DVB Logo
Home
မြန်မာသတင်း
ငါးကျီးဆည်အင်းရေလုပ်သား ၅၀ ဦး ပုဒ်မ ၇ ခုဖြင့်အမှုဖွင့်ခံရ
DVB
·
March 20, 2018
ငါးကျီးဆည်အင်းရေလုပ်သား ၅၀ ဦး ပုဒ်မ ၇ ခုဖြင့်အမှုဖွင့်ခံရ
Donate to DVB

 

ဧရာဝတီတိုင်း ပန်းတနော် ငါးကျီးဆည်အင်းထဲမှာ ငါးကန်တူးတာကြောင့် မတ်လ ၁၈ရက်က ဒေသခံရေလုပ်သားငယ်တွေနဲ့ ငါးကန်လုပ်ငန်းရှင်ရဲ့လုပ်သားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် ငါးကန်လုပ်ငန်းရှင်က ရေလုပ်သားငယ်၅၀ ဦးကို ပုဒ်မ ၇ ခုနဲ့ အမှုဖွင့်လိုက်ပါတယ်။

ငါးကျီးဆည်အင်းထဲမှာ ဘတ်ဟိုးကားလေးစီးကနေ ငါးကန်ဘောင်ပြုပြင်နေတုန်း တယ်ချောင်းကျေးရွာက ဦးသန်းဦး ဦးဆောင်တဲ့ ရေလုပ်သားငယ် ၅၀ လောက်ကနေ အစိုးရက ငါးကန်မတူးဖို့ တားမြစ်ထားတဲ့ နယ်မြေဖြစ်တာကြောင့် ဆက်လက်မတူးဖို့ အသက်ချဲ့စက်တွေနဲ့ တားမြစ်တာတွေ၊ ဘတ်ဟိုးကို လေးခွနဲ့ပစ်တာတွေ၊ တုတ်ဓားတွေနဲ့ရိုက်တာတွေ၊ ဘတ်ဟိုး မောင်းသူကို လက်သီးနဲ့ထိုးတာတွေ ပြုလုပ်တယ်ဆိုပြီး ငါးကန်လုပ်ငန်းရှင် ဦးဉာဏ်လင်း ကအမှုဖွင့်ခဲ့တာပါ။

ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးကြီးခင်မောင်လတ်က“ရေလုပ်သားငယ်တွေက ဆဲဆိုခြိမ်းခြောက်တာတွေ၊ ဘတ်ဟိုးကို လေးခွနဲ့ပစ်တုတ်၊ ဓားနဲ့ ရိုက်တာတွေလုပ်တဲ့အတွက် ဘတ်ဟိုးမှန်ကွဲသွားတယ်၊ နောက်ပြီးတော့ ဘတ်ဟိုးမောင်းတဲ့ ဇင်မျိုးကျော်ကို လက်သီးနဲ့ ထိုးခဲ့တယ်ဆိုပြီး အမှုဖွင့်ထားတာပါ”လို့ပြောပါတယ်။

ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တဲ့ နေရာဟာ ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ကနေ ၂၀၁၇ ခုနှစ် မတ်လ ၂၄ ရက် ရက်စွဲနဲ့ ငါးကန်တူးဖော်ခြင်း ရပ်ဆိုင်းထားရန်တားမြစ်စာထုတ်ပြန်ထားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

တာဝန်ရှိသူတွေက အကြိမ်ကြိမ်ကွင်းဆင်းစစ်ဆေးတားမြစ်မှုခဲ့ပေမယ့် စစ်ဆေးရေး အဖွဲ့တွေ ပြန်ချိန်မှာတော့ လုပ်ငန်းရှင်က ဆက်လက်လုပ်ဆောင်နေတာကြောင့် ယခုလို ထိပ်တိုက် ရင်ဆိုင်ရတဲ့အခြေအနေထိ ရောက်ရှိခဲ့တာလို့ စစ်ဆေးရေးအဖွဲ့မှာ ပါဝင်သူ ဧရာဝတီတိုင်းလွှတ်တော် ညောင်တုန်းမြို့နယ် ကိုယ်စားလှယ် ဒေါ်နီနီမိုးကပြောပါတယ်။

“တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဒေသန္တရအမိန့်တစ်ခုကိုပေါ့။ သူတို့ကပျက်ရယ်ပြုပြီး ဆက်လုပ်နေတာလား သူတို့ဆက်လုပ်နိုင်ဖို့ ဘယ်သူကများ အထောက်အပံ့တွေပေးနေသလဲ ဆိုတာလဲ ကျွန်မအနေနဲ့ သံသယဝင်မိပါတယ်”

ရေလုပ်သားငယ်တွေကတော့ သူတို့လုပ်ကိုင်စားသောက်နေတဲ့ အင်းချောင်းတွေကို ပိတ်ပြီး ငါးကန်တူးဖော်ရင် အင်းချောင်းတွေထဲ ငါးမဝင်ပဲ ပျက်စီးမှာဖြစ်တာကြောင့်  ငါးကန်တူးဖော်နေတာကို ရပ်တန့်ပေးဖို့ တောင်းပန်ခဲ့ပေမယ့် ဘတ်ဟိုးကပြန်လှည့်လာပြီး ရေလုပ်သားငယ်တွေကို လိုက်လံတိုက်ခိုက်တာ ကနေ ရုန်ရင်းဆန်ခတ် ဖြစ်ပွားခဲ့လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားမှုကြောင့် ရေလုပ်သားငယ်တစ်ဦး ခြေထောက်မှာ ဒဏ်ရာရရှိခဲ့ကာ ပန်းတနော်ဆေးရုံမှာ တက်ရောက်ပြီး ခြေသလုံးမှာ ၅ ချက်၊ပေါင်မှာ ၂ ချက် ချုပ်ခဲ့ရတယ်လို့  ရေလုပ်သားအစုအဖွဲ့မှ ဦးသန်းဝင်းကပြောပါတယ်။

“ဒဏ်ရာရတဲ့ရေလုပ်သားကို ဆေးရုံကလည်း ချုပ်ပြီးပြန်လွှတ်လိုက်တယ်။ ပန်းတနော် မြို့ပေါ်ကရဲစခန်းကို အမှုသွားဖွင့်တော့လည်း သူတို့အပိုင်မဟုတ်တဲ့အတွက် အပိုင်စခန်းဖြစ်တဲ့ မင်းတစု ရဲစခန်းမှာ သွားဖွင့်ဖို့ပြောပြီး လက်မခံခဲ့ဘူး။ မင်းတစုရဲစခန်းဆိုတာ ကျနော်တို့နဲ့ တော်တော်လှမ်းတယ်”

ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုအတွင်း ဘတ်ဟိုးကားမှန်ပျက်စီးသွားတာ၊ ဘတ်ဟိုးမောင်းသူ ထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုပြီး ငါးကန်လုပ်ငန်းရှင် ဦးဥာဏ်လင်းက တရားလိုပြုလုပ် တိုင်တန်းခဲ့တာကြောင့် ဦးသန်းဦးပါ ရေလုပ်သား ၅၀ ဦးကို ပန်းတနော်မြို့မ ရဲစခန်းကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄၊၃၃၆၊ ၄၄၇၊၄၂၇၊ ၅၀၆၊၃၂၁၊ ၁၁၄ တို့နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း - မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013