DVB Logo
Home
မြန်မာသတင်း
ရဲနှင့်စရဖ လောင်းကစားကြေးကောက်နေဟု လွှတ်တော်အမတ် ဆွေးနွေးမှု နယ်လုံဝန်ကြီး ကန့်ကွက်
DVB
·
March 23, 2018
ရဲနှင့်စရဖ လောင်းကစားကြေးကောက်နေဟု လွှတ်တော်အမတ် ဆွေးနွေးမှု နယ်လုံဝန်ကြီး ကန့်ကွက်
Donate to DVB

ရဲတပ်ဖွဲ့နဲ့ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့(စရဖ)တွေ လောင်းကစား လိုင်းကြေး ကောက်ခံနေကြောင်း လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ ဆွေးနွေးမှုကို နယ်လုံဝန်ကြီးက ကန့်ကွက်လိုက်ပါတယ်။

လောင်းကစားဝိုင်းတွေနဲ့ လောင်းကစားဒိုင်တွေကို ဥပဒေနဲ့အညီ တင်းကျပ်စွာ တာဆီးပိတ်ပင်ပေးဖို့ အဆိုနဲ့ပတ်သက်ပြီး မတ်လ ၂၂ ရက်နေ့ ကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှာ ဓနုဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက ဆွေးနွေးခဲ့တာပါ။

ရဲတပ်ဖွဲ့နဲ့ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) တွေအနေနဲ့ လောင်းကစား ပြုလုပ်နေသူတွေကို သိရှိရဲ့သားနဲ့ လိုင်းကြေးကောက်ပြီး အဆင့်ဆင့်ခွဲဝေအသုံးပြုနေတာကို သိရှိရတယ်လို့ ဆွေးနွေးခဲ့တဲ့အပေါ် တိုင်းဒေသကြီး နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က တိုင်းဒေသကြီးလွှတ်တော် ဥပဒေ နည်းဥပဒေနဲ့ မညီလို့ဆိုပြီး ကန့်ကွက်ခဲ့ပါတယ်။

“ဆွေးနွေးတဲ့အခါမှာ တိုင်းဒေသကြီးလွှတ်တော် ဥပဒေနည်းဥပဒေများနဲအညီ ဆောင်ရွက်ရမှာဖြစ်ပြီး သက်ဆိုင်ရာ လူပုဂ္ဂိုလ် အဖွဲ့အစည်းကို စွပ်စွဲပြစ်တင်ခြင်းဆိုတဲ့ စကားလုံးတွေပါအရ ဓနုဖြူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းအနေနဲ့ သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စစ်ဘက်ဆိုင်ရာလုံခြုံရေး တပ်ဖွဲ့ဆိုတဲ့ စကားရပ်ကို ပယ်ဖျက်ပေးဖို့ ကျနော့်အနေနဲ့ ကန့်ကွက်ကြောင်း တင်ပြလိုပါတယ်” လို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က လွှတ်တော်မှာ ပြောကြားခဲ့တာပါ။

“သူကိုင်တွယ်ရတဲ့ ဌာနတွေပါတဲ့အတွက် သူ့အနေနဲ့ ကန့်ကွက်တဲ့ သဘောပါ။ အဓိက လောင်းကစားမှုတွေ ကိုင်တွယ်တာ ဒီဌာနတွေက ကိုင်တွယ်တာလေ။ ဒီဌာနတွေနဲ့ ဒါနဲ့ပတ်သက်နေတာ ပြည်သူလူထုကလည်း သိတာပဲလေ” လို့ ဆွေးနွေးခဲ့တဲ့ ဓနုဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အဆိုဆွေးနွေးမှု အများစုမှာတော့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ လောင်းကစားတွေနဲ့ပတ်သက်ပြီး ငွေကြေးရယူတာတွေ မျက်ကွယ်ပြုနေတာတွေကို ထောက်ပြဆွေးနွေးခဲ့ကြပါတယ်။

အဆိုကို အတည်ပြုချက် ရယူတာမှာတော့ ကန့်ကွက်သူမရှိတဲ့ အတည်ပြုပြီး အစိုးရကို တိုက်တွန်းကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013