DVB Logo
Home
မြန်မာသတင်း
ရေနံပိုက်လိုင်းကြောင့် နစ်နာကြေးအပြည့်အ၀ရရေး အမ်းတောင်သူများ ဆန္ဒပြ
DVB
·
March 22, 2018
ရေနံပိုက်လိုင်းကြောင့် နစ်နာကြေးအပြည့်အ၀ရရေး အမ်းတောင်သူများ ဆန္ဒပြ
1 / 4
Donate to DVB

 

အမ်းမြို့နယ်ထဲက ဖြတ်သန်းသွားတဲ့ မြန်မာ-တရုတ် ရေနံ ဓာတ်ငွေ့ပိုက်လိုင်းကြောင့် နစ်နာတဲ့ ဒေသခံတောင်သူတွေရဲ့ နစ်နာကြေး အပြည့်အဝရရှိရေး မတ် ၂၂ ရက်နေ့ နေ့လယ်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒပြ တောင်းဆိုသူတွေဟာ CNPC အလိုမရှိ MOGE အလိုမရှိ၊ ရေနံ ဓာတ်ငွေ့ပိုက်လိုင်းကြောင့် နစ်နာတဲ့ ဒေသခံပြည်သူတွေရဲ့ နစ်နာကြေး အပြည့်အဝ ရရှိရေး ဆောင်ရွက်ပေး စတဲ့ စာတန်းတွေနဲ့ ကြွေးကြော်သံတွေ ဟစ်အော်ပြီး အမ်းမြို့ပေါ်မှာ လှည့်လည် ဆန္ဒပြခဲ့ကြတာပါ။

ဦးဆောင်သူ ဦးဝဏ္ဏစောက “ကျနော်တို့ နစ်နာမှုတွေကို အစိုးရကိုရော ကုမ္ပဏီတွေကိုပါ အကြိမ်ကြိမ် တင်ပြခဲ့တယ်။ နစ်နာမှုတွေအတွက် တောင်သူတွေကို တွေ့ဆုံပြီး ညှိနှိုင်း ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့တယ်။ အစိုးရကလည်း ကြေလည်အောင် ညှိနှိုင်းဖို့ တောင်သူတွေရော၊ ကုမ္ပဏီရော၊ ဌာနဆိုင်ရာတွေရော၊ ကော်မတီဖွဲ့ပြီး လုပ်ပေးခဲ့တယ်။ ဒါပေမယ့် MOGE ရော CNPC ရော ပူးပေါင်းဆောင်ရွက်တာမဟုတ်ဘူး။ တောင်သူတွေ နစ်နာမှုကိုလည်း အလေးမထားတဲ့အတွက် တောင်သူတွေရဲ့ နစ်နာမှုတွေကို ပူးပေါင်း ဖြေရှင်းပေးဖို့ အခုလို ဆန္ဒပြတာပါ”လို့ ပြောပါတယ်။

ဆန္ဓပြပွဲမှာ အမ်းမြို့နယ်ထဲက ရေနံပိုက်လိုင်းကြောင့် မြေသိမ်းဆည်းခံရမှုများတဲ့ ကျေးရွာအုပ်စု ၉ ခုက လူဦးရေ ၅၀၀ ကျော် ပါဝင်ခဲ့ပါတယ်။

နွားရုံတောင်ကျေးရွာက ကိုအောင်သန်းတင်က “အဓိကကတော့ MOGE နဲ့ CNPC ပဲ အစိုးရကလဲ လျှော်ကြေးအပြည့်အဝ ပေးဖို့ပြောထားပြီ။ ဒါပေမယ့် ကုမ္ပဏီက လုံးဝ ပူးပေါင်းဆောင်ရွက်တာ မရှိဘူး။ ကျွန်တော့်မှာ သိန်းပေါင်း ၃၅ဝ ကျော် ရဖို့ရှိတာကို ၁၃၀ လောက်ပဲ ရတယ်။ ကျနော့်လိုပဲ ဘယ်သူမှ အပြည့်မရသေးဘူး” လို့ ပြောပါတယ်။

ဆန္ဒပြပွဲအပြီး လူထုတွေ့ဆုံပွဲကနေ CNPC နဲ့ MOGE တို့က ဆယ်ရက်အတွင်း အစိုးရရဲ့ တိုက်တွန်းချက်အတိုင်း ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုရင် ပိုမိုပြင်းထန်တဲ့ သပိတ်မှောက် ကန့်ကွက်မှုတွေ လုပ်သွားမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

မြန်မာတရုတ် ရေနံပိုက်လိုင်း စောင့်ကြည့်လှုပ်ရှားရေးအဖွဲ့က ဦးဆောင်သူ ကိုမျိုးလွင်က “ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိရင် ပိုက်လိုင်း ဗဟိုရုံးနဲ့ တောင်စောက် ပိုက်လိုင်းထိန်းချုပ်စခန်းမှာ သပိတ်စခန်းဖွင့်မယ်။ ကျွန်တော်တို့ မျိုးနွယ်စုအလိုက် ကျိန်စာတိုက်ပွဲ လုပ်မယ်”လို့ ပြောပါတယ်။

အမ်းမြို့နယ်ထဲမှာ ရေနံပိုက်လိုင်းကြောင့် နစ်နာ ဆုံးရှုံးခဲ့ရတဲ့ လယ်ယာမြေ၊ ဥယျာဉ်ခြံမြေ သုသာန်မြေနဲ့ ရွာမြေအပါအဝင် မြေဧက တစ်ထောင်ကျော် ဆုံးရှုံးခဲ့ပေမယ့် ဧက သုံးရာခန့်ပဲ နစ်နာကြေးရထားတယ်လို့ ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

CNPC ကုမ္ပဏီနဲ့ MOGE မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းကို တွေ့ဆုံမေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ပြည်ထောင်စု အစိုးရရဲ့ ခွင့်ပြုချက်ရမှ ဖြေဆိုနိုင်မယ်လို့ ပြန်ကြားခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ - ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013