DVB Logo
Home
မြန်မာသတင်း
အကယ်ဒမီကိုရင်ခုန်ပေမယ့် အများကြီးမမျှော်မှန်းထားပါဘူးဆိုတဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး
DVB
·
March 22, 2018
အကယ်ဒမီကိုရင်ခုန်ပေမယ့် အများကြီးမမျှော်မှန်းထားပါဘူးဆိုတဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး
1 / 6
Donate to DVB

 

ည ဇာတ်ကားနဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံးဒါရိုက်တာဆု (သို့) ဇာတ်ကားဆု ရရှိနိုင်တယ်လို့ ပရိသတ်တွေထင်ကြေးပေးခြင်းခံနေရတဲ့ လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးက အကယ်ဒမီဆုအတွက် ရင်ခုန်မိပေမယ့် မျှော်လင့်ချက်အနေနဲ့တော့ ကြီးကြီးမားမား မျှော်လင့်ထားတာမျိုး မရှိပါဘူးလို့ ပြောပါတယ်။

"ည ဇာတ်ကားက ကျနော်တို့ရဲ့ ပထမဆုံး ဇာတ်ကားလည်းဖြစ်တယ်။ ဇာတ်လမ်းပုံစံအရ လည်း တကယ့်ကို Psychological thriller (စိတ္တဇဆန်ဆန် လျှို့ဝှက်သည်းဖို) ဇာတ်လမ်း ဖြစ်တဲ့အတွက် အကယ်ဒမီပေးတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ကိုက်ညီတဲ့ ဇာတ်ကားဖြစ်လား၊ မဖြစ်လားဆိုတာ ကျနော်တို့မသိတဲ့အတွက် အကယ်ဒမီကို တခါမှမစဉ်းစားထားဘူးလို့ ဆိုပါတယ်။

“အခုလို အကယ်ဒမီပေးပွဲနဲ့ နီးလာတဲ့အခါကျတော့ ကျနော်တို့ကို အားပေးတဲ့ ပရိသတ်တွေရော ည ကားကို အားပေးတဲ့ ပရိသတ်တွေရော တယောက်ချင်းစီက မေတ္တာစိတ်နဲ့၊ ရစေချင်တဲ့စိတ်နဲ့ ခန့်မှန်းကြတာပါ။ ဒါကြောင့် ကျနော်တို့ကလည်း အကယ်ဒမီဆိုတာလေးကို နီးလာမှ ရင်ခုန် လာတာပါ။ ရင်ခုန်တဲ့ စိတ်ကတော့ ရှိပါတယ်။ အများကြီးတော့ မမျှော်မှန်းထားပါဘူး။ ကိုယ့်ရဲ့ ပထမဆုံးကားလည်း ဖြစ်တယ်။ အကယ်ဒမီဆိုတာကလည်း အကြောင်းအရာတိုက်ဆိုင်မှ လည်း ရတတ်တာလေ။ ကိုယ့်အရှေ့မှာနှစ်ပေါင်းများစွာ စီနီယာကြီးတွေတောင်မှ ကံကောင်း သွားမှ ရတာဆိုတော့ အကယ်ဒမီကို သေချာပေါက်မှန်းထားတာတော့ မရှိပါဘူး”လို့ အကယ်ဒမီရင်ခုန်သံနဲ့ ပတ်သက်ပြီး ဒါရိုက်တာထူးပိုင်ဇော်ဦးကပြောပါတယ်။

  ဒီဇာတ်ကားဟာ မြန်မာ့ရုပ်ရှင် ဈေးကွက်အနေအထားအရ ဈေးကွက်ဝင်ပုံမှန်ရိုက်ကူးနေကျ နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ရိုက်ကူးထားခြင်းမျိုးမဟုတ်ဘဲ မျက်နှာသစ် သရုပ်ဆောင် တွေနဲ့သာ ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ အဲဒီအတွက်လည်း ဒီဇာတ်ကားကို ဖန်တီးသူတယောက်အနေနဲ့ စိန်ခေါ်မှုတွေများခဲ့တယ်လို့ သူကပြောပါတယ်။

“အခက်အခဲကတော့ ရုံမတင်ခင်မှာ ကျနော်တို့အတွက် တော်တော်လေး စိန်ခေါ်မှု ပြင်းထန်ပါတယ်။ ည ကား မတိုင်ခင်အထိက နာမည်ကြီးသရုပ်ဆောင်တွေပါတဲ့ ကားတွေပဲ ရုံတင်ကြတယ်၊ အောင်မြင်ကြတယ်။ ည ရုပ်ရှင်ဇာတ်ကားကြတော့ နာမည်ကြီး သရုပ်ဆောင် တစ်ယာက်မှ မပါတဲ့အပြင် ပါတဲ့သရုပ်ဆောင်တွေကလည်း ရုပ်ရှင်ကြည့်ပရိသတ်နဲ့ မရင်းနှီးဘူး။ အကုန်လုံးအသစ်တွေပဲဖြစ်နေတဲ့အပြင် ဒါရိုက်တာဖြစ်တဲ့ ကျနော်ကိုယ်တိုင် ကလည်း အသစ်စက်စက် ဖြစ်နေတယ်ဆိုတော့ ပရိသတ်တွေက ဒီဇာတ်ကားကို ယုံကြည်မှု ဘယ်လိုပေးပြီး လာကြည့်မလဲဆိုတဲ့စိတ်ကတော့ ကျနော်တို့ကို တော်တော်လေး စိန်ခေါ်မှု ပြင်းထန်ပါတယ်။ အဲဒီ့အတွက် လာကြည့်ဖို့ကိုလည်း ဖေ့စ်ဘွတ်ခ်တွေက ကြေညာတာတွေ Promote လုပ်တာတွေ အများကြီးလုပ်ရပါတယ်။ အဲဒီ့တလောကတော့ စိန်ခေါ်မှု တော်တော်ပြင်းထန်တယ်။ ရုံတင်တဲ့အချိန်မှာတော့ ကျနော်တို့ မျှော်မှန်းထားတာထက် ပိုပြီး ပရိသတ်ရဲ့ မေတ္တာနဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။”

ဒါ့အပြင် ဒီဇာတ်ကားရိုက်ကူးစဉ်ကကြို တင်ပြင်ဆင်ခဲ့ရတာတွေကိုလည်း “အမှတ်တရ အခက်အခဲကတော့ အချိန်ပေါ့။ အချိန်က ပုံမှန်ရုပ်ရှင်ဇာတ်ကားအတွက်ဆို ကျနော်တို့အားလုံး ဒီရုပ်ရှင်ဇာတ်ကားအပေါ်မှာ ပေးထားတဲ့အချိန်က အရမ်းများတယ်။ ရုပ်ရှင်ဇာတ်ကား မရိုက်ခင် တစ်နှစ် အလိုကတည်းက လေ့ကျင့်မှုတွေလုပ်ကြတယ်။ သရုပ်ဆောင်တွေအတွက် စကားလုံး ရွေးချယ်မှုအပိုင်း၊ မိတ်ကပ်ပိုင်း၊ အ၀တ်အစားပိုင်း၊ ရှုတင်တည်ဖို့ နေရာရွေးချယ်တာကအစ ဘယ်ဟာကို ဘယ်လိုလုပ်ကြမလဲဆိုပြီး တိုင်ပင်ကြတယ်။ တကယ်ရိုက်တော့လည်း ၁လ ခွဲ ၂လ နီးပါး လောက်ကြာတယ်။ ရိုက်ပြီးသွားတော့လည်း  post production တွေမှာ ၁ နှစ်နီးပါး အချိန်ယူရတယ်။ တကားလုံးရဲ့အသံတွေ ပြန်သွင်းရတာတွေလည်း လုပ်တယ်။ ကျနော် တယောက်တည်း မဟုတ်ဘူး။ အဖွဲ့တဖွဲ့လုံးက ညဇာတ်ကားမှာ ပေးထားတဲ့အချိန်က အရမ်းများတယ်၊ အမှတ်တရတွေကလည်း အများကြီးပါပဲ၊ အားလုံးရဲ့ ပထမဆုံးကားဖြစ်တော့ အားလုံးက အကောင်းဆုံးဖြစ်စေချင်တဲ့စိတ်နဲ့အစွမ်းကုန် ကြိုးစားထားပါတယ်”လို့ ထူးပိုင်ဇော်ဦးက ပြောပါတယ်။

  မြန်မာ့ရုပ်ရှင်ဈေးကွက်ထဲကို ဖန်တီးမှု အသစ်၊ စိတ်ကူးစိတ်သန်း အသစ်တွေနဲ့ ထိုးဖောက်ဝင်ရောက်ခဲ့တဲ့  လူငယ်မျက်နှာသစ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးအတွက် ကံတရားက မျက်နှာသာပေးပြီး ထူးချွန်ဆု တစ်ခုခုရရှိနိုင်မလားဆိုတာကတော့ မတ်လ ၂၃ ရက်၊ ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ၊ MEP (Myanmar Event Park)မှာ ကျင်းပမယ့်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ သိရှိရမှာပဲဖြစ်ပါတယ်။

သတင်းနှင့်ဓာတ်ပုံ - မေနိုင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013