာသားတွေရဲ့ အပြုံးလေးတွေကို တွေ့ရမှာပါ။ သူတို့အတွက် ဘိန်းဆိုတာ သာမန် စားသောက်ကုန်တခုကဲ့သို့သာ ဖြစ်နေပြီး သံသယစိတ်တွေ မရှိတာကို တွေ့ရမှာပါ။ အချိန်တန် ဘိန်းစိုက်၊ ဘိန်းခြစ် ပြည်သူ့စစ်နဲ့ လက်နက်ကိုင်တွေကို အခွန်ဆောင်ရုံသာလွဲပြီး သူတို့ခေါင်းထဲမှာ မရှိ။

ဒီညအဖို့တော့ ကျနော်အိပ်ရမယ့်နေရာက ရွာလယ်နားမှာရှိတဲ့ ရွာခံ ဦးအိုက်မောင် (အမည်လွဲ) အိမ် ဖြစ်ပါတယ်။ သူ့မှာမိသားစု ၆ ယောက်ရှိပြီးတော့ ဧကကြီးမားတဲ့ ဘိန်းခြံ ၂ ခြံကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ ဘိန်းခြံကြီး ၂ ခြံ ပိုင်ဆိုင်ထားပေမယ့် အိမ်အစုတ်ကြီးထဲမှာ အဝတ်အစား စုတ်စုတ်ပြတ်ပြတ်တွေ ဝတ်ဆင်ထားပါတယ်။ ဘိန်းခြံကြီး ၂ ခြံ ပိုင်ထားတာတောင် ဘာလို့ ဒီလောက်ထိ မွဲနေကြသလဲ ပါးစပ်ယားပြီး မမေးဘဲ မနေနိုင်တဲ့အဆုံး မေးလိုက်ပါတော့တယ်။ ဘိန်းခြံ ဒီလောက်ပိုင်ဆိုင်တာ ဘာလို့ ဒီလောက် ဆင်းရဲနေကြလဲပေါ့။

မီးဖိုဘေးမှာ ဆေးလိပ်ဖွာရင်း ဦးအိုက်မောင်က “ဘိန်းလုပ်တာ တနှစ်လုံးလုံးမှ ငွေ ၄ သိန်းပဲ ရတာ။ ဆန်က ၂ သောင်းအထက်မှာ ရှိတယ်။ မငတ်ရုံဘဲ နေနေရတာ”  ပလောင်လို ပြောပြပါတယ်။

အကြောင်းအရင်းကို ဆက်မေးကြည့်တော့ ရွာအထိ လာလာဝယ်တဲ့ တရုတ်တွေက ဘိန်းကို ၁ ပိဿာ ၃ သိန်းခွဲနဲ့ ၄ သိန်းကြားသာ ရတဲ့အကြောင်း၊ တနှစ်ပတ်လုံးမှ ဘိန်း ၁ ပိဿာကျော်ကျော်သာ ရရှိကြောင်း ပြောပါတယ်။

“အဲဒီတရုတ်တွေဆီမှ မရောင်းရင် ဘယ်မှာ သွားရောင်းရမလဲ။ ဘိန်းက အကြာကြီးထားရင် ပိဿာချိန်တွေက လျော့တတ်လို့ လာဝယ်ရင် ချက်ချင်း ရောင်းပစ်ရတယ်။ ဒါတွေကလည်း ဟိုးဘိုးဘွားကတည်းက ဒီတိုင်းရှိခဲ့တာပဲလေ” လို့ သူက ဆက်ပြောပါတယ်။

ဟုတ်ပါတယ်။ တရွာလုံးလိုလိုက ဘိန်းစိုက်ပျိုးလာကြတာ ခုမှမဟုတ်ပါဘူး။ ဘိုးဘွားစဉ်ဆက်ကတည်းက စိုက်ပျိုးလာကြတာပါ။ တချိန်တုန်းက မိုင်းယော်မြို့ထဲမှာ ဘိန်းကို သီးရွက်တွေလို ချရောင်းခဲ့ကြတယ်ဆိုတဲ့ ကြားဖူးနားဝစကား အခုမှ ယုံတော့တယ်။ နောက်တခုက ဒီရွာကလူတွေ ဘိန်းဆိုတာ တရားမဝင်ပစ္စည်းဆိုတာ သိပုံ မရကြပါဘူး။ တခါတခါ မင်းတို့ဘက်က ဘိန်းမစိုက်ဘူးလားဆိုပြီး ခဏခဏ မေးကြပါတယ်။ ကျနော်တို့ဘက်က လက်ဖက်ပဲရှိကြောင်း ဘိန်းပင်ဆိုတာ အခုမှ မြင်ဖူးကြောင်း ပြောတော့ သူတို့တွေ အံ့သြမဆုံး ဖြစ်နေကြပါတယ်။

ဒီဘက်ဒေသတွေမှာ လက်နက်ကိုင်တွေ မရှိကြဘူးလား မေးကြည့်တော့ သူ့မိန်းမက ထမင်းချက်တန်းလန်းနဲ့ “ရှိတယ်လေ။ ပြည်သူ့စစ်နဲ့ ရှမ်းစစ်သားတွေ ရှိတယ်။ သူတို့ကိုတောင် ဘိန်းအခွန် ပေးဆောင်ရတယ်။ ဘိန်းခြစ်ရင် သူတို့ပို့လာတဲ့စာ ရောက်လာတယ်။ ပြီးတော့ ရွာသားတွေခြံ လိုက်ကြည့်တယ်။ ဘယ်သူက ဘယ်လောက် ပေးသင့်တယ်ပေါ့။ အခုဒီနှစ် ကျမတို့ ဘိန်း ၈ ကျပ်သားလောက် အခွန်ဆောင်ရမှာ” လို့ ကြားဖြတ်ဝင်ပြောပါတယ်။

မိုင်းယော်ဒေသမှာ မန်ပန်ပြည်သူ့စစ်နဲ့ SSPP တို့ လှုပ်ရှားနယ်မြေတွေ ဖြစ်ပြီး ရံဖန်ရံခါ ပလောင်စစ်သားတွေလည်း ရောက်လာကြတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ ဒီလိုနဲ့ ရွာထဲလျှောက်လည်ရင်း ရွာသားတွေကို စပ်စုကြည့်တော့ ပြည်သူ့စစ်နဲ့ ရှမ်းစစ်သားတွေကို ဘိန်းတင်မက တနှစ်စာအတွက်ဆိုပြီး ဆန်တွေလည်း တောင်းတယ်လို့ ရွာသားတွေက ပြောပါတယ်။ ဒါ့အပြင် အဲဒီပြည်သူ့စစ်နဲ့ ရှမ်းစစ်သားတို့ရဲ့ စစ်သားစုဆောင်းခြင်း ခံရတာတွေလည်း မနည်းမနော ရှိနေပါတယ်။

ဒီဘက်တကြောလုံးက ဘိန်းစိုက်ခြင်းဟာ အလုပ်မဖြစ်ပေမယ့် လက်ရှိအခြေအနေကို ကြည့်ရင်တော့ ရွာသားတွေက ဘိန်းစိုက်လုပ်ငန်းကို ရပ်နားဖို့ မရှိပါဘူး။ အကြောင်းအရင်းကတော့ အခြား ပြောင်းဖူး၊ ဆန်တွေကလည်း ဈေးကွက်မရှိကြပါဘူး။ ၃ ရက်လောက် အချိန်ပေးလုပ်ရတဲ့ ပြောင်းဖူးတအိတ်လုံးမှ ငွေကျပ် ၄၀၀ ဈေးသာ ရကြပါတယ်။ ဒါကြောင့်လည်း ပြောင်းဖူးကို ဝက်ကျွေးဖို့နဲ့ ဆန်ကို စားဖို့လောက်သာ ဘိန်းရာသီပြီးရင် စိုက်ကြပါတယ်။ သူတို့တွေဟာ ပလောင်စကားနဲ့ ရှမ်းစကားသာ တတ်ကြတဲ့ သူတို့တွေဟာ မြို့ထဲက ဈေးကွက်ကို ဝင်မတိုးကြပါဘူး။ အသိပညာကလည်း နည်းပါးတော့ ပိုဆိုးပါတယ်။

အခြားဒေသက လူတွေက နိုင်ငံခြားတွေမှာ ခရီးထွက်ကြပေမယ့် ဒီဘက်တကြောကတော့ ရွာထဲကနေ ခြေမဆန့်ကြပါဘူး။ ဗဟုသုတကလည်း မရှိသလောက်ဖြစ်နေပြီး ဘယ်လောက်ထိ ဆိုးရွာလဲဆိုတာ သူတို့မွေးကတည်းက စာသင်ကျောင်းဆိုတာ မမြင်ဖူးခဲ့ကြပါဘူး။ ပညာရေးဆိုတာ ဘယ်လိုအသီး၊ ဘယ်လိုအပင် တောင်သူတို့တတွေ မသိပါဘူး။ ဒီအတွက်ကြောင့်လည်း ဆင်းရဲမွဲတေခြင်းကနေ သူတို့တွေ မရုန်းထွက်နိုင်တဲ့ အကြောင်းအရင်းတခုပါပဲ။

ဦးအိုက်မောင်မှာ သားသမီး ၆ ယောက် ရှိပါတယ်။ သားအကြီးဆုံးကတော့ မိန်းမရသွားပြီးတော့ ကျန်ကလေးတွေကို ဘိန်းလုပ်ငန်း လုပ်ကိုင်တာတွေ ရုန်းထွက်စေချင်ပြီလို့ ပြောပါတယ်။ ဒါပေမယ့် ဒီအတွေးတွေက မိုက်ရူးရဲဆန်လှပြီး ဒီဘဝအခြေအနေနဲ့ မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးနဲ့ သက်ပြင်း ထပ်ခါချပါတယ်။

မှန်ပါတယ်။ ဒီလိုအတွေး ဒီလိုစိတ်ကူး ဘယ်သူကမှ ဒီပတ်ဝန်းကျင်က ကျေးရွာတွေအားလုံး တွေးမိမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ကမ္ဘာ ဘိန်းကမ္ဘာနယ်မြေတွေ ဖြစ်ပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ထားသကဲ့သို့ ဖြစ်နေတာကြောင့် ဖြစ်ပါတယ်။

မိုင်းအနိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013