
ပြည်ပရောက်မြန်မာတွေအနေနဲ့ ရခိုင်ပြည်နယ်အရေးမှာ လူအား၊ငွေအား၊ပညာအား စည်းရုံးရေးအားတို့နဲ့ ၀ိုင်းဝန်းကူညီကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြား လိုက်ပါတယ်။
မတ်လ ၁၉ရက်က သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မြန်မာမိသားစုတို့ တွေ့ဆုံပွဲမှာ ပြောခဲ့တာဖြစ်ပြီး ကူညီနိုင်မယ့် နည်းလမ်းတွေကို မြန်မာသံရုံးထံ ဆက်သွယ်မေးမြန်းနိုင်တယ်လို့လည်း ပြောပါတယ်။
“အဝေးရောက်နေတဲ့ ကျမတို့ရဲ့ သားသမီးညီအကိုမောင်နှမများကနေပြီးတော့ အခုလို ကူညီပေးတယ်ဆိုရင် အင်မတန်မှ ၀မ်းသာပါတယ်။ ဘယ်လိုနည်းနဲ့ ကူညီနိုင်မလဲ ဆိုတာလည်း သိချင်လို့ရှိရင် ကျမတို့ သံရုံးကနေတဆင့် မေးပါ။ လူအားနဲ့လည်း ကူညီလို့ရတယ်။ ငွေအားနဲ့ လည်း ကူညီလို့ရတယ်။ ပညာအားနဲ့လည်း ကူညီလို့ရတယ်။ နောက်ပြီးတော့ စည်းရုံးရေးအား နဲ့လည်း ကူညီလို့ရတယ်။”
ရခိုင်အရေးနဲ့ပတ်သက်ပြီး ဘာတွေဖြစ်နေတယ်ဆိုတဲ့အချက်အလက်တွေ အားလုံးကို နိုင်ငံခြားတိုင်းပြည်တွေမှာရှိတဲ့ မြန်မာသံရုံးတွေကို ပေးပို့ထားပြီးဖြစ်လို့ ဆက်သွယ်တောင်းယူ ကြည့်ရှုလေ့လာနိုင်ကြတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံ-သြစတြေးလျနိုင်ငံ တို့ရဲ့ မျက်နှာစုံညီအစည်းအဝေးနဲ့ သီးသန့်အစည်းအဝေးတွေ တက်ရောက်ဖို့ သြစတြေးလျနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၉ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သြစတြေးလျ ဓနသဟာယနိုင်ငံ ၀န်ကြီးချုပ် မဲလ်ကွန်တန်ဘူးနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်တွေဆွေးနွေးခဲ့ကြတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်လို့ ရင်းနှီးပွင်းလင်းစွာ ဆွေးနွေးခဲ့ကြပြီး သြစတြေးလျနိုင်ငံက ပါဝင်ကူညီဆောင်ရွက်ပေးနိုင်မယ့် အလားအလာတွေကို ဆွေးနွေး ခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံးသတင်းမှာ ဖော်ပြပါတယ်။
မတ် ၁၇ ရက်ကတည်းက သြစတြေးလျနိုင်ငံကိုရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂါနေ့က ပြုလုပ်မယ့် Lowy Institute ဟောပြောပွဲနဲ့ အမေးအဖြေအစီအစဉ်ကို ကျန်းမာရေး အခြေအနေအရ ဖျက်သိမ်းခဲ့ပါတယ်။
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ၂၀၁၈ ခုနှစ် မတ်လ ၁၇ ရက်နဲ့ ၁၈ ရက်တို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ - သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးဟာ သြစတြေးလျဓနသဟာယနိုင်ငံမှာ ပထမဆုံး လက်ခံ ကျင်းပတဲ့ အာဆီယံ -သြစတြေးလျ ထိပ်သီးအစည်းအဝေးဖြစ်ပါတယ်။
ဓာတ်ပုံ- MOFA











