DVB Logo
Home
မြန်မာသတင်း
ကျေးသီးတွင် တပ်မတော်ကသိမ်းထားသည့်မြေအချို့ ပြန်ပေးမည်
DVB
·
March 17, 2018
ကျေးသီးတွင် တပ်မတော်ကသိမ်းထားသည့်မြေအချို့ ပြန်ပေးမည်
Donate to DVB

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်ထဲမှာ တပ်မတော်က သိမ်းယူခဲ့တဲ့ မြေတွေထဲက နမ့်ကုံးရေကန်တဝိုက် ရေဝေရေလဲဒေသကို ပြန်စွန့်လွှတ်မယ်လို့ ကာကွယ်ရေးဒုဝန်ကြီးက လွှတ်တော်ထဲမှာ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးမှာ ကျေးသီးမြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းအောင်ကျော်က အမှတ် ၁၃၁ ခြေလျင်တပ်ရင်းက သိမ်းယူတဲ့ထဲ ပါသွားတဲ့ နမ့်ကုံးရေကန် ရေဝေရေလဲ ဧရိယာ ၃၁ ဧကနဲ့ တောင်သူများရဲ့ စိုက်ခင်း ၁၆၅ ဧကကို ပြည်သူပိုင်အဖြစ် ပြန်ပေးဖို့ အစီအစဉ်ရှိ၊ မရှိ လွန်ခဲ့တဲ့ သြဂုတ်လက တင်ပြခဲ့တဲ့ကိစ္စ  ကြယ်ပွင့်ပြမေးခွန်း ပြန်လည်မေးမြန်းရာမှာ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က နမ့်ကုံးမြေဧရိယာမှာ ပြည်သူတို့ သောက်ရေ သုံးရေအဖြစ် အသုံးပြုနေတဲ့အပြင် ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓာတ်အား ထုတ်ယူနေတာကြောင့် အများပြည်သူပိုင်အဖြစ် ပြန်စွန့်ပေးသွားမယ့်အကြောင်း၊ တောင်သူစိုက်ခင်း ၁၆၅ ဧကထဲမှာတော့ သုသာန်မြေဟောင်း၊ ယာယီရွှေ့ပြောင်း တောင်ယာနဲ့ ပိုင်ဆိုင်မှု အထောက်အထား မရှိတဲ့အပြင် စစ်ပစ်ကွင်းတွေနဲ့ နီးကပ်လို့ လုံခြုံရေးအတွက် ပြန်လည်စွန့်လွှတ်ပေးခြင်း မရှိဘူးလို့ ဖြေဆိုသွားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး SNLD လွှတ်တော်ကိုယ်စားလှယ် စိုင်းအောင်ကျော်က သူ့အနေနဲ့ ပြည်သူတွေရဲ့ လိုလားချက်တွေကို တင်ပြပေးခဲ့ပေမယ့် တချို့တလေသာ ပြန်ရလို့ ကျေနပ်အားရမှုတော့ မရှိကြောင်း၊ ဒါပေမယ့်  ကျေးလက်တောရွာနေ ပြည်သူအများစုမှာ မြေဂရန်တွေ၊ ပိုင်ဆိုင်မှုအထောက်အထားတွေ မရှိလို့ အခက်အခဲ ဖြစ်နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ပြည်သူတွေ တောင်းဆိုတာ အကုန်မရလို့ ကျေနပ်အားရမှုတော့ မရှိဘူးပေါ့ခင်ဗျာ။ ကျနော်တို့ တောင်ပေါ်ဒေသ ကျေးလက်တောရွာ အများစုကလည်း သိတဲ့အတိုင်းပဲ။ တောင်ယာလုပ်ငန်းကို ဘိုးစဉ်ဘောင်ဆက် လုပ်လာပေမယ့် အများစုက ပိုင်ဆိုင်မှု အထောက်အထား မရှိဘူးလေ။ ပိုင်ဆိုင်မှုမပြနိုင်တော့ ပြန်ရဖို့က သိပ်တော့ မလွယ်လောက်ဘူး။ ဒါပေမယ့် လုံးဝပြန်မရတာထက်စာရင် တော်သေးတယ်လို့ ဆိုရမှာပေါ့။”

ကျေးသီးဒေသခံတဦးဖြစ်တဲ့ နန်းဆိုင်ဟန်ကတော့ သူတို့ဒေသမှာ အရင်က မြေပိုင်ဆိုင်မှု အထောက်အထား လုပ်ရမှန်းလည်း မသိသလို လုပ်ပေးမယ့်သူလည်း မရှိကြောင်း၊ မြေအသိမ်းခံရတာ ဆယ့်ငါးနှစ်ကျော်ပြီးကာမှ  ပြီးခဲ့တဲ့ ၂၀၁၇ ကမှ မြေတွေ ပြန်တိုင်းပြီး ပုံစံ ၁၀၅ ထုတ်ပေးတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကျမတို့ ကျေးသီးတမြို့နယ်လုံး ရွာတိုင်းလိုလို အရင်က ဘိုးစဉ်ဘောင်ဆက် လယ်တွေ ယာတွေ လုပ်လာခဲ့ကြတာ။ မြေပိုင်ဆိုင်ခွင့် အထောက်အထားဆို ဘာမှန်းတောင် မသိဘူး။ ဘယ်သူမှလည်း မလုပ်ပေးဘူး။ လုပ်ရမှန်းလည်းမသိဘူး။ အခုတော့ ကျမတို့ ဘိုးဘွားပိုင်မြေတွေကို စစ်တပ်က အုတ်တံတိုင်းခတ်ထားလိုက်ပြီလေ။ အဲဒီလို အသိမ်းခံရပြီးတော့မှ ပိုင်ဆိုင်ခွင့်အထောက်အထား အရေးကြီးတယ်ဆိုတာ သိရတယ်၊ ပြီးခဲ့တဲ့နှစ်ကမှ သက်ဆိုင်ရာက မြေတွေပြန်တိုင်းပေးပြီး ပုံစံ ၁၅ ထုတ်ပေးတယ်၊ စစ်တပ်ပိုင်မြေထဲ ရောက်သွားတဲ့ဟာတွေ ပြန်မရတော့ဘူးလို့ သတင်းကြားတော့ ကျမတို့လည်း ဝမ်းနည်းတာပေါ့။ မြေမဲ့ယာမဲ့ဘဝ ရောက်ရတာပေါ့။”

ဒေသခံတွေ ပြန်ရဖို့ တောင်းဆိုခဲ့တဲ့ မြေတွေဟာ အမှတ်-၁၃၁ ခြေလျင်တပ်ရင်းမှ ၂၀၀၄ ခုနှစ်က ပြည်ထဲရေးဝန်ကြီးဌာနရဲ့  မြေပေးမိန့်ရရှိခဲ့တဲ့ မြေဧရိယာ ၅၈၀ ဧကထဲ ပါဝင်ပြီး ၁၅ ဧကမှာ ယာယီရွှေ့ပြောင်းတောင်ယာမြေ၊ ၃ ဒဿမ ၅ ဧကမှာ သင်္ချိုင်းမြေဟောင်း၊ ၅၆၅ ဒသမ ၅ ဧကမှာ မြေလွတ်မြေရိုင်းများသာ ဖြစ်တယ်လို့ ကာကွယ်ရေးဒုဝန်ကြီးက လွှတ်တော်ထဲမှာ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013