DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးကို မဖြစ်မနေ အောင်မြင်အောင် ဆောင်ရွက်သွားမယ်
DVB
·
May 29, 2012
ငြိမ်းချမ်းရေးကို မဖြစ်မနေ အောင်မြင်အောင် ဆောင်ရွက်သွားမယ်
Donate to DVB

လူဝင်မှုကြီးကြပ်ရေး နဲ့  ပြည်သူ့အင်အား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊  နော်ဝေနိုင်ငံခြားရေး ၀န်ကြီးဌာန ဒု-၀န်ကြီးနဲ့ ကရင်အမျိုးသား အစည်းအရုံးရဲ့ စစ်ဘက်ဆိုင်ရာ အကြံပေး ဗိုလ်မှူး တူးတူးလေးတို့ မနေ့က ကျောက်ကြီးမြို့နယ်မှာ တွေ့ဆုံခဲ့ပါတယ်။

[caption id="attachment_26032" align="alignleft" width="300" caption="ပြည်သူ့အင်အား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ"][/caption]

ဒီတွေ့ဆုံပွဲမှာ ပြည်တွင်း ပုန်းအောင်းနေထိုင်သူများ အရေး၊ ငြိမ်းချမ်းရေး၊ မှတ်ပုံတင် ပြုလုပ်ပေးနိုင်ရေးနဲ့ အခြားဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ပြည်တွင်း ပုန်းအောင်းနေထိုင်သူ ၃၆ ဦးကိုလည်း မှတ်ပုံတင် ထုတ်ပေးခဲ့တယ်လို့ ၀န်ကြီး ဦးခင်ရီက ပြောပါတယ်။ ကေအန်ယူ နဲ့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ၀န်ကြီး ဦးခင်ရီကို မေးမြန်းထားပါတယ်။

“ကျနော်တို့မနေ့ကတော့ ကျောက်ကြီးမှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီမှာ ကျနော်က အဖွဲ့ဝင်ပေါ့။ ကေအန်ယူဘက်ကလည်း ဗိုလ်မှူးကြီး စောတူးတူးလေး၊ နယ်မြေခံ တပ်မဟာ (၃) တပ်မဟာမှူးတွေ ပါတယ်။ တဖက်က ဧည့်သည်ကတော့ နော်ဝေးနိုင်ငံ နိုင်ငံခြားရေး ဒုဝန်ကြီးနဲ့ အဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေး သံအမတ်ကြီး အဲဒါပါတယ်။ ပြည်တွင်း ပြည်ပ သတင်းဌာနတွေပါတယ်။ ကျနော်တို့ကတော့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အဆင့်တွေ အများကြီးရှိပါတယ်။ ပထမလုပ်ငန်းစဉ်ဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေး ခိုင်မြဲလာတဲ့အခါကျတော့ ပဋိပက္ခကြောင့် ရွှေ့ပြောင်းနေထိုင် သူတွေကို ပြန်လည်နေရာချထားရေး၊ တိုင်းရင်းသားညီအစ်ကို မိသားစု ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းတွေ၊ အဲဒီလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အတွက် ကျောက်ကြီးမှာ ရှိတဲ့ ကျေးရွာအုပ်စု တစုက ရွှေ့ပြောင်းနေထိုင်သူတွေ ကိစ္စကို ကျောက်ကြီးမှာ သွားပြီး ဆွေးနွေးတာဖြစ်ပါတယ်။”

ရွှေ့ပြောင်းနေထိုင်သူတွေက ၀န်ကြီးတို့ အခုပြန်ပြီးတော့ နေရာပြန်ချထားပေးတာလား။ နဂိုနေရာကိုပဲ ပြန်ချထားပေးတာလား။ ဘယ်လို စီစဉ်ပေးထားတာလဲ။

“သူနေရာမှာ သူပြန်နေချင်တဲ့သူဆိုရင် သူ့အိမ်၊ သူ့ယာ၊ သူ့မြေရှိတယ်ဆိုရင်တော့ သူ့နေရာသူ ပြန်နေမှာပေါ့။ အိုးသစ်၊ အိမ်သစ်နဲ့ နေရာသစ်မှာ နေချင်တယ်ဆိုရင်လည်း အဲဒီအတွက် ကျနော်တို့ စီစဉ်ပေးမှာပါ။ ဒါကတော့ အသေးစိတ်ပြန်ပြီးတော့ နယ်မြေကွင်းဆင်းကြည့်မှ သိရမယ့်သဘော ဖြစ်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေကို ဘယ်နည်းဘယ်ပုံ အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်မယ် ဆိုတာကို တာဝန်ရှိအဖွဲ့အစည်းတွေက ဆင်းပြီးတော့ ညှိနှိုင်းဆွေးနွေးသွားမှာပါ။ ဒါကပထမအဆင့်ပါ။”

နော်ဝေး ဒုနိုင်ငံခြားရေးဝန်ကြီး အနေနဲ့က ဒီဆွေးနွေးပွဲမှာ ဘာကြောင့် ပါဝင်ရတာလဲ။

“ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အခုလို ကိစ္စတွေမှာ နိုင်ငံတကာက စိတ်ဝင်စားကြတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စက ကောင်းတဲ့လုပ်ငန်းလေ၊ တိုင်းရင်းသား ညီအစ်ကိုတွေ ပြန်လည် ရင်ကြားစေ့ရေးက ကောင်းတဲ့လုပ်ငန်း၊ ကောင်းတဲ့လုပ်ငန်းတွေကို စိတ်ဝင်စားတဲ့လူတွေက နိုင်ငံတော်က ဆောင်ရွက်နေတဲ့ လမ်းကြောင်းပေါ်မှာ လိုအပ်ရင် ဘယ်လိုကူညီပေးမလဲဆိုတာ လာရောက်လေ့လာ၊ ၀င်ရောက်ဆွေးနွေးတဲ့ သဘောပါ။”

ကေအန်ယူနဲ့ အခုတွေ့ဆုံပွဲမှာ အဓိက ဘာတွေ ဆုံးဖြတ်ချက်ချခဲ့ကြလဲ။

“ခုနလိုပေါ့၊ ကျောက်ကြီးမှာရှိတဲ့ ကျေးရွာအုပ်စု တစုကိုတော့ ရွှေ့ပြောင်းသွားလာ သူတွေကို ပြန်လည်နေရာချထားပေးမယ်၊ မူလဆွေးနွေးကတည်းက စားနပ်ရိက္ခာ ဖူလုံရေးကိစ္စ၊ ကြောင့်ကြမဲ့နေထိုင်နိုင်ရေးကိစ္စ၊ အသက်မွေးဝမ်းကျောင်း လုံခြုံမှုကိစ္စတွေပေါ့၊ ဒါတွေကို ဘယ်နည်းဘယ်ပုံ ဆောင်ရွက်ပေးကြမယ်။ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေကဘာတွေလည်း၊ သူတို့ဖြည့်ပေးရမှာက ဘာတွေလည်း၊ အဲဒါတွေကို စပြီးတော့ ဆွေးနွေးတာပါ။”

ပြည်တွင်းစစ်ဖြစ်နေတဲ့ ကာလတရွေ့မှာ အခု မိုင်းအသုံးပြုမှုတွေလည်း ၂ ဖက်စလုံးက ရှိနေတဲ့အခါကျတော့ ပြည်သူတွေက မိုင်းပြဿနာတွေနဲ့ အဓိက ရင်ဆိုင်နေရတယ်လေ။ ဆိုတော့ ၀န်ကြီးတို့ မိုင်းပြဿနာကို ဘယ်လိုဖြေရှင်းပေးဖို့ ဆွေးနွေးတာတွေ ရှိသလဲ။

“ပြည်တွင်းစစ်လို့တော့ ခေါ်လို့မရဘူး။ လွတ်လပ်ရေးပြီးတဲ့နောက်မှာ နယ်ချဲ့တွေရဲ့ သွေးခွဲမှုကြောင့် ညီအစ်ကိုအချင်းချင်း သဘောထား မတိုက်ဆိုင်တဲ့ သဘောပါပဲ။ ပြည်တွင်းစစ်လို့ သုံးလို့မရဘူး။ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အဆင့်တွေ အများကြီးရှိတယ်။ ပထမအဆင့်အနေနဲ့ အပစ်အခတ် ရပ်စဲရေး ခိုင်မာအောင်လုပ်မယ်။ ပြီးရင် မိုင်းတွေဘာတွေ ရှင်းဖို့လိုရင် လိုအပ်သလို ကိုယ့်ဘာသာဖြစ်ဖြစ်၊ အကူအညီနဲ့ပဲဖြစ်ဖြစ် ဆက်ရှင်းသွားဖို့ဖြစ်ပါတယ်။ အဲဒါတွေပြီးသွားရင်တော့ တိုင်းရင်းသားညီအစ်ကိုတွေ မိသားစုနဲ့ ပြန်လည်ပေါင်းစည်းနေထိုင်ရေးတို့ ဆက်လုပ်သွားမှာပေါ့။ အခု ကျောက်ကြီး ဒေသမှာ အခုလုပ်နေတဲ့ ရွှွှေ့ပြောင်းသူများ နေရာချထားရေးဆို မိုင်းမှ ရှင်းဖို့မလိုဘဲ၊ ဒါကြောင့် နေရာတန်းချပေးတာပေါ့။ ဒီသဘောပါပဲ။”

မနေ့က မှတ်ပုံတင်လည်း တခါတည်းလုပ်ပေးတယ်လို့ ကြားရတယ်။ ဘယ်လိုမျိုးလုပ်ပေးတာလဲ။

“မှန်ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေက ကျနော်တို့ တိုင်းရင်းသားတွေပါ။ ကျနော်တို့ ကရင် တိုင်းရင်းသားတွေပါ။ ညီအစ်ကိုတွေပါ။ ကျနော်တို့ ၀န်ကြီးဌာန စကားနဲ့ ပြောရရင်တော့ မွေးရာပါ နိုင်ငံသားတွေပါ။ သူတို့က နိုင်ငံသားအခွင့်အရေး အပြည့်အ၀ ရသင့်တဲ့လူတွေဖြစ်ပါတယ်။ အကြောင်းကြောင်းကြောင့် ပဋိပက္ခ ကြောင့်၊ ရွှေ့ပြောင်းနေထိုင်ရတော့ အခုလို မှတ်ပုံတင်တွေဘာတွေ မရသေးတဲ့သဘောပေါ့။ အခုတော့ ကျနော်တို့ အခွင့်အခါသင့်တုန်း ဒါတွေကို မှတ်ပုံတင်ပေးတဲ့သဘောပါ။ အဲဒီလိုပေးခြင်းအားဖြင့် ဒီပုဂ္ဂိုလ်က နိုင်ငံသားအခွင့်အရေး အပြည့်အ၀ ရတဲ့သဘောပါပဲ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၈ မှာပါတယ်။ နိုင်ငံသားသဖွယ်အခွင့်အရေး အပြည့်အ၀ရတာပေါ့။ ဒါကတော့ နိုင်ငံတော်ရဲ့ စေတနာပါ။ အခွင့်အခါ ပေးရင်ပေးသလို ဆောင်ရွက်ပေးတာပါ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ စပြီးတော့ ပထမဆုံးခံစားရတဲ့ အသီးအပွင့်တခုလို့ ပြောလို့ရပါတယ်။”

မှတ်ပုံတင်ထုတ်ပေးတယ်ဆိုတာ လူဘယ်လောက်ကို ထုတ်ပေးတာလဲ။

“ကျနော်တို့ကတော့ အကုန်ယူသွားတယ်။ လူ ၁၅၀၀ ၊ ၂၀၀၀ လောက်ရှိတယ်ဆိုတော့၊ ယူသွားတယ်။ အကုန်မလာဘူး။ ကိုယ်စားလှယ်တွေ အရင်လာတယ်။ ဆွေးနွေးတယ်ဆိုတော့၊ ကျေးလက်ဒေသမှာရှိတဲ့ ကိုယ်စားလှယ် အကြီးအကဲတွေပဲလာတယ်။ ၃၆ ယောက်ကိုပဲ ပေးလိုက်နိုင်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်တိုင် လက်ဗွေနှိပ်ရတာဆိုတော့၊ မပါတဲ့သူတွေ ပေးလို့မရဘူး။”

ဘာများ ဖြည့်စွက် ပြောစရာရှိဦးမလဲ။

“ကျနော်တို့ နိုင်ငံတော် အစိုးရ အဖွဲ့သစ်အနေနဲ့ တကယ့်ကို စိတ်ရင်းစေတနာ အမှန်နဲ့ တိုင်းရင်းသား ညီအစ်ကိုတွေကို ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းတွေ၊ တိုင်းပြည်မှာ တကယ် လိုအပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အားကြိုးမာန်တက် ဆောင်ရွက်နေတယ်။ ဒီအပေါ်မှာ နှစ်ဘက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေရော၊ လူထုတွေရော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေတယ်။ မဖြစ်မနေ အောင်မြင်အောင် ဆောင်ရွက်သွားမယ် လို့ ပြောချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013