DVB Logo
Home
မြန်မာသတင်း
မင်းသမီး အေးမြတ်သူရဲ့ အကယ်ဒမီရင်ခုန်သံ (သတင်းဓာတ်ပုံ)
DVB
·
March 18, 2018
မင်းသမီး အေးမြတ်သူရဲ့ အကယ်ဒမီရင်ခုန်သံ (သတင်းဓာတ်ပုံ)
1 / 5
Donate to DVB

ခေါက်ထီးလေးမလုံ့တလုံရုပ်ရှင်ဇာတ်ကားနဲ့   နေခြည်မှာရွှေရည်လောင်း ဇာတ်ကားတွေမှာ ပီပီပြင်ပြင်သရုပ်ဆောင်ထားတဲ့အတွက် အကယ်ဒမီရနိုင်တယ်လို့ ပရိသတ် ထင်ကြေးပေးနေတဲ့ သရုပ်ဆောင် အေးမြတ်သူက ဒီနှစ် အကယ်ဒမီအတွက် အများကြီး မျှော်လင့်မထားဘူးလို့ ပြောပါတယ်။

"ပြီးခဲ့တဲ့နှစ်တုန်းက ပထမဆုံးအကြိမ် ရင်ခုန်ခွင့်ရခဲ့ပါတယ်။ ဒီနှစ်မှာ ဒုတိယအကြိမ်ထပ်ပြီး ရင်ခုန်ခွင့်ရပါတယ်။ အေးမြတ်သူက လက်တွေ့ဆန်တယ်။ စိတ်ကိုပျော်အောင်ထားတယ်။ အဲဒီအတွက်ကြောင့် ကိုယ်က အများကြီးမမျှော်လင့်ထားဘူးဆိုရင် အများကြီးမဆုံးရှုံးဘူးပေါ့။ အေးမြတ်သူကတော့ အမြဲတမ်း  အနုတ်လက္ခဏာဘက်ကို တွေးထားတာရှိတယ်။ အေးမြတ်သူဘာမှမျှော်လင့်မထားဘူး။ အကယ်ဒမီလိုချင်လားမေးရင် လိုချင်တာပေါ့။ အကယ်ဒမီဆိုတာ အေးမြတ်သူတို့ရဲ့ ဘ၀မှတ်တိုင်ပါ။ မလိုချင်ဘူးလို့ တခါမှမပြောခဲ့ဘူး။ အရမ်းလိုချင်တယ်”

ဒီနှစ်မှာ တခြားဝါရင့်သရုပ်ဆောင်တွေ အကယ်ဒမီရဖို့အတွက်လည်း ရင်ခုန်နေတယ်လို့ လည်း မင်းသမီးအေးမြတ်သူကပြောပါတယ်။

“အေးမြတ်သူထက်ပိုပြီးတော့ အနုပညာအရ၊ ၀ါအရတကယ်ကို ၀ါရင့်၊ သမ္ဘာရင့် အနုပညာရှင်တွေ အများကြီးရှိတယ်။ ကိုယ်လည်းတကယ်ကြိုက်တဲ့ မအူဝဲတို့၊ အန်တီဆင့်တို့တွေလည်း ရှိတယ်။ ကိုယ်လည်း အန်တီဆင့်တို့ မအူဝဲတို့ကိုကြည့်ပြီးတော့ ဒီလောကထဲမှာ မင်းသမီးဖြစ်လာခဲ့တယ်။ သရုပ်ဆောင်ဖြစ်လာခဲ့တယ်။ တကယ်ကို ကိုယ့်ရဲ့ အိုင်ဒေါတွေဖြစ်တဲ့အတွက်သူတို့အတွက်ပိုပြီး ရင်ခုန်ပါတယ်။  အေးမြတ်သူအတွက် ပရိသတ်တွေ အားလုံးက ရင်ခုန်ခွင့်ပေးတဲ့အတွက် အေးမြတ်သူအရမ်းကျေးဇူးတင်ပါတယ်။ အေးမြတ်သူက အဲဒီလိုမျိုးရင်ခုန်ခွင့်နဲ့တင်ကျေနပ်ပါတယ်"လို့ ပြောပါတယ်။

သရုပ်ဆောင်  အေးမြတ်သူဟာ ဒါရိုက်တာမီးပွားရိုက်ကူးထားတဲ့ "ခေါက်ထီးလေးမလုံ့တလုံ "ဇာတ်ကားမှာ ကြွေဆိုတဲ့ ပြည့်တန်ဆာမိန်းကလေးအသွင် သရုပ်ဆောင်ထားသလို "နေခြည်မှာ ရွှေရည်လောင်း" ဇာတ်ကားမှာတော့ ဘိုမ အမည်ရှိ ကျေးလက်နေ သားသည်အမေ ဇာတ်ရုပ်နေရာမှာ သဘာဝကျကျ သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားထဲကဇာတ်ရုပ်တွေအတွက် သူ့ရဲ့ အားထုတ်မှုတွေနဲ့ ပတ်သက်ပြီး အေးမြတ်သူက "ကြွေ ဖြစ်ဖို့အတွက် အေးမြတ်သူကြွေလိုမိန်းကလေးမျိုးတွေနဲ့တွေ့တယ်။ သူတို့ရှိတဲ့နေရာတွေသွားပြီးတော့ သူတို့ရဲ့ပုံပန်းသဏ္ဍာန်တွေကိုလေ့လာတယ်။ အပြုအမူ အပြောအဆိုတွေကို သေချာမှတ်သားတယ်။ ကိုယ့်ကိုယ်ကိုယ် ကြွေဖြစ်အောင်ခံစားချက်တွေ သွင်းယူတယ်။  ဘိုမကတော့ ဒါရိုက်တာရဲ့ ပံ့ပိုးမှုတွေနဲ့ အေးမြတ်သူလုပ်ခဲ့တာပါ။ အဲဒီကျေးရွာမှာနေတဲ့ ကလေးအမေ အမျိုးသမီးတစ်ယောက်ပုံစံမျိုး အသားညိုရမှာတွေ၊ အ၀တ်အစားတွေကအစ ဒါရိုက်တာကပဲ ဖန်တီးပေးတာပါ။”လို့ပြောပါတယ်။

"ခေါက်ထီးလေးမလုံ့တလုံ"ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်က   "နေခြည်မှာ ရွှေရည်လောင်း" ဇာတ်ကားထက်ပိုပြီး စိတ်ဖိစီးမှုများခဲ့တယ်လို့လည်း အေးမြတ်သူက ပြောပါတယ်။

“အမှန်တိုင်းပြောရရင် စိတ်ဖိစီးမှုများခဲ့တာကတော့ကြွေပါ။ မညာတမ်းဝန်ခံတာပါ။ ဘိုမကကြွေလောက်စိတ်ဖိစီးမှုများခဲ့ဘူး။ ကြွေကအေးမြတ်သူ စိတ်ဖိစီးမှုအရမ်းများခဲ့တဲ့ ဇာတ်ရုပ်တခုပါ။ အခက်အခဲကတော့ ဘယ်ဇာတ်ရုပ်မဆိုရှိတာပါပဲ။ အေးမြတ်သူကတော့ အားလုံးကိုအကောင်းဆုံးဖြစ်အောင် ကိုယ်ရတဲ့အပိုင်းကဏ္ဍကနေ အကောင်းဆုံးကြိုးစားထား ပါတယ်။ ဘယ်ဟာတော့လျှော့လုပ်မယ်၊ ဘယ်ဟာတော့ပိုလုပ်မယ်ဆိုတာမျိုးတော့မရှိပါဘူး။ ဘိုမဆို ဘိုမဖြစ်အောင်၊ ကြွေ ဆိုရင်လည်းကြွေဖြစ်အောင်ကြိုးစားတယ်။ အကယ်ဒမီ အတွက်ကြိုးစားခဲ့တာမဟုတ်ဘူး။ ကိုယ်လျှောက်နေတဲ့လမ်း ဒီထက်ပိုမို ကောင်းမွန်အောင်၊ ပရိသတ်ရဲ့မေတ္တာတရားနဲ့ ချစ်ခြင်းတွေရအောင်လို့ ဒီထက်ပိုပြီး ကြိုးစားတာပါ။ ဒီကားတွေ ရိုက်တုန်းကတည်းက အကယ်ဒမီရဖို့အတွက် ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်လုံးဝ မရှိခဲ့ဘူး။ ဒီကားထဲမှာကြွေအဖြစ်နဲ့ ပရိသတ်ချစ်သွားစေချင်တယ်။ ဘိုမအဖြစ်ချစ်သွားစေချင်တယ်။ အဲဒီစိတ်နဲ့ အဲဒီချစ်ခြင်းတွေကိုလိုချင်လို့ကြိုးစားခဲ့တာပါ"

ပြီးခဲ့တဲ့နှစ် အကယ်ဒမီဆန်ကာတင်စာရင်းမှာ ဇာတ်ကား ငါးကားနဲ့ အကယ်ဒမီတစ်ကြို စာရင်းဝင်ခဲ့ပေမယ့် အကယ်ဒမီဆုနဲ့လွဲချော်ခဲ့တဲ့ အေးမြတ်သူအတွက် ဒီနှစ်မှာရော ကံကောင်းနိုင်မလားဆိုတာကတော့ လာမယ့် မတ်လ ၂၃ ရက်ည မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲမှာ စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013