
နုတ်ထွက်သွားတဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ နေရာမှာ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်က တာဝန်ယူသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဒီဗွီဘီနဲ့ သီးသန့်တွေ့ဆုံရာမှာ အတည်ပြုပြောပါတယ်။
“လက်ရှိ လုပ်ထုံးလုပ်နည်းတွေကို အကဲခတ်ရရင် ဦးဝင်းမြင့်ဟာ သမ္မတကြီး တာဝန်ကို ယူမယ်လို့ ခန့်မှန်းရပါတယ်။ လက်ရှိအချိန်ထိတော့ ပါတီကို အသိပေးထားတာတော့ မရှိသေးဘူး။ ဒါပေမယ့် အခုလုပ်နေတဲ့ လုပ်ငန်းစဉ်အရတော့ ဦးဝင်းမြင့်ပဲ နိုင်ငံတော်သမ္မတ တာဝန်ကိုယူလိမ့်မယ်လို့ ထင်ပါတယ်” လို့ ဒေါက်တာမျိုးညွန့် ကပြောပါတယ်။
သမ္မတ ဦးထင်ကျော်ဟာ လက်ရှိအလုပ်တာဝန်တွေကနေ အနားယူလိုတာကြောင့် ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့က စပြီး နိုင်ငံတော်သမ္မတရာထူးကနေ နုတ်ထွက်သွားကြောင်း သမ္မတရုံး က မတ်လ ၂၁ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
နှစ်ပေါင်း ၅၀ကျော်အတွင်း ပထမဦးဆုံး အရပ်သားသမ္မတဖြစ်တဲ့ ဦးထင်ကျော် ဟာ သူရဲ့သမ္မတ သက်တမ်း ၂ နှစ်ပြည့်ဖို့ ၉ ရက်အလိုမှာ နုတ်ထွက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ အသက် ၇၂ နှစ်ရှိနေပါပြီ။
သမ္မတဦးထင်ကျော် ရာထူးက နုတ်ထွက်ခဲ့တဲ့ တရက်တည်းမှာပဲ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ဟာလည်း လွှတ်တော်ဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
လစ်လပ်သွားတဲ့ နိုင်ငံတော်သမ္မတရာထူးကို အလုပ်လုပ်ရက် ၇ ရက်အတွင်း ဖြည့်စွက်နိုင်ရေး အခြေခံဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။
သတင်း၊ ဓာတ်ပုံ - ပြည့်ဘုန်းအောင်











