
မွန်ပြည်နယ်၊ ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ဖွင့်လှစ်ထားတဲ့ ရေးမြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop-OSS)ကို ပြည်သူတွေ ကျယ်ပြန့်စွာ သိရှိစေပြီး အားကိုးရာနေရာတခု ဖြစ်လာစေဖို့ ကြပ်မတ်ဆောင်ရွက်ပေးနေတယ်လို့ ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ညွန့်က ပြောပါတယ်။
“ထိန်းသိမ်းကြပ်မတ်ဖို့အတွက် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးကို အဓိကထားပြီးတော့ ထိန်းသိမ်းဖို့ တာဝန်ပေးထားတယ်။ စနစ်တကျနဲ့လည်း ဆောင်ရွက်ထားပေးပါတယ်။ လူထု ယုံကြည်မှုကို ရတယ်။ ဒီထက်မကလည်း ဖြစ်လာစေချင်ပါတယ်။ OSS ဆိုတာကို လူတိုင်းက သိလာပြီးတော့ အားကိုးရာ ဖြစ်လာစေချင်ပါတယ်။ ပြည်သူတွေကို အလုပ်အကျွေးပြုတဲ့ ဝန်ထမ်းတွေဖြစ်ဖို့၊ လုပ်ပေးနိုင်တာကို လုပ်ပေးပြီး မလုပ်ပေးနိုင်တာကို ညွှန်ကြားပေးဖို့ ကြပ်မတ် ဆောင်ရွက်နေတယ်။”
လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုတွေကို တားမြစ်ပြီး ထိရောက်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့၊ ပြည်သူတွေက အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေအပေါ် အားကိုးယုံကြည်မှု တိုးပွားလာစေဖို့နဲ့ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေ အပြန်အလှန် ထိန်းကျောင်းပြုပြင်နိုင်ရေး အထောက်အကူဖြစ်ဖို့ ရည်ရွယ်ပြီး ၂၀၁၅ အောက်တိုဘာမှာ ဒီရုံးကို ဖွင့်လှစ်ခဲ့တာပါ။
အဆိုပါရုံးမှာ ထွေ/အုပ်ဦးစီးဌာန အပါအဝင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ စည်ပင်၊ လ.ဝ.က၊ လယ်ယာမြေ စီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာန၊ လျှပ်စစ်၊ ပြည်သူ့ကျန်းမာရေးနဲ့ အခွန်ဦးစီးဌာနတို့က ဝန်ဆောင်မှုပေးနေပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ညွန့်က “ချက်ချင်းပေါ့။ တရက်နဲ့ လုပ်ပေးနိုင်တာကို တရက်နဲ့ လုပ်ပေးဖို့၊ သုံးရက်အတွင်း၊ တပတ်အတွင်း အစရှိသဖြင့် လုပ်ပေးနိုင်တာတွေ လုပ်ပေးဖို့၊ တပတ်အတွင်း လုပ်ပေးလို့မရတဲ့ ကိစ္စမျိုးဆိုရင်လည်း ပြည်သူတွေ နားလည် သဘောပေါက်အောင် ရှင်းပြပေးဖို့ ပြောဆိုထားပါတယ်။ အဓိကကတော့ One Stop Shop ဆိုတာက အကုန်လုံးကို ချက်ချင်း လုပ်ပေးတာတော့ မဟုတ်ဘူး။ ရုံးတွေအားလုံးကို သွားနေစရာ မလိုဘဲနဲ့ ဒီမှာ လာပြီးတော့ လုပ်ခြင်းအားဖြင့် ပြည်သူတွေက ပိုပြီးတော့ အဆင်ပြေတယ်။ လာဘ်ပေးလာဘ်ယူတွေလည်း ပပျောက်သွားမယ်”လို့ ပြောပါတယ်။
OSS ရုံးရဲ့ ဝန်ဆောင်မှုရယူတဲ့ ပြည်သူတွေအနေနဲ့ အခွန်တံဆိပ်ခေါင်း ဝယ်ယူတာ၊ ကျန်းမာရေး၊ မီးသတ်၊ ထွေ/အုပ်၊ ရဲတပ်ဖွဲ့ စတဲ့ဌာနတွေမှ ထောက်ခံချက်ရယူတာသာ များပြားပြီး စတင်ဖွင့်လှစ်ချိန်ကနေ အခုလအထိ ဝန်ဆောင်မှုပေါင်း ၆၀၀၀ ကျော်ခန့်ကို ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ အဲဒီရုံးက သိရပါတယ်။
ရန်မျိုးအောင်ရပ်ကွက်နေ ဦးအောင်ခိုင်က “ပိုမိုကျယ်ပြန့်ဖို့ ရပ်ကွက်တွေမှာ ကြော်ငြာထားသင့်တယ်။ ရည်ရွယ်ချက်က ကောင်းတယ်။ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး အမှန်တကယ် ဆောင်ရွက်ပေးနိုင်တာကို ချက်ချင်း ဆောင်ရွက်ပေးနိုင်သရွေ့ အောင်မြင်မှုရှိမှာ ဖြစ်သလို ထိုက်သင့်တဲ့ ဝန်ဆောင်မှု မပေးနိုင်တာတွေကိုလည်း ပွင့်လင်းမြင်သာစွာ အရေးယူ ဆောင်ရွက်မှု လုပ်ပေးရပါမယ်”လို့ ပြောပါတယ်။
သတင်း - ဝင်းနိုင်သက်











