
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကသဲရပ်ကွက်က ၂၄ နှစ်အရွယ် ကိုသန်းအောင်စိုးကို ကင်းလှည့်နေတဲ့ စစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေမြို့မှာ သြဂုတ် ၁၉ ရက် ည ၈ နာရီကျော်လောက်က ကင်းလှည့်နေတဲ့ စစ်သားနဲ့ ရဲ အယောက် ၂၀ က အလုပ်လုပ်ပြီး ပြန်လာတဲ့ ကိုသန်းအောင်စိုးကို ဖမ်းဆီးသွားတာလို့ စစ်တွေမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“သူက လက်သမားလုပ်တဲ့သူ။ အဲဒီနေ့က အလုပ်ဆင်းပြီး ပြန်လာတော့ လမ်းမှာ ကင်းလှည့်နေတဲ့ စစ်သားနဲ့ ရဲတွေက ဖမ်းပြီး ကားပေါ်တင်သွားတယ်။”
သူ့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားမှန်း မသိရသေးတာကြောင့် စိုးရိမ်ကြတယ်လို့ မိသားစုဝင်တယောက်က ပြောပါတယ်။
“အမှတ် ၁ ရဲစခန်းကို သွားကြည့်တော့လည်း မရှိဘူး။ ထင်တာ စစ်ကြောရေးကို ပို့လိုက်ပြီထင်တယ်။ အရမ်းစိတ်ပူတယ်။ သူက သာမန်အရပ်သားတယောက်၊ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့သူ တယောက်ပါ။ အပြစ်မရှိရင် အမြန်လွှတ်ပေးစေချင်တယ်။”
စစ်တွေမှာ စစ်အာဏာရှင်တပ်က ဒေသခံတွေကို အခုလိုမျိုး အကြောင်းပြချက် အမျိုးမျိုးနဲ့ ဖမ်းဆီးနေပြီး ဖမ်းဆီးခံရတဲ့သူတွေ ပြန်မလွတ်လာတာလည်း ရှိတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူ အများစုဟာ အမျိုးသားတွေဖြစ်ပြီး တချို့က စစ်ကြောရေးကို ပို့ဆောင်ခံရကာ တချို့ကတော့ စစ်တွေအကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံနေရတယ်လို့ ထောင်တွင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်တွေမြို့နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်အာဏာရှင်တပ်တို့ အပြန်အလှန် ထိတွေ့တိုက်ခိုက်မှု မရှိပေမဲ့ စစ်တပ်က ဒရုန်း၊ လက်နက်ကြီးကျည်တွေနဲ့ AA ရှိနိုင်တဲ့ နေရာတွေကို ပစ်ခတ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။











