DVB Logo
Home
မြန်မာသတင်း
၂၀၁၈ အခွန်ကောက်ဥပဒေကြမ်းပါ အခွန်သက်သာခွင့်ပြုမည့်အချက်ပယ်ဖျက်
DVB
·
March 20, 2018
၂၀၁၈ အခွန်ကောက်ဥပဒေကြမ်းပါ အခွန်သက်သာခွင့်ပြုမည့်အချက်ပယ်ဖျက်
Donate to DVB

 

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်ကောက်ဥပဒေကြမ်းမှာ အခွန်သက်သာခွင့်ပြုမယ့်အချက်ကို ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက်လိုက်ပါတယ်။

မတ်လ ၂၀ ရက် ပြည်ထောင်စုလွှတ်တော်မှာ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်ကောက် ဥပဒေကြမ်းကို ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးအတည်ပြုထားတဲ့ ပြင်ဆင်ချက်အဆို တင်သွင်း အတည်ပြုတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ပြင်ဆင်ချက် အဆိုတွေထဲမှာတော့ စီမံကိန်းနှင့်ဘဏ်ရေးဝန်ကြီးဌာနက တင်ပြထားတဲ့ ဥပဒေကြမ်း အပိုဒ် ၇ ရဲ့ ဖြည့်စွက်ချက်ဖြစ်တဲ့ ကန့်သက်ချက်နဲ့ အခွန်လျှော့ချ ကောက်ခံမယ့် အချက်ကို လွှတ်တော်ကိုယ်စားလှယ် ၂၁ ဦးက ပယ်ဖျက်ဖို့ ဆွေးနွေးအတည်ပြုထားတဲ့အတွက် ဥပဒေကြမ်းကနေ ပယ်ဖျက်ပေးဖို့ အဆိုပါဝင်ခဲ့တာပါ။

“ဥပဒေကြမ်း ပူးပေါင်းကော်မတီက မူလတင်ပြချက်မှာ ဥပဒေကြမ်း အပိုဒ် ၇ ရဲ့ ဖြည့်စွက်ချက်နဲ့ တင်ပြထားတဲ့ ကန့်သက်ချက်နဲ့ အခွန်လျော့ချကောက်ခံမယ့် အချက်ကို အပိုဒ် ၈ အနေနဲ့ သီးသန့်ပြဋ္ဌာန်းဖို့ ဖြစ်ပါတယ်။ ဒီအပေါ်မှာတော့ ကိုယ်စားလှယ်ကြီးတွေက အကြံပြု ဆွေးနွေးထားပါတယ်။ အားလုံးရဲ့ ညှိနှိုင်းတင်ပြချက်အရ ဒီအသစ် ထပ်မံဖြည့်စွက်မယ့်အချက်ကို ထည့်သွင်းဖို့ မသင့်ပါဘူး။ ဒါကြောင့်မို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီက မူလတင်ပြခဲ့တဲ့ ထပ်မံအသစ်ဖြည့်စွက်ဖို့ အခန်းကို ပယ်ဖျက်ပေးဖို့ လေးစားစွာ တင်ပြအပ်ပါတယ်။”လို့ လွှတ်တော် နာယကထံ တင်ပြသွားပါတယ်။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ မူလတင်ပြချက်ကို ပယ်ဖျက်ပေးဖို့ အဆိုတင်မှုကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးက သဘောတူညီတဲ့အတွက် ပြည်ထောင်စုလွှတ်တော်က အခွန်လျော့ချ ကောက်ခံမယ့်အချက်ကို ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်ကောက်ဥပဒေကြမ်းအပေါ် ဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်တွေနဲ့ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတို့ ဆွေးနွေးသဘောတူပြီး တင်သွင်းတဲ့ ပြင်ဆင်ချက် အဆိုတွေ အတည်ပြုပြီး ဥပဒေကြမ်းတခုလုံးကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013