DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုဒ်ပိတ်သိမ်းပြီး မြန်မာပြည်ကထွက်ခွာမည်
DVB
·
March 20, 2018
အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုဒ်ပိတ်သိမ်းပြီး မြန်မာပြည်ကထွက်ခွာမည်
Donate to DVB

 

မြန်မာနိုင်ငံမှာလူသိများတဲ့ အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုဒ်တခုဖြစ်တဲ့ work.com.mm ဟာ မကြာခင် ပိတ်သိမ်းပြီး  မြန်မာနိုင်ငံက ထွက်ခွာတော့မယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းမှာ ကြော်ငြာဝက်ဘ်ဆိုဒ်၊ အိမ်ခြံမြေ ရောင်းဝယ်ငှား ဝက်ဘ်ဆိုဒ်နဲ့ကားအရောင်းအဝယ် ဝက်ဘ်ဆိုဒ်တို့ရပ်နားလိုက်ပြီးဒီရက်ပိုင်းမှာပဲ Work.com.mm က ဒီလကုန်ရင် ရပ်နားတော့မှာမို့ သူတို့ ဝက်ဘ်ဆိုဒ်မှာ တင်ထားတဲ့ အလုပ်ရှာသူတွေရဲ့ ကိုယ်ရေးအကျဉ်းတွေကို ပြန်ပြီး သိမ်းဆည်းကြဖို့ သတိပေးလာတာပါ။

work.com.mm ရဲ့ ပြည်သူ့ဆက်ဆံရေးမန်နေဂျာ ဂျိုးဇက်ဖ်က “ကျနော်တို့ work.com.mm ဟာ  ၂၀၁၂ ခုနှစ် ဇွန်လမှာ မြန်မာနိုင်ငံရဲ့ပထမဦးဆုံး အခမဲ့ အွန်လိုင်း အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုဒ်အဖြစ် စတင်ခဲ့တာဖြစ်ပါတယ်ခင်ဗျ။ ပြည်တွင်းပြည်ပက အလုပ်အကိုင်ရွေးချယ် ခန့်အပ်ခြင်းဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းပေါင်း ၄၆ ယောက်နဲ့ ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံက လုပ်ငန်းရှင် ကုမ္ပဏီကြီးတွေနဲ့ အလုပ်အကိုင်ရှာဖွေသူတို့အကြား အကောင်းဆုံး တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်ပေးခဲ့တာ ၆ နှစ်နီးပါးလောက် ရှိပါပြီ။ လက်ရှိအချိန်မှာတော့ work.com.mm ရဲ့ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီက ဒေသတွင်း တခြားနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ စင်္ကာပူလို နိုင်ငံတွေမှာ ပြောင်းလဲလုပ်ကိုင်ဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံက work.com.mm ကို မတ်လ ၃၁ ရက်မှာ  ပိတ်သိမ်းသွားမှာဖြစ်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။

ဒီဝက်ဘ်ဆိုဒ်တွေကို ဂျာမဏီအခြေစိုက် အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ Rocket Internet က မြန်မာနိုင်ငံမှာ စတင်လာခဲ့တာပါ။

၂၀၁၂ ဝန်းကျင်လောက်ကစပြီး ကြော်ငြာဝက်ဘ်ဆိုဒ် ads.com.mm, အိမ်ခြံမြေ ရောင်းဝယ်ငှား ဝက်ဘ်ဆိုဒ် House.com.mm, အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုဒ် Work.com.mm, ကားအရောင်းအဝယ် ဝက်ဘ်ဆိုဒ် Motors.com.mm နဲ့ လက်လီအရောင်းအဝယ် ဝက်ဘ်ဆိုဒ် kaymu.com.mm  တို့ကို စတင်လုပ်ဆောင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ kaymu.com.mm   ကလွဲပြီး ကျန်တဲ့ လုပ်ငန်းတွေကို Asia Pacific Internet Group (APACIG) ကုမ္ပဏီက လွှဲပြောင်းယူလိုက်တာပါ။

work.com.mm အနေနဲ့ သူတို့ရဲ့ ဝန်ထမ်းတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ အမြန်ဆုံးပြန်ရဖို့အတွက် မိတ်ဖက်ကုမ္ပဏီတွေနဲ့ ပူးပေါင်း စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် work.com.mm အနေနဲ့ ဝက်ဘ်ဆိုဒ် မပိတ်သိမ်းမီ ဝင်ရောက်စာရင်းပေးထားတဲ့ အလုပ်ရှာဖွေသူတွေရဲ့ ကိုယ်ရေးအကျဉ်းတွေကို မတ်လ ၃၁ ရက်နေ့မတိုင်မီ ပြန်လည်ရယူကြဖို့ အီးမေးလ်တွေ ပေးပို့ အကြောင်းကြားထားတယ်လို့လည်း ပြောပါတယ်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီမှာ စတင်တည်ထောင်ခဲ့တဲ့ Kaymu ကတော့ လက်ရှိမှာ Shop.com.mm အဖြစ် သီးခြားရပ်တည်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013