
ဂါဇာကိုဦးတည်တဲ့ အကူအညီပေးရေး သင်္ဘောတစင်းကို အစ္စရေးက ကြားဖြတ်တားဆီးပြီး ဖမ်းဆီး ခဲ့တဲ့ ပါကစ္စတန် တက်ကြွလှုပ်ရှားသူ ဆာအိဒ်အက်ဒီနဲ့ တခြား စေတနာ့ဝန်ထမ်းတွေကို လွှတ်ပေးဖို့ ပါကစ္စတန်နိုင်ငံ၊ ကရာချီမြို့က သတင်းစာကလပ်မှာ ဆန္ဒပြသူ အယောက် ၅၀ လောက် မေ ၁၉ ရက် က စုဝေး တောင်းဆိုခဲ့ပါတယ်။
ပါလက်စတိုင်းလူမျိုးတွေအတွက် ဆေးဝါးနဲ့ အစားအစာတွေ သယ်လာတဲ့ Global Sumud Flotilla လှေတွေကို အစ္စရေးက သိမ်းယူတာကို ဆန္ဒပြပွဲအတွင်း ရှုတ်ချခဲ့ပါတယ်။
တက်ကြွလှုပ်ရှားသူရဲ့ဖခင် ဖိုင်ဆယ်အက်ဒီက အစ္စရေးတပ်ဖွဲ့တွေဟာ မေ ၁၈ ရက်မှာ ဆိုက်ပရပ်စ် အနားက နိုင်ငံတကာရေပိုင်နက်မှာ လှေတချို့ကို ကြားဖြတ်ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။
နိုင်ငံတကာရေပိုင်နက်မှာ ဖမ်းဖို့ တရားဝင်အခွင့်အာဏာမရှိဘဲ လုပ်ခဲ့တာလို့လည်း သူက ဆက်ပြော ပါတယ်။
သားဖြစ်သူကို ချက်ချင်းလွှတ်ပေးဖို့ ပါကစ္စတန်အစိုးရက ဖိအားပေးဖို့ကိုလည်း တောင်းဆို ခဲ့ပါတယ်။ အစ္စရေး စစ်တပ်က ကြေညာချက်တစောင်မှ မထုတ်ပြန်ရသေးပါဘူး။
အရင်က ကြားဖြတ်ဖမ်းဆီးချိန်တုန်းကတော့ အစ္စရေးက လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေနဲ့ ဂါဇာကို ရေတပ် ပိတ်ဆို့ထားမှုတွေကို ကိုးကားဖော်ပြခဲ့ပါတယ်။
ဆာအက် အက်ဒီဟာ ပါကစ္စတန်ရဲ့ အကြီးဆုံး လူမှုဖူလုံရေးအဖွဲ့အစည်းကို ဦးဆောင်တဲ့ အဖွဲ့ဝင် တယောက်ပါ။
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေက မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို ချက်ချင်း မတုံ့ပြန်ခဲ့ပါဘူး။
Source: Reuters










