
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော်ဟာ လက်ရှိအလုပ်တာဝန်တွေကနေ အနားယူလိုတာကြောင့် ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့မှစ၍ နိုင်ငံတော်သမ္မတရာထူးမှ နုတ်ထွက်သွားကြောင်း သမ္မတရုံးက မတ်လ ၂၁ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၇၃၊ ပုဒ်မခွဲ(ခ) နဲ့အညီ လစ်လပ်သွားတဲ့ နိုင်ငံတော်သမ္မတရာထူးကို အလုပ်လုပ်ရက် ၇ ရက်တွင်း ဖြည့်စွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက “ဟုတ်ပါတယ်။ ကျန်းမာရေးကတော့ ကောင်းပါတယ်။ အရင်က ထုတ်ပြန်ခဲ့သလိုပါပဲ။ လိုအပ်တဲ့ ခွဲစိတ်ကုသမှုတွေလုပ်ပြီး ကျန်းမာရေး ကောင်းပါတယ်။ ဒါပေမယ့် အနားယူလိုတယ်ဆိုတဲ့အတွက် အနားယူတာပါ။ သမ္မတ ပြန်ရွေးဖို့ ကတော့ ပြည်ထောင်စုလွှတ်တော်မှာပဲ ပုဒ်မ ၇၃၊ ရွေးချယ်ရေးအတိုင်း ရွေးချယ်မှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၃(ခ) မှာ နိုင်ငံတော်သမ္မတရာထူးနေရာ လစ်လပ်သွားတဲ့အခါ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေချိန်ဖြစ်ရင် လစ်လပ်သွားတဲ့ နိုင်ငံတော်သမ္မတရာထူးကို ၇ ရက်အတွင်း ဖြည့်စွက်နိုင်ရေးအတွက် ယာယီ သမ္မတက လွှတ်တော်အကြီးအမှူးကို ဆောလျင်စွာ အကြောင်းကြားရမည်လို့ ပြဋ္ဌာန်းထားပါတယ်။











