DVB Logo
Home
မြန်မာသတင်း
တပ်မတော်အပေါ် မုန်းတီးအောင် ဆောင်ရွက်မှုများရှိနေဟု ကာကွယ်ရေးဦးစီးချုပ်ပြော
DVB
·
March 21, 2018
တပ်မတော်အပေါ် မုန်းတီးအောင် ဆောင်ရွက်မှုများရှိနေဟု ကာကွယ်ရေးဦးစီးချုပ်ပြော
Donate to DVB

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ အမျိုးမျိုးကြောင့် တပ်မတော်အပေါ် မုန်းတီးတွေ ဖြစ်ပေါ်အောင် ဆောင်ရွက်မှုတွေ ရှိနေတယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

မတ်လ ၁၉ ရက်က ကချင်ပြည်နယ် ပူတာအိုတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုတွေကို တွေ့ဆုံ အမှာစကား ပြောကြားရာမှာ  ထည့်သွင်းပြောကြားသွားတာလို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မိမိတို့နိုင်ငံ၏ နိုင်ငံရေးအခြေအနေအမျိုးမျိုးကြောင့် တပ်မတော်အပေါ် မုန်းတီးမှုဖြစ်ပေါ်အောင် ဆောင်ရွက်မှုများရှိကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှုရှိအောင် ဆောင်ရွက်ချိန်တွင် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါတွင် တပ်မတော်မှ ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်လျက်ရှိပြီး ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေချိန်တွင် လက်နက်ကိုင် ဖြေရှင်း၍မရနိုင်ကြောင်း” ပြောသွားပါတယ်။

ဒါ့အပြင် ဘင်္ဂါလီကိစ္စနဲ့ပတ်သက်ပြီးလည်း ဘင်္ဂါလီလူမျိုးတွေဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး ဆုံးရှုံးချိန်မှာ ဘင်္ဂလားဒေသမှ ခေါ်ဆောင်လာတဲ့ လူတွေကနေ ပေါက်ဖွားလာတာ ဖြစ်တယ်။ မြန်မာနိုင်ငံမှ တိုင်းရင်းသားတွေနဲ့ အသွင်သဏ္ဌာန်အရ၊ ယဉ်ကျေးမှုအရ တူညီမှုမရှိဘဲ မိမိတို့တိုင်းရင်းသားတွေ မဟုတ်ပါ။ ၎င်းတို့ဟာ မြန်မာနိုင်ငံအတွင်း နေထိုင်မှုကြာလာတာနဲ့အမျှ နိုင်ငံသားအဖြစ် တောင်းဆိုမှုတွေကြောင့် အခုလို ပြဿနာတွေ ဖြစ်ရတာလို့ တပ်မတော်အကြီးအကဲက ဆိုပါတယ်။

အဆိုပါဒေသမှာ မိမိတို့ တိုင်းရင်းသားလူမျိုးတွေကို  ဘင်္ဂါလီလူမျိုးတွေက မျိုးစုံခြိမ်းခြောက်နေပြီး ဒေသခံ တိုင်းရင်းသားတွေကိုသာမက မိမိတို့တပ်ဌာနချုပ်စခန်းတွေကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ဖြစ်စဉ်မှန်တွေကို နိုင်ငံတကာက မသိရှိဘဲ မိမိတို့တပ်မတော်က တိုက်ခိုက်မှုကြောင့် တဖက်နိုင်ငံသို့ ထွက်ပြေးသွားတယ်လို့ စွပ်စွဲပြောဆိုနေကြောင်း၊ တဖက်နိုင်ငံသို့ ထွက်ပြေးသွားတဲ့ ဘင်္ဂါလီအများစုဟာ မိမိတို့ တပ်ဌာနချုပ်စခန်းတွေကို အကြမ်းဖက် ဝင်ရောက်တိုက်ခိုက်ချိန်မှာ ပါဝင်သူတွေနဲ့ ပတ်သက် ဆက်နွှယ်သူတွေ၊ ဘာသာစကား၊ ယဉ်ကျေးမှုမတူညီလို့ တူညီတဲ့ ဒေသသို့ ရွှေ့ပြောင်းမှုဖြစ်နိုင်ကြောင်း၊ မိမိတို့တပ်မတော်ဟာ နိုင်ငံတော်ကိုယ်စားပြု လက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်ပြီး ဘင်္ဂါလီအရေးကို ဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်လို့လည်း ပြောသွားပါတယ်။

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013