
တရုတ်ကုမ္ပဏီနဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်တဲ့ ၁၀၆ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မယ့် ဓာတ်အားပေးစက်ရုံသစ်ကို ရန်ကုန်မှာ ဒီနေ့ဖွင့်လှစ်လိုက်ပါတယ်။
တရုတ်နိုင်ငံ UREC (Union Resources & Engineering Co.,Ltd) နဲ့ ပူးပေါင်းပြီး သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို ၂၀၁၆ ခုနှစ်က စတင်အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပြီး သာကေတမြို့နယ်မှာ တည်ဆောက်ထားတာပါ။
စက်ရုံက ထုတ်လုပ်တဲ့ ဓာတ်အားတွေကို နိုင်ငံတော် ဓာတ်အားစနစ်အတွင်းကို ပို့လွှတ်ပေးနေပြီး လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ မြင်းခြံနဲ့ သထုံမြို့တွေမှာလည်း ၃၃၄ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မယ့် လျှစ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေကို အကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်။
မြန်မာတနိုင်ငံလုံးအနေနဲ့ တရက်ကို လျှပ်စစ်ဓာတ်အား ၃၂၀၀ မဂ္ဂါဝပ် ဝန်းကျင် ထုတ်လုပ်နေပြီး ဒီရဲ့ ထက်ဝက်ကျော်ကို ရန်ကုန်တိုင်းက သုံးစွဲနေတာပါ။
သတင်းနှင့်ဓာတ်ပုံ - ဆုဆုသွယ်











