
https://www.facebook.com/100007235028718/videos/1971582626426219/
ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ရှေ့မှာ တေးသီချင်းနဲ့ ကခုန်ရိုက်ကူးခဲ့တဲ့ ဘွဲ့ယူမောင်မယ်တွေရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက်စာမျက်နှာတွေပေါ် ရေပန်းစားနေပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဇော်လင်းကို (Zaw Lin Ko) အကောင့်နာမည်နဲ့ ဖေ့စ်ဘွတ်ခ် အသုံးပြု သူတဦးက KNOWLEDGE AND WISDOM TALKS (သုတပညာလေထန်ကုန်း) ဂရု(ပ်) ထဲမှာ မတ်လ ၁၃ ရက်နေ့က မျှဝေထားခဲ့တာ ဖြစ်ပါတယ်။
ရုပ်သံဗွီဒီယိုဖိုင် အညွှန်းမှာတော့ ၂၀၁၈ ခုနှစ်၊ စီးပွားရေးတက္ကသိုလ်(ရွာသာကြီး) မှ စီးပွားရေး စီမံခန့်ခွဲမှုပညာဘွဲ့ရ ကျောင်းသူကျောင်းသားတွေရဲ့ ဘွဲ့ယူအမှတ်တရအဖြစ် (BBA Graduation 2018) လို့ စာတန်းထိုးထားခဲ့တာကို တွေ့ရပါတယ်။
ဘွဲ့ဝတ်စုံတွေဝတ်ဆင်ထားပြီး ကခုန်နေကြတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို အွန်လိုင်းပေါ်မှာတော့ အားပေးသူတွေရော၊ ဝေဖန်သူတွေပါ ရှိနေခဲ့တာ ဖြစ်ပါတယ်။
တချို့ကလည်း ပျော်စရာကောင်းတယ်ဆိုပြီး အားပေးမှတ်ချက်တွေရေးခဲ့ကြပြီး တချို့ကတော့ ဒါဟာ ကျောင်းနဲ့ ဘွဲ့ဝတ်စုံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေတယ်ဆိုပြီး မှတ်ချက်တွေ ရေးခဲ့ကြတာကို တွေ့ရပါတယ်။
လက်ရှိမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ် သောင်းချီရှိခဲ့ပြီး ဖေ့စ်ဘွတ်ခ်ပေါ်မှတဆင့် ပြန်လည်မျှဝေမှုတွေနဲ့ နာမည်ကြီးနေခဲ့တာ ဖြစ်ပါတယ်။










