
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု ဘန်းယဉ်တိုက်နယ် တိကလိုင်ရွာသားတဦးကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက ငွေတောင်းခြိမ်းခြောက်ပြီး ရိုက်နှက်ခဲ့တာကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ မတ် ၂၀ ရက်နေ့ ည ၈ နာရီအချိန်မှာ PNA အသွင်ပြောင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်လို့ ယူဆရသူ ၃ ဦးက တိကလိုင်ရွာထဲဝင်ပြီး ရွာသူကြီးထံ ပိုက်ဆံတောင်းကာ ရွာသားတွေကို ပြဿနာရှာ ရိုက်နှက်မှု ဖြစ်ပွားခဲ့တာပါ။
ဘန်းယဉ် ခေတ္တစခန်းမှူး ဖြိုးမင်းနောင်က “PNA ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတယ်၊ အတည်မပြုသေးသော်လည်း ကျိန်းသေတယ် PNA ကပါ။ သူတို့ အရက်သောက်ထားတယ်၊ ရွာထဲကိုလာပြီး သူကြီးဆီ ပိုက်ဆံတောင်းတယ်။ တသောင်းပေးလိုက်တယ်။ သူတို့က ရွာထဲတွေ့တဲ့လူကို ပြဿနာရှာချင်တာပေါ့၊ ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်း ဦးထွန်းအောင်က တောင်းပန်တယ်၊ ဦးထွန်းအောင်ကို ပစ္စတိုနဲ့ပစ်တယ်၊ ကျည်မထွက်ဘူးဗျာ၊ ကျည်မထွက်တဲ့အခါ သူတို့က သေနတ်ဒင်နဲ့ ရိုက်တယ်၊ တုတ်နဲ့ ရိုက်တယ် ခေါင်းထိတယ်၊ ညာလက်ကျိုးသွားတယ်၊ ဒဏ်ရာတော့ စိုးရိမ်ရတယ်” လို့ ပြောပါတယ်။
တိကလိုင်ရွာသားတဦးက “တိကလိုင်ရွာမှာ ငွေလာတောင်းတာ၊ ဦးထွန်းအောင်က တောင်းပန်တာကို ရိုက်နှက်လိုက်တာ ဖြစ်တယ်၊ တပ်ဖွဲ့ဝင်တွေရဲ့ အမည်တော့ မသိဘူး၊ ထွက်ပြေးသွားတယ်။ သေနတ်တွေပစ်တော့ ရွာသားတွေလည်း ကြောက်နေကြတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် တပ်ဖွဲ့ဝင်သုံးဦးက ဦးထွန်းအောင်ကို ရိုက်နှက်ပြီး ပြန်သွားတဲ့အချိန်မှာ ဆိုင်ကယ်နဲ့ ရွာထိပ်ကနေ ပြန်လာတဲ့ ရွာသား တီခေါင်ကိုလည်း တားပြီး ရိုက်တာကြောင့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရသူ ဦးထွန်းအောင်ရဲ့ အမျိုးသမီးက ဘန်းယဉ် ရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၃၂၅/၁၁၄ အပြင်းထန် နာကျင်စေမှုနဲ့ အမှုဖွင့် တိုင်ကြားထားတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး PNA အသွင်ပြောင်း ပြည်သူ့စစ်ဗဟိုဌာနချုပ် တာဝန်ရှိသူကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်မှုမရရှိခဲ့ပါ။
လက်ရှိမှာတော့ ရွားသားနှစ်ဦးအား ရိုက်နှက် ထွက်ပြေးသွားသူ ၃ ဦးကို ဖမ်းမမိသေးဘူးလို့ သိရပါတယ်။
သတင်း - ခွန်ရာဇာ











