DVB Logo
Home
Lead Story
ကမ္ဘာ့အကြီးကျယ်ဆုံး ဆုံးရှုံးမှု၊ ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်း ကွယ်လွန်ခဲ့ပြီ
DVB
·
March 19, 2018
ကမ္ဘာ့အကြီးကျယ်ဆုံး ဆုံးရှုံးမှု၊ ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်း ကွယ်လွန်ခဲ့ပြီ
Donate to DVB

ကမ္ဘာကျော် ရူပဗေဒ ပညာရှင်ကြီး စတီဖင်ဟော့ကင်း တယောက် ၂၀၁၈ ခုနှစ် မတ်လ ၁၄ ရက် ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းမှာကွယ်လွန်သွားခဲ့ရှာပါပြီ။ ကမ္ဘာတဝန်းလုံးက ရူပဗေဒ သိပ္ပံပညာရဲ့ အကျိုးကျေးဇူးတွေကို သိရှိနားလည်တဲ့ သူတွေအားလုံးက ဝမ်းနည်းကြေကွဲ နှမြောတသ ဖြစ်ခဲ့ကြတာကို နိုင်ငံတကာ သတင်းမီဒီယာတွေ အားလုံးမှာ အလေးအနက် အသားပေး ဖော်ပြခဲ့ကြတာကို စာဖတ်ပရိသတ်တွေ သိရှိခဲ့ပြီးဖြစ်မှာပါ။

တကယ်တော့ ဗြိတိသျှ သိပ္ပံပညာရှင် စတီဖင်ဟော့ကင်းဟာ မွေးရာပါ သိပ္ပံပညာရှင်တယောက်လို့ ပြောရမယ့်သူတယောက်ပါ။ သူ့ကို ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့မှာ ယူနိုက်တက်ကင်းဒမ်းနိုင်ငံ အောက်ခ်စ်ဖို့ဒ်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူ သေတော့လည်း ကိမ်းဘရစ်ဂ်ျမှာ သေဆုံးသွားတာဖြစ်တဲ့အတွက် ဗြိတိသျှနိုင်ငံသားစစ်စစ် သိပ္ပံပညာရှင်အဖြစ် ရပ်တည်နေထိုင်ခဲ့တဲ့ ကမ္ဘာ့လူသားအားလုံး အကျိုးစီးပွားအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ် အကျိုးကျေးဇူးပြုခဲ့တဲ့သူ ဖြစ်ပါတယ်။ သူဟာ အသက် ၂၂ နှစ်အရွယ်မှာပဲ အလွန်ရှားပါးတဲ့ ဦးနှောက်နဲ့အာရုံကြောကို ထိခိုက်တဲ့ တဖြည်းဖြည်း အားနည်းနွမ်းလျမှုကို ဖြစ်စေနိုင်တဲ့ မိုတာနျူရုန်း (Motor Neurone) ရောဂါ ရှိနေတာကြောင့် အသက်နည်းနည်းပဲ ရှည်တော့မယ်လို့ ဆရာဝန်တွေရဲ့ ရောဂါသတ်မှတ်မှုကို ခံထားခဲ့ရသူ ဖြစ်ပါတယ်။ သမားရိုးကျ ဗုဒ္ဓဘာသာဝင်တွေရဲ့ အတွေးအရ ဆိုရင်တော့ မသေခင် ကုသိုလ်ရေးလုပ် တရားလုပ် ဘာညာပေါ့လေ။ အဲဒါနဲ့ပဲ ပြီးသွားမှာပဲလို့ ယူဆရပါတယ်။

ဒီဝေဒနာကြောင့်ပဲ သူဟာ ဘီးတပ်ကုလားထိုင်နဲ့၊ စကားပြောရာမှာလည်း အသံ ဆင်သဆိုက်ဇာကနေ ပြောရတဲ့ဘဝ ရောက်ရှိသွားခဲ့ရတဲ့ ဒုက္ခိတတယောက် ဖြစ်သွားခဲ့ရပါတယ်။

ဒါပေမယ့် စတီဖင်ဟော့ကင်းကတော့ မပြီးပါဘူး။ သူက အာကာသတွင်းနက်ကြီးတွေနဲ့ နှိုင်းရဓမ္မ သဘောတရားတွေ  အပါအဝင် “အချိန်ရဲ့ သမိုင်းအကျဉ်း” အပါအဝင် လူသိများတဲ့ သိပ္ပံပညာဆိုင်ရာ စာအုပ်စာတမ်းတွေကို ရေးသား ထုတ်ဝေခဲ့သူ ဖြစ်ပါတယ်။

သူ့ရဲ့ သားသမီးတွေဖြစ်တဲ့ လူစီ၊ ရောဘတ်နဲ့ တင်မ်တို့ကတော့ “ကျနော်တို့ ကျမတို့ရဲ့ သိပ်ချစ်ရတဲ့ ဖေဖေ ဒီကနေ့ ကွယ်လွန်သွားခဲ့တဲ့အတွက် နက်နက်နဲနဲကို ကြေကွဲဝမ်းနည်းရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ သူတို့က သူတို့ဖခင်ရဲ့ ဇွဲသတ္တိနဲ့ ထက်မြက် ဟာသဉာဏ်ရှိမှုကိုလည်း ချီးမွမ်းပြောဆိုခဲ့ကြပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ထရစ်ဇာမေက “ထက်မြက်ပြီး ထူးခြားတဲ့စိတ်ရှိတဲ့သူနဲ့ သူ့မျိုးဆက်မှာ အကြီးကျယ် အထင်အရှားဆုံး သိပ္ပံပညာရှင်လည်း ဖြစ်ပါတယ်။” လို့ ပြောခဲ့ပါတယ်။ အဲဒီလိုပဲ လေဘာပါတီခေါင်းဆောင် ဂျာရာမီ ကိုဘင်းကလည်း စတီဖင်ဟော့ကင်းကို “စကြဝဠာရဲ့ အရှုပ်အထွေးကို ဖြေရှင်းဖို့ သန္နိဋ္ဌာန်ခိုင်မာတဲ့သူပါ။ သူက အမျိုးသားကျန်းမာရေးဝန်ဆောင်မှုကို အကာအကွယ်ပေးဖို့လည်း ပြင်းပြင်းပြပြ ဆန္ဒရှိခဲ့သူ ဖြစ်ပါတယ်” လို့ ထုတ်ဖော်ချီးကျူးခံရသူလည်း ဖြစ်ပါတယ်။

ဟော့ကင်းရဲ့ အကျော်ကြား အထင်ရှားဆုံး စာအုပ်ဖြစ်တဲ့  “အချိန်ရဲ့ သမိုင်းအကျဉ်း” စာအုပ်ဟာ အမ်မေဇုန် အရောင်းရဆုံး စာရင်းထဲမှာ ထိပ်ဆုံးစာအုပ် ဖြစ်လာခဲ့ပါတယ်။

အံ့သြစရာကောင်းတာက ပါမောက္ခ ဟော့ကင်း ၂၀၀၈ ခုနှစ်ကတည်းက နာယက လုပ်လာခဲ့တဲ့ “သည်မိုတာနျူရုန်းရောဂါအသင်း” က သူတို့ရဲ့ ကယ်ဆယ်ကူညီရေးအသင်းရဲ့ ဝက်ဘ်ဆိုက်ဟာ အလှူပေးသူတွေ အရမ်းများပြားလာတဲ့အတွက် ပျက်သွားတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။

ပါမောက္ခ ဟော့ကင်းနဲ့ တက္ကသိုလ် အတူတူတက်ခဲ့တဲ့ တော်ဝင်နက္ခတ္တဗေဒ အဖွဲ့ကြီးက ပါမောက္ခ လော့ဒ်မာတင်ရီးစ်ကတော့ ဟော့ကင်းကို ရောဂါလက္ခဏာ သတ်မှတ်ခံခဲ့ရတဲ့အချိန်မှာ သူ့ရဲ့သူငယ်ချင်းမှာ “အံ့သြစရာကောင်းတဲ့ စိတ်ဓာတ်အင်အားနဲ့ စိတ်ပိုင်းဖြတ်မှု” ရှိတဲ့သူ ဖြစ်တယ်လို့ မှတ်မှတ်ရရ ပြောကြားခဲ့ပါတယ်။

ဝက်ဘ် တီထွင်သူဖြစ်တဲ့ ဆာတင်းမ် ဘာနာလီးကလည်း “ကျနော်တို့ဟာ တကယ့်ကြီးမားတဲ့စိတ်နဲ့ ကောင်းမွန်တဲ့ စိတ်ဝိညာဉ်တခုကို ဆုံးရှုံးခဲ့ရတာပါ။ ငြိမ်းချမ်းမှုမှာ အနားယူပါတော့ စတီဖင်ဟော့ကင်းရေ” လို့ နှစ်နှစ်ကာကာ ပြောကြားခဲ့ပါတယ်။

ကျနော်တို့ တကယ့် လူသားအကျိုးပြု သိပ္ပံပညာရှင်တယောက်ကို ဆုံးရှုံးခဲ့ရတာပဲ ဖြစ်ပါတယ်။ အစားထိုးဖို့ မရနိုင်တော့ဘူးလို့ ပြောရင် စကားကျွံသွားနိုင်တဲ့အတွက် မပြောပေမယ့် သူ့နေရာကို အစားထိုးနိုင်မယ့် သိပ္ပံပညာရှင်တယောက် ရဖို့ဆိုတာကတော့ အလွန့်အလွန် ခက်ခဲတဲ့ ကိစ္စတရပ်လို့ ပြောရမှာပါပဲ။

စတီဖင်ဟော့ကင်း ဘာတွေ လုပ်ခဲ့လို့ ဘယ်လို အသိအမှတ်ပြုဆုတွေ ရခဲ့တယ် ဆိုတာတွေကို ရေးရရင်တော့ ကျနော့်ဆောင်းပါးကို တပုဒ်တည်းနဲ့ အဆုံးသတ်လို့ ဖြစ်နိုင်မှာ မဟုတ်တာကတော့ သေချာပါတယ်။

ဟော့ကင်းက ၂၀၁၃ ခုနှစ်မှာ သူ့ကို နျူရုန်းရောဂါ ဖြစ်နေပြီလို့ အပြောခံခဲ့ရတဲ့အချိန်က သူ့ရဲ့ခံစားမှုကို “ဒါကတော့ တော်တော်မတရား မမျှတတာပဲဗျာ။ ကျနော့်ကျမှ ဘာလို့ အဲဒီလို ဖြစ်ရတာလဲဗျာ” လို့ ကြေကြေကွဲကွဲ ရေးသားခဲ့ပါတယ်။

“အဲဒီတုန်းက ကျနော်က ကျနော့်ဘဝတော့ ပြီးပြီလို့ တွေးခဲ့ပါတယ်။ ကျနော့်မှာ ရှိနေတဲ့ စွမ်းအားကိုတောင် ကျနော် ဘယ်တုန်းကမှ မသိခဲ့တာပါ။ အခုတော့ နှစ်ပေါင်း ၅၀ ကျော်လာတော့မှပဲ ကျနော့်ဘဝကို ကျနော် ငြိမ်ငြိမ်သက်သက်လေးပဲ ကျေနပ်နိုင်လိုက်ပါပြီဗျာ” လို့ ရေးသားခဲ့တာကို ကြည့်ရင် သူ့ရဲ့ အတ္တဘဝအပေါ် သူ ရှုမြင်သုံးသပ်ပုံကို မြင်သာထင်ရှား တွေ့နိုင်ပါတယ်။ သူ့မှာ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ သူ့ကမ္ဘာ့ပြည်သူလူထုကြီးအပေါ် လုပ်ဆောင်ပေးခဲ့တဲ့ အလုပ်တွေအပေါ်မှာ ဘာမှ မာန်မာန မောက်မာ ထောင်လွှားတာမျိုး မရှိတာကို အထင်အရှား တွေ့နိုင်ပါတယ်။

ပညာရှင် ပညာရှိ ပီသပါပေတယ်…

ကျနော်တို့ နိုင်ငံခေါင်းဆောင် ဆိုသူတွေ သတိထားကြစေချင်ပါတယ်။ ပညာမတတ်လို့ ဒီလိုဖြစ်ရတာလို့ လက်လွတ်စပယ် ပြောတာမျိုးကို သတိထားသင့်ပါတယ်။ ပြည်သူလူထုတွေ ဘာလို့ ပညာမတတ်ကြတာလဲဆိုတဲ့ အကြောင်းရင်းကို မသိလို့လား၊ မစဉ်းစားတတ်လို့လား၊ မပြောရဲလို့လား။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ဝေဖန်သင့်ကြပါတယ်။

ရူပဒေပညာရှင်ကြီး စတီဖင်ဟော့ကင်း ကွယ်လွန်သွားတာကို ကျနော် အလွန်နှမြောတသ ဖြစ်ရပါတယ်။

သူက မပြောပါဘူး။ လုပ်ပြသွားခဲ့သူပါ။   ။

စိုးနေလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013