
ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေဟာ နာတာရှည်ရောဂါတခုလို ဖြစ်နေခဲ့ပါပြီ။ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခက စလို့ ယနေ့အချိန်ထိ မပြီးဆုံးနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ ဖြစ်ခဲ့တဲ့ လုံခြုံရေးကင်းစခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်စဉ် နောက်ပိုင်းမှာ နိုင်ငံတကာရဲ့ အထူးအာရုံစိုက်မှု အရှိန်မြင့်ခဲ့ရပါတယ်။
ဒီဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က အင်အားအလွန်အကျွံသုံး ဖြေရှင်းမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ UN အပါအဝင် နိုင်ငံတကာရဲ့ ဖိအားပေးမှုပေါင်းစုံကို မြန်မာအစိုးရအနေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့လို UN မှာ ဗီတိုအာဏာရှိတဲ့ နိုင်ငံကြီးတွေ အပါအဝင် အခြားနိုင်ငံတွေရဲ့ တောင်းဆိုခဲ့မှုတွေကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တံခါးဖွင့် ဆွေးနွေးခဲ့ရသည်အထိ ရခိုင်အရေးဟာ ဖြစ်ခဲ့ရပါတယ်။ ဒီလိုပဲ ရုရှားမှာလုပ်ခဲ့တဲ့ နိုင်ငံတကာ ပါလီမန်များ ညီလာခံမှာလည်း အရေးပေါ်ကိစ္စရပ် ၁၈ ခု တင်ပြ ဆွေးနွေးခဲ့ကြတဲ့အထဲမှာ ရခိုင်အရေး တင်ပြဆွေးနွေးမှုက ၁၀ ခုအထိ ပါခဲ့တာပါ။ ဒါ့အပြင် UN ရဲ့ နိုင်ငံတကာမှာ ဝင်ရောက်ကာကွယ်ပေးရေး သဘောတူမှုတခုဖြစ်တဲ့ R2P (International Coalition for the Responsibility to Protect) ဟာ ရခိုင်အရေးမှာ ဝင်လာနိုင်၊ ဝင်မလာနိုင်ဆိုတဲ့ ပြောဆိုဆွေးနွေးမှုတွေလည်း လတ်တလောမှာ ရှိနေခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက R2P ဝင်မလာနိုင်ဘူးလို့ ပြောဆိုထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်ကတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ခွာသွားခဲ့ကြတဲ့ ဒုက္ခသည်တွေကို ၁၉၉၃ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်ပါ အချက်တွေနဲ့ ပြန်လည်စိစစ် လက်ခံဆဲကာလအဖြစ် ရှိနေပါတယ်။
အရေးယူမှု အရိပ်အမြွက်
ရခိုင်ပြဿနာ အရှိန်မြင့်လာတဲ့နောက်ပိုင်းမှာ အနောက်အုပ်စုက မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုတွေနဲ့အတူ အရေးယူမှု အခြေအနေတွေလည်း ရှိလာခဲ့ပါတယ်။ အီးယူ (ဥရောပသမဂ္ဂ) က မြန်မာ့စစ်ဘက်ဆိုင်ရာ အရာရှိတွေကို ဖိတ်ခေါ်တဲ့ အစီအစဉ်တွေကို ရပ်ဆိုင်းခဲ့သလို ဗြိတိန်ကလည်း မြန်မာ့စစ်ဘက်အရာရှိတွေကို သင်တန်းပေးနေတဲ့ အစီအစဉ်တွေ ရပ်ဆိုင်းခဲ့ပါတယ်။ ဒါ့အပြင် ဦးသိန်းစိန် အစိုးရ လက်ထက်ကတည်းက ကြိုးပမ်းခဲ့ပြီး အပြီးသတ် မချုပ်ဆိုနိုင်သေးတဲ့ အီးယူ-မြန်မာ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူစာချုပ် (EU-Myanmar Investment Protection Agreement) ကိုလည်း အီးယူဘက်က ဖျက်လိုက်ပါတယ်။
အီးယူဟာ မြန်မာပြည် တံခါးဖွင့်ဝါဒ ပြန်လည်ကျင့်သုံးတဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာကတည်းက စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းခဲ့တာပါ။ အမေရိကန်ကတော့ အန်အယ်လ်ဒီအစိုးရလက်ထက် ရောက်မှ အရေးယူပိတ်ဆို့မှုတွေကို ရုပ်သိမ်းခဲ့ပါတယ်။ အီးယူဟာ မြန်မာနိုင်ငံကပို့တဲ့ ကုန်စည်တွေအပေါ် အထူးအခွန်သက်သာခွင့် (GSP) ကို ပေးခဲ့ပါတယ်။ ဒါ့အပြင် အကူအညီအနေနဲ့ ယူရိုငွေ သန်း ၉၀၀ ကျော် ပေးမယ့်အစီအစဉ်ကို အီးယူ ကုန်သွယ်ရေနဲ့ စီးပွားရေးဌာန အကြီးအကဲက ၂၀၁၅ ခုနှစ်က တရားဝင် ပြောခဲ့ပါတယ်။ ဒီအခွင့်အရေးတွေ တချိန်မှာ ရပ်တန့်သွားနိုင်မလား၊ ဆက်ရှိနေမလား ဆိုတာဟာ လက်ရှိ ရခိုင်အရေးမှာ အမြင်ကြည်လင်မှုမရှိတဲ့ အီးယူရဲ့ ဆုံးဖြတ်ချက်တွေနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။
ကမ္ဘာ့ဘဏ်ကလည်း ချေးငွေ ဒေါ်လာသန်း ၂၀၀ ပေးမယ့် အစီအစဉ်တခုကို ရခိုင်အရေးနဲ့ပတ်သက်ပြီး ဆိုင်းငံ့သွားခဲ့ဖူးပါတယ်။ ကမ္ဘာ့ဘဏ်လို အဖွဲ့အစည်း ဆိုတာကလည်း နိုင်ငံအလိုက် ရန်ပုံငွေထည့်ဝင်မှုအပေါ် မဲပေးခွင့်အာဏာ (Voting Power) နဲ့ သွားတာပါ။ Voting Power အများဆုံးတွေထဲမှာ ဗြိတိန်၊ အမေရိကန်နဲ့ ပြင်သစ်နိုင်ငံတွေ ပါပါတယ်။
အနောက်အုပ်စုနဲ့ ရင်းနှီးမြှုပ်နှံမှု
မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကို ကြည့်ရင် အနောက်အုပ်စုက ထိပ်ဆုံးမှာ မရှိပါဘူး။ ဒါပေမယ့် ဗြိတိန်ဟာ နံပါတ် ၅ နေရာမှာ ရှိနေပါတယ်။ အမေရိကန် လုပ်ငန်းတွေကတော့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မရှိသလောက် နည်းပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ရှိနေတဲ့ အမေရိကန်အခြေစိုက် လုပ်ငန်းတွေဟာလည်း စင်ကာပူကနေတဆင့် ရင်းနှီးမြှုပ်နှံမှုနဲ့ ဝင်ခဲ့ကြတာပါ။ “ရခိုင်မှာဖြစ်နေတဲ့ အခြေအနေတွေနဲ့ ဆက်စပ်ပြီး အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ တုံ့ဆိုင်းသွားလိမ့်မယ်၊ အနောက်အုပ်စု ရင်းနှီးမြှုပ်နှံမှုတွေ မျှော်လင့်လို့ မရဘူး’’ လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောဆိုထားပါတယ်။ ဒါကတော့ မြန်မာနိုင်ငံမှာ ဝင်လာမယ့် အနောက်အုပ်စုရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး သိသိသာသာ ထိခိုက်စေတဲ့ အချက်ပါ။
မငြိမ်သက်မှုတွေကြားထဲက စီမံကိန်းများ
ပဋိပက္ခတွေ ရှိနေပေမယ့် ရခိုင်ပြည်နယ်ထဲမှာ အရေးပါတဲ့ စီမံကိန်းကြီးတွေလည်း ရှိနေပါတယ်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရွှေသဘာဝဓာတ်ငွေ့ လုပ်ကွက်တို့လို စီမံကိန်းကြီးတွေပါ။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို လက်ရှိအချိန်မှာ တရုတ်ကုမ္ပဏီ CITIC၊ မြန်မာကုမ္ပဏီတွေ ပေါင်းထားတဲ့ မြန်မာကျောက်ဖြူ အထူးစီးပွားရေးဇုန်ကုမ္ပဏီ အဖွဲ့ (MKSHC) နဲ့ မြန်မာအစိုးရတို့ ပူးပေါင်းလုပ်ဆောင်ကြမှာပါ။ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို အစပိုင်းက ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နဲ့ အိမ်ရာစီမံကိန်း ဆိုပြီး စီမံကိန်းသုံးခုနဲ့ အကောင်အထည်ဖော်ဖို့ လုပ်ခဲ့ပေမယ့် ခုချိန်မှာတော့ ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ စက်မှုဇုန်စီမံကိန်းကိုပဲ လုပ်သွားဖို့ ပြင်ဆင်နေကြတဲ့အချိန်ပါ။ နောက်ဆုံးညှိနှိုင်းမှုတွေအရ သိရတာက ရေနက်ဆိပ်ကမ်းစီမံကိန်းကို တရုတ်ကုမ္ပဏီက ၇၀ ရာခိုင်နှုန်း၊ မြန်မာကုမ္ပဏီအဖွဲ့က ၂၅ ရာခိုင်နှုန်းနဲ့ အစိုးရက ၅ ရာခိုင်နှုန်း ပူးပေါင်းမှုနဲ့ သွားမှာပါ။ စက်မှုဇုန်စီမံကိန်းကိုတော့ တရုတ်ဘက်က ၅၁ ရာခိုင်နှုန်း မှန်းထားပါတယ်။
ရွှေသဘာဝဓာတ်ငွေ့လုပ်ကွက်ကတော့ ကိုရီးယား ဒေဝူးကုမ္ပဏီ၊ အိန္ဒိယ ONGC ကုမ္ပဏီ၊ ကိုရီးယား KOGAS ကုမ္ပဏီ၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ တရုတ်က CNPC ကုမ္ပဏီတို့ ပူးပေါင်းပတ်သက်နေတဲ့ စီမံကိန်းပါ။ သဘာဝဓာတ်ငွေ့ကို ၂၀၁၃ ခုနှစ်မှာကတည်းက တရုတ်နိုင်ငံကို စတင်ပို့နေခဲ့တာပါ။
မတည်ငြိမ်မှုနဲ့ စီးပွားရေးခရီး
နိုင်ငံတနိုင်ငံမှာ စီးပွားရေးသမားတွေ ဝင်ရောက်လုပ်ကိုင်ကြဖို့ ဆိုတာမှာ အရေးကြီးဆုံးအနေနဲ့ နိုင်ငံရေးတည်ငြိမ်မှုကို ကြည့်ကြပါတယ်။ နောက်တော့ လျှပ်စစ်မီး၊ လမ်း၊ တံတားကအစ အခြေခံအဆောက်အအုံ ရေခံမြေခံကို ကြည့်သလို စီးပွားရေး လုပ်သာကိုင်သာရှိမှု အဆင့်သတ်မှတ်ချက် (Ease of Doing Business Ranking) ကိုလည်း ကြည့်ကြပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေက ဒါတွေအားလုံးမှာ လိုအပ်ချက် ဖြစ်နေရတာမို့ ရင်းနှီးမြှုပ်နှံမှုတွေလာဖို့ မနည်းခေါ်နေရတာပါ။ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်က တဖက်၊ ဒီမိုကရေစီခရီးကို သွားရတာက တဖက်၊ ဖွံ့ဖြိုးမှု နောက်ကောက်ကျခဲ့လို့ အခြေခံအဆောက်အအုံ မပြည့်စုံမှုက တဖက် စတာတွေနဲ့ လုံးလည်ပတ်လည်ရိုက်ရင်း စီးပွားရေး လုပ်သာကိုင်သာရှိမှု အဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၇၁ နဲ့ နောက်ဆုံးနား ရောက်နေတာကိုလည်း တက်ဖို့ရာ အခုမှ စနစ်တကျ လုပ်ရမယ့် အခြေအနေပါ။ ဒီလိုအချိန်မှာ ရခိုင်ပြဿနာက နိုင်ငံတကာ အမြင်မကောင်းလာတဲ့ ဖြစ်စဉ်ဟာ မြန်မာ့စီးပွားရေး ရှေ့တိုးရမယ့်ခရီးကို ဖင့်စေမှာတော့ အမှန်ပါပဲ။
သစ်နေမိုး










