DVB Logo
Home
မြန်မာသတင်း
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စက်ဘီးစီးလှုပ်ရှားမှုပြုလုပ်
DVB
·
March 19, 2018
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စက်ဘီးစီးလှုပ်ရှားမှုပြုလုပ်
Donate to DVB

 

မွန်ပြည်နယ်၊ ရေးမြို့က စက်ဘီးသမားတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စက်ဘီးယဉ်ကျေးမှုပြန်လည်ပေါ်ထွန်းလာရေးအတွက် အပတ်စဉ် စက်ဘီးစီးနင်းတဲ့ လှုပ်ရှားမှု ပြုလုပ်နေပါတယ်။

ရေးမြို့နယ်အတွင်းရှိ သဘာဝတောတောင်တွေ၊ မြို့အတွင်းနဲ့ ကျေးလက်ဒေသတွေကို စက်ဘီးတွေနဲ့သွားရောက်ကာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံပြီး သဘာဝပတ်ဝန်းကျင်အရေး စကားဝိုင်းဆွေးနွေးပွဲတွေကိုပါ ပြုလုပ်နေတယ်လို့ ဦးဆောင်သူ ကိုဘုန်းမြတ်ဟန်က ပြောပါတယ်။

Green Bike အဖွဲ့ဝင်တစ်ဦးဖြစ်သလို သဘာဝပတ်ဝန်းကျင်အရေး မြန်မာနိုင်ငံအနှံ့ မိုင်ပေါင်း ၃၀၀၀ ခန့် စက်ဘီးနင်းခဲ့တဲ့ ကိုဘုန်းမြတ်ဟန်က ''စစ်တမ်းတစ်ခုအရ ဘန်ကောက်မှာဆိုရင် လူတစ်ယောက်ဟာ တစ်နှစ်အတွင်း ၄၄ ရက်စာလောက် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ကားပေါ်မှာ အချိန်ကုန်နေရတယ်။ မြို့ပြတွေမှာ စက်ဘီးက ကားတွေထက် ပိုမြန်တယ်။ စက်ဘီးအသုံးပြုလိုက်တဲ့အခါ အလုပ်ကို အချိန်မီရောက်ရှိနိုင်တယ်။ သဘာဝ ပတ်ဝန်းကျင်ရှုထောင့်အနေနဲ့ဆိုရင် ရေနံသုံးစွဲမှုကိုလျှော့ချ နိုင်ပြီးတော့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကိုလည်း ထိန်းချုပ်နိုင်မယ်။'' လို့ ဒီဗွီဘီကို ပြောပါတယ်။

မြို့နယ်အတွင်း အခုကဲ့သို့ လှုပ်ရှားမှု ဆောင်ရွက်နေတဲ့အတွက် ဒေသခံတွေအနေနဲ့ ပိုမိုစိတ်ဝင်စားမှုများပြားလာပြီး စက်ဘီးစီးနင်းသူလည်း ပိုများပြားလာတယ်လို့ သိရပါတယ်။

“စက်ဘီးနဲ့ခရီးထွက်တဲ့အခါ လူအသစ်၊ ပတ်ဝန်းကျင်အသစ်နဲ့ တွေ့ရတယ်။ ကားတွေ၊ လေယာဉ်တွေနဲ့ ခရီးထွက်တာထက် စက်ဘီးနဲ့ ခရီးထွက်တာက လူတွေနဲ့ ပိုပြီးတော့ ထိတွေ့မှု ရှိတယ်။ လူမျိုးစုံ၊ ယဉ်ကျေးမှုမျိုးစုံနဲ့ ထိတွေ့ရတော့ မတူကွဲပြားမှုကို နားလည်လက်ခံလာနိုင်မယ်။ '' လို့ ကိုဘုန်းမြတ်ဟန်က စက်ဘီးစီးကြဖို့ တိုက်တွန်းပြောပါတယ်။  

သူ့အနေနဲ့ ပြီးခဲ့တဲ့နှစ်က မြစ်ဆုံရေကာတာစီမံကိန်းကန့်ကွက်မှုအနေနဲ့ ဧရာဝတီ မြစ်ညာဒေသ ပူတာအိုကနေ ရန်ကုန်အထိ မိုင်ပေါင်း ၁၀၄၄ စီးနင်းခဲ့ပါတယ်။

လာမယ့်ဧပြီလမှာလည်း  တကိုယ်တော် စက်ဘီး စီးနင်းမှုအဖြစ် ရေးမြို့မှ ရှမ်းပြည်နယ်အရှေ့ပိုင်း ရွှေတြိဂံဒေသအထိ သွားရောက်ကာ လမ်းတလျှောက် ဒေသခံတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့တွေ့ဆုံက သဘာဝပတ်ဝန်းကျင်နဲ့သက်ဆိုင်တဲ့ စကားဝိုင်း ဆွေးနွေးပွဲတွေကို ဆောင်ရွက်ဖို့ရှိပါတယ်။

သတင်း - ၀င်းနိုင်သက်၊ ဓာတ်ပုံ - တေဇာအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013