DVB Logo
Home
မြန်မာသတင်း
နှင်းပုလဲဘူတာတွင် အရက်မူး အိပ်ပျော်နေသည့် သင်္ကန်းဝတ်လေးဦးကို ဖမ်းဆီးအရေးယူ
DVB
·
March 17, 2018
နှင်းပုလဲဘူတာတွင် အရက်မူး အိပ်ပျော်နေသည့် သင်္ကန်းဝတ်လေးဦးကို ဖမ်းဆီးအရေးယူ
Donate to DVB

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ နှင်းပုလဲဘူတာမှာ အရက်မူးပြီး အိပ်ပျော်နေတဲ့ သင်္ကန်းဝတ်လေးဦးကို မတ်လ ၁၄ ရက်နေ့ မနက် ၁ နာရီခွဲလောက်က သက်ဆိုင်ရာကတွေ့ရှိခဲ့လို့ သိက္ခာချလူဝတ်လဲကာ ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

နှင်းပုလဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းဦးက “ဘူတာရုံက လူတွေပြော နေတာတော့ကြာပါပြီ။ မော်လမြိုင်ကနေ ညနေပိုင်းထွက်တဲ့ ရထားနဲ့ လိုက်လာကြပြီး ဒီဘူတာမှာဆင်းတယ်။ ပြီးတော့ အရက်သောက်စားအိပ်ပြီးမှ မနက်စောပိုင်း ရန်ကုန်ဘက်ကလာတဲ့ ရထားနဲ့ မော်လမြိုင်ဘက်ကို လိုက်ပြန်နေကြပါ။ ခဏခဏ ဒီလိုတွေ့နေတော့လည်း ပတ်ဝန်းကျင်က တိုင်ကြားလာလို့ အခုလို မြို့နယ်သံဃာ့နာယက ဆရာတော်နဲ့ သိက္ခာချလူဝတ်လဲပြီး ရဲစခန်းအပ်ခဲ့တာပါ” လို့ ပြောပါတယ်။

ဘီးလင်းမြို့နယ် သံဃာ့နာယကအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးဝိမလ၊ ဘီးလင်းမြို့နယ် ဘာသာပေါင်းစုံ ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ချိုတို့ရဲ့ ရှေ့မှောက်၌စစ်ဆေးမေးမြန်းခဲ့ရာ အဆိုပါသံဃာ ၄ ပါးမှာ ဘူတာရုံအတွင်း အရက်သေစာသောက်စားပြီး ဘူတာရုံထိုင်ခုံတွေပေါ်မှာ အိပ်ပျော်နေကြောင်း ဝန်ခံထွက်ဆိုလို့ သိက္ခာချလူဝတ်လဲပြီး သက်ဆိုင်ရာကို အပ်နှံခဲ့တာ ဖြစ်ပါတယ်။

သင်္ကန်းဝတ်နဲ့ အရက်သေစာသောက်စားပြီး ဘူတာရုံအတွင်း အိပ်နေသူတွေမှာ ဦးသောင်းမြင့် ၆၉ နှစ်၊ ဘွဲ့အမည် ဦးသောမန ဝါတော် ၁ ဝါ၊ ဦးအောင်ဝင်းသိန်း ၅၉နှစ်၊ ဘွဲ့အမည် ဦးပညာဝံသ ဝါတော် ၁၄ဝါ၊ ဦးလှဝင်း ၅၉ နှစ်၊ ဘွဲ့အမည် ဦးဝိမလ ဝါတော် ၅ လနဲ့ ဦးရဲထွန်း ၃၉ နှစ်၊ ဘွဲ့အမည် ဝါယမ ဝါတော် ၁၄ ဝါတို့ဖြစ်ပါတယ်။

ဘီးလင်းမြို့မရဲစခန်းက သင်္ကန်းဝတ် ၄ ဦးကို ကိုးကွယ်ယုံကြည်သည့် ဘာသာကိုဖျက်ဆီးမှု ရာဇသတ်ကြီးပုဒ်မ-၂၉၅ (က) နဲ့ အမှုဖွင့်အရေးယူထားပြီး မြို့နယ်တရားရုံးမှာ အမြန်ဆုံး တရားစွဲဆိုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း-ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013