
တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေးပြဿနာကို ဦးဆောင်ဖြေရှင်းပေးဖို့နဲ့ နယ်စပ်ရှိ တိုင်းရင်းသားလူမျိုးတွေကို အလေးပေး ကူညီစောင့်ရှောက်ဖို့ ဝ တပ်ဖွဲ့ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC က တိုက်တွန်းပန်ကြားပါတယ်။
တရုတ်အမျိုးသားကွန်ဂရက်ကနေ သမ္မတရှီကျင်းဖျင်ကို သမ္မတအဖြစ် ထပ်မံရွေးချယ် တင်မြှောက်လိုက်ပြီး အစိုးရအဖွဲ့ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းလိုက်တဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း လည်း FPNCC က မတ်လ ၂၀ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် မစ္စတာဝမ်ချီရှန်းကို ဒုတိယသမ္မတအဖြစ် ရွေးကောက်လိုက်တာနဲ့ မစ္စတာလီခေးချန်ကို ဝန်ကြီးချုပ်အဖြစ် ရွေးကောက်လိုက်တာကိုလည်း FPN က ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုတယ်လို့ဆိုပါတယ်။
ရှီကျင်းဖျင် အတွေးအခေါ် Xi Jinping Thoughtကို ခေတ်နဲ့ လျာ်ညီတဲ့ နိုင်ငံရေး အတွေးအခေါ်အဖြစ် ကြိုဆိုပြီး သမ္မတ ရှီကျင်းဖျင်ရဲ့ ဦးဆောင်မှုအောက်မှာ တရုတ်နိုင်ငံရဲ့ “One Belt One Road” ရပ်ဝန်းတခုလမ်းတစ်လမ်းစီမံကိန်းဟာ ကမ္ဘာတဝန်းလုံးရှိ ပြည်သူတွေ ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေဖို့လည်း ဆုတောင်းဆိုတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
သမ္မတရှီကျင်းဖျင် ဦးဆောင်တဲ့ အစိုးရအနေနဲ့ လက်ရှိ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်း ခက်ခဲကြီးမားစွာရင်ဆိုင်နေရတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေးပြဿနာကို ဦးဆောင်ဖြေရှင်းပေးဖို့၊ နယ်စပ်တည်ငြိမ်အေးချမ်းရေးအတွက် အရေးပါတဲ့ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးတွေကို အထူးအလေးပေးကူညီစောင့်ရှောက်ပေးဖို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။











