DVB Logo
Home
Lead Story
တောင့်တခဲ့သော အစိုးရနှင့် လိုအင်ဆန္ဒများ လွန်ဆွဲမှု
DVB
·
March 22, 2018
တောင့်တခဲ့သော အစိုးရနှင့် လိုအင်ဆန္ဒများ လွန်ဆွဲမှု
Donate to DVB

မြန်မာနိုင်ငံရေးကို လေ့လာကြည့်ရင် ပြည်သူတွေဟာ ကိုယ်နှင့်ထိုက်တန်တဲ့ အစိုးရကို ရရှိခဲ့ပြီး အစိုးရ အဆက်ဆက်ဟာလည်း ကိုယ်လုပ်ချင်တာကို လုပ်နေခဲ့တာတွေကို တွေ့ရပါလိမ့်မယ်။ ဘာကြောင့် ဒီလို ပြောရလဲဆိုတော့ နိုင်ငံရေးသိပ္ပံ ဘာသာရပ်မှာ ပြည်သူသည် မိမိနှင့်ထိုက်တန်သော အစိုးရကို ရရှိတယ် ဆိုတာကို တွေးမိလို့ပါ။ တကယ်တမ်းလည်း ပြည်သူဟာ အမျိုးသမီးတဦး၊ အမျိုးသားတဦးနဲ့ အလားသဏ္ဌာန်တူပါတယ်။ ကိုယ်နှင့်ထိုက်တန်တဲ့ အိမ်ထောင်ဘက်ကို ရကြတာပါ။ တကယ်တမ်း အဆင်မပြေမှုတွေ များလွန်းလာရင်၊ တဦးတယောက်ဘက်က တဖက်စောင်းနင်းတွေ ဖြစ်လာပြီဆိုရင်တော့ ကွာရှင်းပြတ်စဲကြရပါတယ်။ ဒါဟာ ကျနော်တို့ ပြည်သူတွေရဲ့ ပုံစံတွေပါ။

ကိုယ်ရည်မှန်းထားတဲ့ အိမ်ထောင်ဘက်ကို အကောင်းဆုံးသော၊ အပြည့်စုံဆုံးသော ဖြစ်ရမယ်လို့  မမျှော်လင့်ပေမယ့် မိမိရဲ့အကျိုးကို ဆောင်မယ့်သူလို့ ရွေးကြတာပါ။ ဒါပေမယ့် လက်တွေ့မှာ ထင်တိုင်းမဖြစ်တဲ့အခါ တောင်းဆိုမှုတွေ ပြုကြရတယ်။ ထို့အတူပါပဲ မိမိတို့ ရွေးလိုက်တဲ့ အစိုးရတရပ်ဟာလည်း မိမိတို့ရဲ့အကျိုးကို ဆောင်ကြဉ်းပေးလိမ့်မယ်လို့ ပြည်သူတွေ မျှော်လင့်ကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ဖြစ်မြောက်အောင် မလုပ်ပေးနိုင်ခဲ့ရင်၊ အကြောင်းပြချက်တွေ တကြိမ်တခါထက် များလာနေခဲ့ရင် တောင်းဆိုမှုတွေ ပြုကြရတယ်။ ဆန္ဒဖော်ထုတ်ကြရတယ်။ ဒါဟာ ကိုယ်ရွေးချယ်တဲ့အပိုင်းပါ။ နောက် ကိုယ်တိုင် မရွေးချယ်ဘဲ ငါတို့ ဘာလုပ်လုပ် ညည်း လက်ခံရမယ်ဆိုတဲ့ မိဘအလိုကျ စီမံပေးတဲ့ အိမ်ထောင်ရေးလို ပြည်သူ့သဘောထားမပါဘဲ အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေနဲ့လည်း ကြုံခဲ့ဖူးရပေါ့။ ဒါပေမယ့် မိဘသဘောတူသူ ဖြစ်ရင်လည်း ရေရှည်မှာ ကောင်းစားသွားသူတွေ ရှိပါတယ်။ ကိုယ်တိုင် ရွေးချယ်ခဲ့ရင်လည်း ခွာပြဲကြသူတွေ ရှိပါတယ်။

ကျနော်တို့နိုင်ငံရဲ့ သမိုင်းကို ကြည့်ရင် ကိုလိုနီခေတ်ဆိုတာ အတင်းအဓမ္မ ခြေတော်တင်ပြီး တော်ကောက်တာမျိုးပါ။ ဒီလို ဖြစ်ပျက်မှုကနေ သည်းမခံနိုင်တဲ့အဆုံး တော်လှန်ရေးတွေ၊ နိုင်ငံရေးတွေ လုပ်ကြနှင့် အသက်၊ သွေး၊ ချွေးပေါင်းများစွာ ပေးဆပ်ပြီး လွတ်လပ်ရေးရခဲ့ကြတယ်။ တကယ်တမ်းဆိုရင် ပြည်သူတွေဟာ အဲဒီကတည်းက မိမိတို့ရဲ့ ရွေးချယ်ခွင့်ကို ရသင့်ကြပါတယ်။ ဒါပေမယ့် မရခဲ့ပါဘူး။ နှစ်ပေါင်း ၂၆ နှစ် တကြိမ်၊ နှစ်ပေါင်း ၂၂ နှစ် တကြိမ် စစ်အာဏာစနစ်မှာသာ နေခဲ့ရပြီး မိဘက ကောင်းစေချင်လို့ စီစဉ်တာ ညည်း စောဒကမတက်နဲ့ ဆိုတာမျိုးကိုပဲ တွေ့ခဲ့ရပါတယ်။ ၂၀၁၀ အလွန်မှာတော့ ပြည်သူတွေအတွက် မိမိတို့ရဲ့ ရွေးချယ်ခွင့်ရှိပေမယ့် ဘယ်သူလာလာ သာဂိလက်ထဲက မလွတ်ပါဘူးဆိုတဲ့ ရွာသူကြီးသားရဲ့ အချိုးမျိုးနဲ့ ရွေးကောက်ပွဲတွေလုပ်ပြီး ရွေးချယ်ခွင့် ရှိခဲ့ပါတယ်။ ဒါပေမယ့် အဖြေကတော့ သူကြီးသားသာ သတို့သား ဆိုတာမျိုးပါ။

ခုဆိုရင်တော့ မိမိတို့ အနှစ်နှစ်အလလက တောင့်တအပ်ခဲ့တဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့် ဆိုတာကနေ စိတ်ကြိုက်ရွေးချယ်ပြီး အစိုးရသစ်တရပ် (တနည်းအားဖြင့်) ဒီမိုကရေစီ အစိုးရတရပ်ကို ရွေးချယ်နိုင်ခဲ့ပါပြီ။

ဘာပဲဆိုဆို ပြည်သူဟာ ကိုယ်နှင့်ထိုက်တန်တဲ့ အစိုးရတရပ်ကိုတော့ ရရှိခဲ့ပါပြီ။ မိဘပေးစားစရာမလိုဘဲ မိမိတို့ စိတ်ကြိုက်ရွေးချယ်လိုက်တဲ့ အိမ်ထောင်ဘက်ပေါ့။ ဒါဆိုရင် အစိုးရရော ဘာတွေကို အဆင်ပြေအောင် လုပ်ပေးခဲ့သလဲ။ ပိုးပန်းခဲ့စဉ် ကာလတုန်းကလိုပဲ တန်ဖိုးထားသေးသလား။ မရတော့ ခေါင်းပေါ်တင်၊ ရတော့ ဖျာလိုနင်းနေပြီလား။ ဒါတွေကိုတော့ လက်ရှိ တွေ့နေ မြင်နေရတာတွေကို ထိုက်သင့်သလောက် အဖြေပေးခဲ့ပါပြီ။

ကျနော်တို့ ရွေးချယ်လိုက်တဲ့ အစိုးရဟာ ပြည်သူအလုပ်တွေကို လုပ်နေသလား၊ ကိုယ်လုပ်ချင်တာကို လုပ်နေဆဲပဲလား ဆိုတာကတော့ လက်တွေ့ဖြတ်သန်းလာခဲ့တဲ့ ၃ နှစ်တာ ဝင်လာပြီဖြစ်တဲ့ကာလမှာ တစွန်းတစ မြင်လာရပါပြီ။ ငြိမ်းချမ်းရေးမှာတော့ မွန်ပြည်သစ်ပါတီနှင့် လားဟူနှစ်ဖွဲ့ တိုးလာတာက အပေါင်းလက္ခဏာ ဖြစ်ပေမယ့် ကချင်ဘက်မှာ သေနတ်သံတွေ မစဲတာ၊ ဒုက္ခသည်တွေ အိမ်မပြန်နိုင်သေးတာ၊ တလောက ငြိမ်းချမ်းရေးယူပြီးသားဖြစ်တဲ့ ကရင့်လက်နက်ကိုင်တပ်ဖွဲ့ ကေအန်ယူနှင့် အငြင်းပွားမှု ဖြစ်တာတွေကတော့ အနုတ်လက္ခဏာတွေပါ။

ဒီမိုကရေစီအစိုးရတရပ်အနေနှင့် ထပ်ပြီး ဝေဖန်စရာ ဖြစ်တာကတော့ လွှတ်တော်မှာ အန်အယ်လ်ဒီပါတီဝင်တွေ အဆိုတင်သွင်းတဲ့ ကိစ္စတွေ၊ ပါတီရုံးချုပ်ကို တင်ပြ၊ ရုံးချုပ်ကနေ ခွင့်ပြုချက် တောင်းခံ၊ အဲဒီကနေ ခွင့်ပြုမှ လွှတ်တော်မှာ တင်ပြခွင့်ရကြတယ်။ လွှတ်တော်ဥက္ကဋ္ဌကလည်း ပြည်ထောင်စုအစိုးရ အကျပ်အတည်းရောက်စေတဲ့ မေးခွန်းတွေကို မမေးနဲ့ ဆိုတာမျိုး မှာထားတော့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လိုချင်ခဲ့တဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ပြောခဲ့တဲ့ ဒီမိုကရေစီ။ မိမိတို့ မဲဆန္ဒနယ်က ပြည်သူ၊ ပြည်သားတွေရဲ့အရေးကို တင်ပြရာမှာ မဲဆန္ဒရှင်တွေ နည်းခြင်း၊ များခြင်းကို လွှတ်တော်ထဲမှာ ဆုံးဖြတ်ရမယ့်အစား ပါတီရုံးချုပ်မှာသာ အစီရင်ခံရတယ်ဆိုရင် ဒါဟာ အစိုးရတရပ်ရဲ့ ကိုယ်လုပ်ချင်တာကို လုပ်တဲ့သဘော သက်ရောက်မနေပေဘူးလား မေးခွန်းထုတ်ခဲ့သူတွေလည်း ရှိပါတယ်။ တချို့ကလည်း ဒီမိုကရေစီအင်္ဂါရပ် မဟုတ်ဘူးလို့လည်း သုံးသပ်ခဲ့ကြပါတယ်။

ဒီမိုကရေစီရဲ့ အခွင့်အရေးဟာ အုပ်စုတဖွဲ့၊ ပါတီတခုကိုသာ လေးစားသမှုပြုတာမျိုး မဟုတ်ဘဲ လူတဦးချင်းစီရဲ့ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ လွတ်လပ်ပိုင်ခွင့်တွေကိုပါ တန်ဖိုးထားပါတယ် ဆိုခဲ့ပါလျက်နဲ့ ရခိုင်အရေးတွေမှာလည်း ရခိုင်အမျိုးသားပါတီက အမတ်တွေ နိုင်ငံရေးအရ တင်လိုက်တဲ့ ကိစ္စရပ်တိုင်းဟာ အာဏာရပါတီရဲ့ ငြင်းပယ်စရာတွေ ဖြစ်နေခဲ့ပါတယ်။ နောက်ပြီး မွန်ပြည်နယ်လို ဒေသမှာ တံတားတစင်းရဲ့ နာမည်ကို ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးဖို့ ဒေသခံ အန်အယ်လ်ဒီအမတ်က အဆိုတင်ခဲ့တာ လွှတ်တော်မှာ အောင်မြင်ခဲ့ပေမယ့် မွန်ပြည်သူလူထုတချို့ကတော့ ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာလည်း ဒီမိုကရေစီ လက်လွန်ခြင်းဆိုပြီး အွန်လိုင်းပေါ်မှာရော၊ စာနယ်ဇင်းတချို့မှာပါ ဝေဖန်သံတွေ ညံနေခဲ့တဲ့ဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။

Check and balance သဘောတရားကို အကြိမ်ပေါင်းများစွာ ချပြ ဆွေးနွေးဖူးခဲ့တဲ့ လက်ရှိအစိုးရလက်ထက်မှာပဲ ၆၆(ဃ) နှင့် ငြိစွန်းတဲ့သူတွေ များနေခဲ့ပါတယ်။ ဒီလို အဖြစ်အပျက်တွေဟာ ပြည်သူတယောက်ရဲ့ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်၊ ဝေဖန်ပိုင်းခြားခွင့်ကို ရောက်တယ်လို့ သုံးသပ်ကြပါတယ်။ မကြာသေးမီက ပွဲဆူသွားတဲ့ ကိစ္စတခုကတော့ ငြိမ်းစုစီကိစ္စပါ။ ဒါတွေဟာ ဒီမိုကရေစီအစိုးရသစ်ပေါ် မျှော်လင့်ခဲ့သော ပြည်သူတို့နဲ့ သဘောထား ကွဲလွဲလာတဲ့ အချက်တွေလည်း ဖြစ်နေပါတယ်။

လက်ရှိ ရခိုင်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို လေ့လာကြည့်ရင် ဒေါ်အောင်ဆန်းစုကြည် အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒပိုင်းဆိုင်ရာတွေမှာ မပြတ်သားတာကို တွေ့ရပါတယ်။ ပြည်တွင်းရေးကိစ္စရပ်တွေကို ဖြေရှင်းစရာရှိတိုင်း နိုင်ငံတကာရဲ့ အသံတခုခုကြောင့် မိမိတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်မှုကို အဟန့်အတား ဖြစ်စေတာမျိုးဟာ ပေါ်လစီယိမ်းယိုင်မှုပါ။ တချို့ကိစ္စတွေမှာ အနောက်ဘက်အုပ်စုရဲ့ ဆန္ဒနဲ့ မကိုက်ညီတဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံရဲ့ ဆုတံဆိပ်တွေ ရုပ်သိမ်းခံနေရပေမယ့် ရခိုင်ပြဿနာကို ဖြေရှင်းရာမှာ ဒေသခံ ရခိုင်နိုင်ငံရေးပါတီဖြစ်တဲ့ ရခိုင်အမျိုးသားပါတီနှင့် လက်တွဲဆောင်ရွက်ခြင်းမရှိတာ၊ ကိုဖီအာနန်ကော်မရှင်ထဲမှာလည်း ရခိုင်လူမျိုး ဖြစ်သော်လည်း ရခိုင်ဒေသနှင့် အလှမ်းဝေးနေပြီး အပေါ်ယံသာသိသော ရခိုင်လူမျိုးများကို ထည့်ထားခြင်း စတဲ့ အချက်တွေဟာလည်း လက်ရှိအစိုးရရဲ့ အားနည်းချက်တခုလို့ ဝေဖန်သုံးသပ်မှုများလည်း ရခိုင်ဒေသမှာ မြင့်တက်လာပါတယ်။ နောက်ပြီး မတ်လ ၂၀ ရက်နေ့မှာပဲ စစ်တွေမြို့မှာ ရခိုင်အမျိုးသားပါတီက ကြီးမှူးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်သင်တန်းကို ပေးခါနီးဆဲဆဲမှာ ရခိုင်ပြည်နယ်အစိုးရက တားမြစ်လိုက်တာကြောင့် သင်တန်းကို ရပ်ဆိုင်းလိုက်ရတယ်ဆိုတဲ့ သတင်းတွေ တက်လာပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကတော့ အဆိုပါသင်တန်းမှာ နိုင်ငံခြားသား ၂ ဦး ပါဝင်နေတဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ပါမစ်ပါရင် လုပ်လို့ရတယ်လို့ ဖြေထားပြီး ယင်းကဲ့သို့ အချိန်ကပ်မှ ပါမစ်တောင်းရမယ်ဆိုလျှင် ဘယ်လိုမှ လုပ်လို့မရတော့တဲ့ အနေအထားကို ရောက်သွားပြီဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ဖြေထားတာကို တွေ့ရပါတယ်။ အဆိုပါသင်တန်းအတွက် အိန္ဒိယမှ ပညာရှင် ၂ ဦး ပါကြောင်း သိရပါတယ်။ ၎င်းတို့ ပါဝင်နေတဲ့အတွက် သင်တန်းပြုလုပ်မယ့်ကိစ္စကို တပတ်အလိုကတည်းက ခရိုင်ရွေးကောက်ပွဲကော်မရှင်ကတဆင့် မြို့နယ်၊ ခရိုင်အဆင့် တာဝန်ရှိသူတွေကို မိတ္တူရေးပြီး ပို့ပေးထားပြီး တင်ပြထားကြောင်း၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ကလည်း ငြိမ်းစုစီနဲ့လည်း တင်စရာ မလိုတော့ကြောင်း ပြောထားခဲ့ကြောင်း သိရပါတယ်။

မည်သို့ပင်ဆိုစေကာမူ ဒီမိုကရေစီအစိုးရလက်ထက်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်သင်တန်းကို ပိတ်ပင်ခြင်းသည်လည်း နိုင်ငံရေးကို စိတ်ပါဝင်စားသူများ၊ အွန်လိုင်းသုံးသူများအတွက် ဝေဖန်စရာတခု ဖြစ်လာခဲ့ပါတယ်။

နောက်ထပ် ပေါ်လစီယိမ်းယိုင်မှုဟု လက်ရှိအစိုးရကို ဝေဖန်ဖြစ်စေတဲ့ ဖြစ်ရပ်တခုကတော့ အာဆာအဖွဲ့နှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်တခုကို အပြောင်းအလဲ လုပ်ခဲ့တဲ့ကိစ္စပါ။

သြဂုတ် ၂၅ ရက်နေ့က ကင်းစခန်း ၃၀ ကျော်ကို စတင်တိုက်ခိုက်ခဲ့ပြီး လူနေအိမ်ပေါင်း သြဂုတ်လ ၂၈ ရက်ကနေ သြဂုတ် ၃၀ အတွင်း လူနေအိမ်ပေါင်း ၂၃၀၅ ဆောင်ထိ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေက မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ အကြမ်းဖက်သမားတွေဟာ ဘင်္ဂါလီတွေဖြစ်ပြီး မြင်းလွတ်စခန်းကို ဝင်တိုက်စဉ်အခါကလည်း မိုးလင်းခါနီးမှာ ရွာထဲကဖြစ်နေလို့ ပြန်ဆုတ်သွားကြတယ်။ ရွာထဲကိုသွားပြီး ဖမ်းခဲ့ရတယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေက ထွက်ဆိုထားပါတယ်။ ဒီလို အကြမ်းဖက်မှုတွေကြောင့် စက်တင်ဘာ ၂ ရက်နေ့ အစိုးရရဲ့ ထုတ်ပြန်မှုမှာ အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားတွေက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာ တိုက်ခိုက်မှု ၅၂ ကြိမ်၊ ထိတွေ့မှု အကြိမ် ၉၀ နှင့် သြဂုတ်လ ၂၅ ရက်နေ့မှာပဲ အကြမ်းဖက်သမားတွေနဲ့ ထိတွေ့မှု ၃၈ ကြိမ် ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ နေအိမ်ပေါင်း ၂၆၂၅ လုံး ဆုံးရှုံးခဲ့ပါတယ်။ သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်ထိ ထိတွေ့တိုက်ပွဲ အကြိမ်ပေါင်း ၉၀ ဖြစ်ပွားခဲ့ရာ တပ်မတော်မှ စစ်သည် ၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ နိုင်ငံ့ဝန်ထမ်း ၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီး တပ်မတော်မှ စစ်သည် ၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမှာ ပျောက်ဆုံးနေလျက် ရှိသည်။ အကြမ်းဖက်သမားတို့၏ တိုက်ခိုက်မှုကြောင့် ဟိန္ဒူဘာသာဝင် ၇ ဦး၊ ဒိုင်းနက်တိုင်းရင်းသား ၃ ဦး၊ ရခိုင်တိုင်းရင်းသား ၂ ဦး ဒဏ်ရာရရှိကာ ၂ ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ပထမထုတ်ပြန်ခဲ့တဲ့ သတင်းများမှာ အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားဟု အင်္ဂလိပ်ဘာသာဖြင့် သုံးစွဲခဲ့သည့်အပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝေဖန်မှုပြုခဲ့သည့်အပေါ် နောက်တနေ့မှာပင် ARSA အစွန်းရောက် အကြမ်းဖက်သမားများအဖွဲ့ ဖြစ်သွားခဲ့ဖူးပါတယ်။ ယင်းအသုံးအနှုန်းကို သုံးပေးသည့်အားဖြင့် R ဆိုသော စကားလုံးကို အလိုလို သုံးပေးသွားသလို ဖြစ်ပြီး စကားလုံးတလုံးကိုတောင် မိမိတို့အစိုးရအနေဖြင့် လုံခြုံအောင် မထိန်းပေးနိုင်ပေဘူးလားဆိုပြီး ဝေဖန်ခဲ့မှုများ မြင့်တက်ခဲ့ဖူးပါတယ်။

ယင်းကဲ့သို့ ခြွင်းချက်များ၊ အားနည်းချက်များဖြင့် ၃ နှစ်သက်တမ်းထဲသို့ ရောက်ရှိလာနေသော လက်ရှိအစိုးရကတော့ နိုင်ငံရေးသိပ္ပံစကားအရ ပြည်သူနှင့် လက်တွဲသွားမည်၊ မသွားမည် ဆိုသည်ကတော့ လာမည့်ရွေးကောက်ပွဲက အဖြေပေးလာပါလိမ့်မည်။ ပြည်သူလိုအင်ဆန္ဒနှင့် အစိုးရရဲ့ လုပ်ဆောင်ချက်များကတော့ လွန်ဆွဲနေဆဲပဲ မြင်တွေ့နေရပါတယ်။

ကျော်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013