DVB Logo
Home
မြန်မာသတင်း
အနုပညာရှင်များ၏ အကယ်ဒမီရင်ခုန်သံ
DVB
·
March 20, 2018
အနုပညာရှင်များ၏ အကယ်ဒမီရင်ခုန်သံ
1 / 6
Donate to DVB

၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအချိန် နီးကပ်လာတာနဲ့အမျှ ဒီနှစ်မှာ ဘယ်သူတွေ အကယ်ဒမီရမလဲဆိုတာ ပရိသတ်တွေအကြား စိတ်ဝင်စားမှု မြင့်တက်လာနေသလို အနုပညာရှင်တို့ရဲ့ရင်ခုန်သံတွေကလည်း မြန်ဆန်လို့ လာနေကြပြီ ဖြစ်ပါတယ်။

အဲဒါကြောင့် အနုပညာရှင်အချို့နဲ့တွေ့ဆုံပြီး သူတို့ရဲ့ အကယ်ဒမီ ရင်ခုန်သံ အပိုင်းအစတွေကို မေးမြန်းဖော်ပြလိုက်ပါတယ်။

နေမင်း
“ကျနော်ကတော့ အကုန်လုံးကို ရစေချင်တယ်။ ကိုနေတိုးကတော့ ကားတွေ အများကြီးပဲ။ တကယ် သရုပ်ဆောင်ထားတဲ့၊ သရုပ်ဆောင် ပညာတွေအများကြီးပေးတဲ့ ကားတွေချည်းပါပဲ။ အဲဒါကြောင့် ‘တာတေကြီး’နဲ့ ကိုနေတိုး ရနိုင်တယ်လို့ ကြားတယ်။ မြင့်မြတ်ကိုလည်း ‘ကျွန်’ဇာတ်ကားနဲ့ ရနိုင်တယ်ကြားတယ်။ သူ့ကိုလည်း ရစေချင်တယ်။ သူလည်း ရသင့်နေပြီလို့ ထင်တယ်။ ကိုပြေတီကိုကျတော့ ‘ရင်ဘတ်ထဲကဓား’ကို ကျနော် သွားကြည့်ထားတော့ သူ့အက်တင်ကို သဘောကျတယ်။  ကြိုက်လည်း ကြိုက်တယ်။ နားမလည်သေးတဲ့ ပညာတွေလည်း အများကြီးရတယ်။ အဲဒီကားနဲ့ သူလည်း ရနိုင်တယ်လို့ ထင်တယ်။”

“မင်းသမီးတွေကလည်း ကြားတာတော့ အစုံပဲ၊ မအူဝဲကိုလည်း ‘ရင်ဘတ်ထဲကဓား’နဲ့ ရနိုင်တယ် ကြားတယ်။ မဆင့်ကတော့ ‘ထာဝရအမေ’ပေါ့။ ပိုင်ဖြိုးသုလည်း ‘နေဝင်အိပ်တန်းတက်’နဲ့ ကြားတယ်။ ကြားတာတော့ အများကြီးပဲ။ သေချာတာတော့ ကျနော် မရဘူး။ အဲဒါတော့ သေချာတယ်။”

ကျော်ကျော်
“ဒီနှစ် အကယ်ဒမီကတော့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မျှော်လင့်လို့ ရတဲ့သူတွေက အရမ်းများတယ်။ ကျနော်ကတော့ မြန်မာကားပဲဖြစ်ဖြစ်၊ အင်္ဂလိပ်ဇာတ်ကားပဲ ဖြစ်ဖြစ် အမြဲတမ်း ရုပ်ရှင်ရုံမှာ တကူးတက သွားကြည့်ဖြစ်တယ်။ ဘယ်သူတွေက ဘာတွေ လုပ်ထားလဲဆိုတာ သိချင်တာရော၊ entertainment အနေနဲ့ရော၊ ကိုယ်တိုင်က ရုပ်ရှင်ကို ကြိုက်နှစ်သက်တာကြောင့်ရော ကြည့်ဖြစ်တယ်။ ၂၀၁၇ ထဲမှာဆိုရင် ကျနော် ၃၃ ကားလောက် ကြည့်ဖြစ်တယ်။ အကယ်ဒမီ ဆန်ခါတင်ပါလာတဲ့ ဇာတ်ကားတွေ အကုန်လုံး ကျနော် မကြည့်ဖူးတဲ့ဇာတ်ကား တကားမှ မရှိပါဘူး။ ကျနော်က ‘ရင်ဘတ်ထဲကဓား’ကို ကြိုက်တယ်။ ‘ထာဝရအမေ’ကိုလည်း ကြိုက်တယ်။ ‘တာတေကြီး’ကိုလည်း ကြိုက်တယ်။ အကုန်လုံးကို ရစေချင်တယ်။”

“တကယ်ထိုက်တန်ပြီးတော့ ပြည့်စုံတဲ့သူကို ရစေချင်တယ်။ အရင်တုန်းကဆိုရင် အကယ်ဒမီပေးပွဲတွေက ခန့်မှန်းလို့ မရဘူး။ တကယ် ထိုက်တန်ပြီးတော့လည်း ရချင်မှရတာလေ။ အားလုံးက စည်းစနစ်နဲ့ အမှတ်ပေးတဲ့အပေါ်မှာ မမူတည်ဘူး။ နည်းနည်းလေး personal တွေ ပါတာပေါ့။ အခုကျတော့ အကယ်ဒမီဘုတ်အဖွဲ့တွေ ပြောင်းလဲသွားတော့ အဲဒီလိုမျိုးတွေ လုပ်လို့ မရတော့ဘူး။ တကယ်ထိုက်တန်တဲ့သူပဲ ပေးတော့မယ်ဆိုတော့ ရတဲ့သူကတော့ အရင်တုန်းကလို ဘက်လိုက်မှုတွေ မရှိဘဲ ရမယ်လို့ မြင်ပါတယ်။”

နေဆန်း
“Nomination (ဆန်ခါတင်စာရင်း) ဝင်တယ်ဆိုတာ တကယ်ကောင်းလို့ ဝင်တာ ဦးနေဆန်းကတော့ အားလုံးကို ရစေချင်တယ်။ ဒါပေမယ့် နှစ်တိုင်း နှစ်တိုင်းက ထုံးစံအတိုင်းပဲ၊ nomination ဝင်လည်း ရတာလည်းရှိသလို၊ မရတာလည်းရှိတယ်။ Nomination မဝင်ဘဲနဲ့ ရတဲ့သူတွေလည်း ရှိတယ်။ သေချာတာကတော့ ဦးနေဆန်းတို့အတွက်က ပွဲတိုင်း၊ ပွဲတိုင်းမှာ ဘာမှမရှိဘူး။ သူများတွေအတွက် ရတဲ့သူတွေအတွက် ဝမ်းသာပေးရသလို မရတဲ့သူတွေအတွက် စိတ်မကောင်းဘူး။ အထူးဆုတို့လိုမျိုးဆုတွေ များများပေးလေ ဦးနေဆန်းတို့က ကြိုက်လေပဲ။ အကယ်ဒမီဆိုတာကလည်း ကံနဲ့လည်း ဆိုင်တယ်။ ဦးနေဆန်းလည်း ရချင်တာပေါ့။ အဲဒါကြောင့် အခုနောက်ပိုင်း ဦးနေဆန်း ဘုရားများများရှိခိုးတယ်။ ကောင်းတဲ့နေရာလေးတွေ လာငှားပါစေလို့ ဆုတောင်းတယ်။”

 

ဇေရဲထက်
“ကျနော် ကြည့်ဖြစ်ခဲ့တဲ့ ဇာတ်ကားတွေဆိုရင် ‘တာတေကြီး’ကား ကြည့်ဖူးတယ်။ ‘ရင်ဘတ်ထဲကဓား’ ကြည့်ဖူးတယ်။ ကျနော်ကတော့ အကုန်လုံးကို ရစေချင်ပါတယ်။ မအူဝဲ ဆိုရင်လည်း တကယ်ကောင်းတယ်။ တော်လည်းတော်တယ်။ ရွှေမှုန်ရတီကိုလည်း ရစေချင်တယ်။ သူလည်း သူ့ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးလေးတခုကို အကောင်းဆုံး လုပ်ပြသွားတဲ့အတွက် သူ့ကိုလည်း ရစေချင်တယ်။ ဘယ်သူပဲရရ ကျနော်ကတော့ အကုန်လုံးအတွက် ဝမ်းသာပျော်ရွှင်မိမှာပါ။”

 

 

ဒါရိုက်တာကြည်ဖြူသျှင်
“အမျိုးသားဇာတ်ဆောင်ဆုကိုတော့ ‘တာတေကြီး’နဲ့ နေတိုးကို ရစေချင်ပါတယ်။ ဒါရိုက်တာဆုကိုတော့ ဦးစင်ရော်မောင်မောင်၊ ကိုဝိုင်းပေါ့။ မင်းသမီးဆုကတော့ မဆင့်(မသန်းနု)၊ အူဝဲကို ရစေချင်ပါတယ်။ ဒီနှစ်မှာ ဇာတ်ကားတွေ များတယ်။ ကားကောင်းတွေလည်း ပါဝင်တယ်။ ကားကောင်းတွေကလည်း ရွေးရခက်လောက်အောင် ကောင်းကြတယ်။ ဒါကတော့ နှစ်တိုင်း ရှိနေမှာပဲ။ အကယ်ဒမီနား နီးရင်တော့ ရင်ခုန်ရပါတယ်။”

 

 

 

 

 

ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ)
“၂၀၁၇ အတွက်ကတော့ သုံးကားလောက် ရုံတင်ဖြစ်ပါတယ်။ ‘ဝိညာဉ်ကကြိုး’၊ ‘ပွဲခံမယ်’၊ ‘တောကျီးကန်း’ရယ်ပါ၊ ကော်ပီကားတွေ အကယ်ဒမီမပေးဘူး ဆိုတာက သူတို့ရဲ့မူပေါ်မှာ မူတည်တာပေါ့။ ကျနော်တို့ကတော့ ပေးခြင်း၊ မပေးခြင်း ဆိုတာထက် ကျနော်တို့ ဇာတ်ကားကို ပရိသတ်ကြိုက်တယ် ဆိုတာနဲ့တင် ဒီထက်မက အများကြီး ရရှိခဲ့ပါပြီ။ ဒီအကယ်ဒမီဆုထက် တန်ဖိုးကြီးတဲ့ဆုကို ရရှိခဲ့တယ်လို့ပဲ ယုံကြည်ထားပါတယ်။ အကယ်ဒမီဆုရတယ် ဆိုတာကတော့ ကြိုးစားမှုအပေါ်မှာ နောက်ထပ် အသိအမှတ်ပြုတယ်လို့ သဘောထားပါတယ်။”

“ကျနော့်ကားတွေ ဆန်ခါတင်ထဲမှာ ပါတယ်လို့လည်း မကြားမိပါဘူး။ ဖေ့စ်ဘွတ်မှာ ပြန့်နေတဲ့ ဇာတ်ကား ၁၁ ကားစာရင်းမှာ ကျနော့်ကား တကားမှ မပါဘူး။ မျှော်လည်း မမျှော်လင့်ရဲပါဘူး။ ဒါပေမယ့် ရွေးထားတဲ့ထဲမှာ ကျနော်တို့ ဇာတ်ကားတွေ ပါခဲ့သည်ရှိသော် ကိုယ်နဲ့ လုပ်ဖော်ကိုင်ဖက် ဘယ်သူပဲရရ ဝမ်းသာပါတယ်။ ကျနော်တို့ကားတွေ မပါဘဲ အခြားကားတွေထဲက ဘယ်သူပဲရရ ကျနော်တို့ ညီအစ်ကို မောင်နှမတွေပဲ ဖြစ်တဲ့အတွက် ရင်ခုန်ပါတယ်။ ဝမ်းသာပါတယ်။”

 

ဝါဆိုမိုးဦး
“ကိုနေတိုးကို ‘တာတေကြီး’ဇာတ်ကားနဲ့ ရစေချင်ပါတယ်။ အဲဒီဇာတ်ကားမှာ ကိုနေတိုး သရုပ်ဆောင်ခဲ့တဲ့ မမတာ ဇာတ်ရုပ်ကို ဝါဆို အရမ်းစွဲလမ်းခဲ့ရတယ်။ ဇာတ်ကားတွေ အများစုမှာ ပါဝင်တဲ့ ဇာတ်ရုပ်တွေထဲက ပရိသတ်ကို စွဲလမ်းအောင် လုပ်နိုင်တဲ့ ဇာတ်ရုပ်က အရမ်းကို ရှားပါတယ်။ အဲဒါကြောင့် အဲဒီဇာတ်ကားနဲ့ ကိုနေတိုးကို ရစေချင်တယ်။ မင်းသမီးထဲက ဆိုရင် မအူဝဲကို ‘ရင်ဘတ်ထဲကဓား’နဲ့ ရစေချင်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013