
ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း သာယာဝတီခရိုင်နဲ့ ပြည်ခရိုင်အတွင်းရှိ မြို့နယ်တွေက တောင်သူ၁၀၀၀၀ ကျော်ကို လင်းမိုးကုမ္ပဏီဝန်ထမ်းနှစ်ဦးက တစ်ဧကကို ကျပ်၅ သိန်းနှုန်း ငွေချေးပေးမယ်ပြောပြီး စာရွက်စာတမ်းကြေး၊ အမြန်ကြေး၊ VIP ကြေးဆိုပြီး ငွေလိမ် သွားခဲ့တယ်လို့ တောင်သူတွေက ဒီဗွီဘီကိုပြောပါတယ်။
သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်း၊ မိုးညိုစတဲ့ မြို့နယ်၁၁မြို့နယ်က တောင်သူ ၁ သောင်းကျော်ရဲ့ လယ်ဧက ၃ သိန်းကျော်ကို စိုက်ပျိုးစရိတ်ချေးငွေထုက်ချေးပေးမယ်ဆိုပြီး တောင်သူတွေထံက ငွေကျပ်သိန်းပေါင်း ၅၀၀၀ ကျော် လိမ်လည်သွားခဲ့တာပါ။
သာယာဝတီမြို့နယ်မှ လယ်သမားကိုယ်စားလှယ် ကိုသော်ဇင်ဦးက “လင်းမိုးကုမ္ပဏီ သာယာဝတီခရိုင်ရုံးခွဲ တာဝန်ခံ ကိုကျော်စွာဝင်းနဲ့ မအိအိခင်က ကျနော်တို့ကိုကုမ္ပဏီက ငွေချေးမယ်။ တောင်သူတစ်ဦးကို တစ်ဧကကို ၅ သိန်းနှုန်း၊ လုပ်ငန်းရှင်တစ်ဦးကို အိမ်၊ခြံ၊မြေ ဂရမ်ပြနိုင်ရင် ၁၀ သိန်းကနေ သိန်း ၂၀ အထိ ချေးမယ်။ အဲအတွက် တောင်သူတဦးကို စာရွက်စာတမ်းကြေး ၃၀၀၀ ကျပ်၊ အမြန်လိုချင်ပါက ၂၅၀၀၀ ကျပ်ပေးရမယ်ဆိုပြီး တောင်းလို့ ကျနော်အပါအဝင်တောင်သူတွေရဲ့ လယ်ဧက ၃၀၀၀၀ ကျော် လုပ်ငန်းရှင် ၅၀ ဦးလောက်က ငွေပေးခဲ့ရပါတယ်”လို့ ပြောပါတယ်။
လယ်သမားကိုယ်စားလှယ် ကိုသူဇော်ဝင်းက “သာယာဝတီခရိုင် တခုလုံးမှာ လယ်ဧက ၅ သိန်းနီးပါရှိတယ်။ အခုအလိမ်ခံရတာ လယ်ဧက ၃ သိန်းကျော်တယ်။ တောင်သူတွေက ဒုက္ခရောက်နေလို့ ကူညီရာရမလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့ သူတို့တောင်းတဲ့ငွေကို အတိုးနဲ့ ချေးပြီး ပေးရတယ်။ ဝန်ထမ်းကလိမ်လို့ ကုမ္ပဏီက မန်နေဂျင်းဒါရိုက်တာကို သွားပြောတော့ ငွေကောက်တာ၊ ငွေချေးတာသူတို့နဲ့ မဆိုင်ဘူး။ ခိုင်းလည်းမခိုင်းတဲ့အတွက် သူတို့ကုမ္ပဏီအနေနဲ့ တာဝန်မယူနိုင်ဘူး။ တောင်သူတွေမတက်နိုင်ရင် ထွက်ပြေးနေတဲ့ဝန်ထမ်းနှစ်ဦးကို သူတို့တရားစွဲ ပေးမယ်လို့ဘဲ ပြောတယ်"လို့ ပြောပါတယ်။
ဝန်ထမ်းတွေ ငွေကြေးလိမ်လည်တောင်းယူတာတွေနဲ့ပတ်သက်လို့ လင်းမိုးကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးစိုင်းသောင်းညွှန်ကို မေးမြန်းရာမှာတော့ "အန်ကယ်တို့ကုမ္မဏီက ငွေချေးတဲ့ကုမ္ပဏီ မဟုတ်ဘူး။ ရုံးစဖွင့်ကတည်းက ပြောထားပါတယ်။ တောင်သူတွေရဲ့ အခက်အခဲတွေကို ယူမယ်၊ နိုင်ငံတော်သိအောင် တင်ပြပေးမယ်။ ဘဏ်တွေနဲ့ချိန်ဆက်ပြီး ချေးငွေရအောင် ကူညီပေးမယ်ပဲပြောတာပါ။ အခုဝန်ထမ်းတွေက ငွေချေးမယ်ဆိုပြီး သူတို့ဟာသူတို့ လုပ်တာဖြစ်တဲ့အတွက် ကျနော်တို့ ကုမ္ပဏီနဲ့ မဆိုင်ပါဘူး။ အဲဒီဝန်ထမ်းတွေကိုလည်း သတင်းစာထဲမှာထည့်ကြော်ငြာပြီး လာရောက်ဖြေရှင်းဖို့ ပြောထားပါတယ်။ အန်ကယ်တို့ ဘက်ကလည်း တရားစွဲဆိုသွားမှာပါ” လို့ ပြောပါတယ်။
တောင်သူတွေကတော့ ဒီကိစ္စကုမ္ပဏီမှာ တာဝန်အပြည့် ရှိကြောင်းနဲ့ ကုမ္ပဏီက တာဝန်ယူဖြေရှင်းပေးတာ မရှိပါက တရားစွဲဆိုသွားမယ်လို့ ပြောပါတယ်။
သတင်း-မေသွယ်











