DVB Logo
Home
Lead Story
ရုရှားဓာတ်ခွဲခန်းကစခဲ့တဲ့ ပလိပ်ရောဂါသံသယ ဘယ်လောက်ထိ စိုးရိမ်ရသလဲ
စိုင်းခေတ်နွေ
·
October 9, 2026
ရုရှားဓာတ်ခွဲခန်းကစခဲ့တဲ့ ပလိပ်ရောဂါသံသယ ဘယ်လောက်ထိ စိုးရိမ်ရသလဲ
Donate to DVB

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသမှာ ဓာတ်ခွဲခန်းဝန်ထမ်း အမျိုးသမီးငယ်တဦး သေဆုံးသွားပါတယ်။ သူ့မှာဖြစ်ခဲ့တဲ့ အဆုတ်ရောင်ရောဂါရဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒီအမျိုးသမီးက ပလိပ်ရောဂါသုတေသနဌာနမှာ အလုပ်လုပ်တဲ့သူ ဖြစ်နေတာကြောင့် ဒီသေဆုံးမှုကို နိုင်ငံတကာကပါ စိုးရိမ်တကြီး စောင့်ကြည့်လာကြပါတယ်။

အကြောင်းရင်းမသိတဲ့ ဖျားနာမှု၊ ဆေးရုံအဝင်အထွက် ကန့်သတ်မှု၊ သီးခြားခွဲစောင့်ကြည့်မှုနဲ့ ဓာတ်ခွဲခန်းမတော်တဆမှု ဖြစ်နိုင်တယ်ဆိုတဲ့ သတင်းတွေကြားရင် ကိုဗစ်ကပ်ရောဂါကို ကြုံခဲ့ရတဲ့ ကျနော်တို့အတွက် ခဲမှန်ဖူးတဲ့ စာသူငယ်လိုပါပဲ။ ချစ်ရတဲ့သူတွေကို ဆုံးရှုံးခဲ့ဖူးသူတွေအနေနဲ့ ပူပန်မိမှာ ဓမ္မတာပါပဲ။

ဒါပေမဲ့ အောက်တိုဘာ ၈ ရက် မနက်ပိုင်းအထိ စစ်ဆေးနိုင်တဲ့ အချက်အလက်တွေအရ ဒီအမျိုးသမီးမှာ ပလိပ်ရောဂါဖြစ်ခဲ့ကြောင်း လူသိရှင်ကြား အတည်ပြုချက် မရှိသေးပါဘူး။ လူတဦးကနေ တဦးကို ဆက်တိုက်ကူးစက်နေတယ်ဆိုတဲ့ အထောက်အထားလည်း မတွေ့ရသေးဘူးလို့ ကျန်းမာရေးအဖွဲ့အစည်းတွေက ပြောထားပါတယ်။

ဒါကြောင့် ကောလာဟလတွေ မယုံဖို့ လိုပါတယ်။ လက်ရှိ အန္တရာယ်အဆင့်နိမ့်တယ်လို့ WHO က ကနဦး အကဲဖြတ်ထားပေမဲ့ အန္တရာယ် လုံးဝမရှိဘူးလို့တော့ မဆိုနိုင်သေးပါဘူး။ ဒါပေမဲ့ အချက်အလက် ထိန်ချန်တာ၊ ပွင့်လင်းမြင်သာမှု မရှိတာဟာ ဘယ်လောက် ကြောက်စရာကောင်းသလဲ ဆိုတာကိုလည်း ကိုဗစ်တုန်းက ကျနော်တို့ သိခဲ့ကြပြီးပါပြီ။

ဒါကြောင့် ဘာဖြစ်ခဲ့တာလဲ၊ အဆုတ်ပလိပ်ရောဂါဆိုတာ ဘာလဲ၊ လက်ရှိ အန္တရာယ် ဘယ်လောက်ရှိသလဲ ဆိုတဲ့ အချက်အလက်တွေကို သိထားဖို့လိုပါတယ်။ သတင်းတွေကို စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ် အက်ဒ်ဟာနွမ် ဂေဘရီယေးဆပ်စ်က “ရုရှားနိုင်ငံ အီရ်ကွတ်စ်ခ် ပလိပ်ရောဂါသုတေသနဌာနက ဓာတ်ခွဲခန်း ဝန်ထမ်းတဦးမှာ အဆုတ်ပလိပ်ရောဂါ သံသယရှိတယ်ဆိုတဲ့ သတင်းတွေ အောက်တိုဘာ ၂ ရက်က မီဒီယာတွေမှာ ပထမဆုံး ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီဝန်ထမ်းဟာ အဆုတ်ရောင်ရောဂါ အပြင်းအထန်ဖြစ်လို့ ဆေးရုံတင်ထားရပြီး သေဆုံးခဲ့ပါတယ်။ အစောပိုင်း မီဒီယာ သတင်းတွေမှာတော့ ဓာတ်ခွဲခန်းမှာ မတော်တဆ ရောဂါပိုးနဲ့ ထိတွေ့မိရာက အဆုတ်ပလိပ်ရောဂါ ဖြစ်ခဲ့နိုင်တယ်လို့ ဖော်ပြခဲ့ကြပါတယ်” လို့ ပြောပါတယ်။

ဆိုက်ဘေးရီးယားမှာ ဘာဖြစ်ခဲ့သလဲ

သေဆုံးသူဟာ အသက် ၂၈ နှစ်ရှိ ဒါရိယာရှီပီလိုဗာ ဖြစ်တယ်လို့ ရုရှားသတင်းမီဒီယာတွေက ဖော်ပြပါတယ်။ သူဟာ အီရ်ကွတ်စ်ခ်မြို့က ဆိုက်ဘေးရီးယားနဲ့ အရှေ့ဖျားဒေသ ပလိပ်ရောဂါသုတေသနဌာနမှာ ဓာတ်ခွဲခန်းဝန်ထမ်းအဖြစ် အလုပ်လုပ်ပါတယ်။

အဆုတ်ရောင်ရောဂါ အပြင်းအထန်ဖြစ်ပြီး အောက်တိုဘာ ၂ ရက်မှာ သေဆုံးခဲ့ပါတယ်။ အနီးအနား ရှယ်လီခေါ့ဗ်မြို့က ဆေးရုံတရုံရဲ့ အတွင်းလူနာဌာနကို အဝင်အထွက် ကန့်သတ်ထားခဲ့ပါတယ်။

အစပိုင်းမှာ သီးခြားခွဲထားပြီး စောင့်ကြည့်ခံရသူ ၂၀၀ လောက်ရှိတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

အောက်တိုဘာ ၇ ရက်မှာတော့ ဆက်စပ်ထိတွေ့သူ ၉၀ ရာခိုင်နှုန်းကျော်ကို ဆေးဘက်ဆိုင်ရာ စောင့်ကြည့်မှုကနေ ပြန်လွှတ်ပေးပြီးပြီလို့ ရုရှားပြည်သူ့ကျန်းမာရေး စောင့်ကြည့်ရေးဌာနက ထုတ်ပြန်ပါတယ်။

ဓာတ်ခွဲစမ်းသပ်မှု ၅,၀၀၀ နီးပါးမှာ အန္တရာယ်ရှိတဲ့ ရောဂါပိုးတွေ မတွေ့ရဘူးလို့လည်း ဆိုပါတယ်။

ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ချက်တွေကိုလည်း တဖြည်းဖြည်း ရုပ်သိမ်းနေပြီလို့ ထုတ်ပြန်ပါတယ်။

သေဆုံးသူဆီက ယူထားတဲ့ နမူနာတွေမှာ သူ့လုပ်ငန်းနဲ့ ဆက်စပ်တဲ့ ရောဂါပိုး မတွေ့ဘူးလို့ ရုရှား ပြည်သူ့ကျန်းမာရေး စောင့်ကြည့်ရေးဌာနက ပြောပါတယ်။ သူနဲ့ ထိတွေ့ခဲ့သူတွေမှာလည်း ပလိပ်ရောဂါ မတွေ့ဘူးလို့ ဆိုပါတယ်။ ဒီအချက်တွေဟာ ရုရှားအာဏာပိုင်တွေ ထုတ်ပြန်ထားတဲ့ စစ်ဆေးတွေ့ရှိချက်တွေ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ အောက်တိုဘာ ၇ ရက်မှာ ဖျားနာမှုနဲ့ စမ်းသပ်စစ်ဆေးမှုတွေအကြောင်း အသေးစိတ်အချက်အလက်တွေ ထပ်တောင်းခံထားပါတယ်။ ဘာကြောင့် အဆုတ်ရောင်ခဲ့သလဲဆိုတဲ့ လူသိရှင်ကြား ရှင်းလင်းချက်ကတော့ မပြည့်စုံသေးပါဘူး။

ဘယ်နမူနာတွေ ယူခဲ့သလဲ၊ ဘယ်ပိုးတွေကို စစ်ခဲ့သလဲ၊ ဘယ်အချိန်မှာ နမူနာယူခဲ့သလဲဆိုတာ ရှင်းပြနိုင်ရင် ပညာရှင်တွေအတွက် တွေ့ရှိချက်တွေကို အကဲဖြတ်ရ ပိုလွယ်လာမှာ ဖြစ်ပါတယ်။

ပိုးမတွေ့ဘူးဆိုတဲ့ စစ်ဆေးချက်က အားတက်စရာဖြစ်ပေမဲ့ ဘာကြောင့် ဖျားနာခဲ့သလဲ ဆိုတာကိုတော့ အလိုအလျောက် အဖြေပေးနိုင်တာ မဟုတ်ပါဘူး။

ပလိပ်ပိုးပါတဲ့ ဖန်ပြွန်ကို သူ မတော်တဆ ခွဲမိခဲ့တယ်ဆိုတဲ့ ပြောဆိုချက်ကို အတည်မပြုနိုင်သေးပါဘူး။

ရုရှားဘက်ကတော့ ကော်မရှင် ၂ ဖွဲ့ရဲ့ စစ်ဆေးချက်တွေအရ ဓာတ်ခွဲခန်းမှာ ရောဂါပိုးတွေနဲ့ အလုပ်လုပ်စဉ် မတော်တဆမှု ဖြစ်ခဲ့တဲ့ အထောက်အထား မတွေ့ဘူးလို့ အောက်တိုဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

နောက်ဝန်ထမ်းတဦးမှာလည်း အကြောင်းရင်းမသိတဲ့ အဆုတ်ရောင်ရောဂါ ဖြစ်နေတယ်ဆိုတဲ့ မီဒီယာသတင်းတွေကို အတည်ပြုပေးဖို့ WHO က ရုရှားကို တောင်းဆိုထားပါတယ်။ ဒီသတင်းကို အတည်မပြုနိုင်သေးသလို နောက်တဦး သေဆုံးတယ်ဆိုတဲ့ ပြောဆိုချက်လည်း အတည်ပြုချက် မရှိသေးပါဘူး။

ထိုင်းနိုင်ငံ အပါအဝင် ခရီးသွားခဲ့တာနဲ့ သူ့ဖျားနာမှုကို ဆက်စပ်ပြောဆိုနေကြပေမဲ့ လူသိရှင်ကြား ပြထားတဲ့ အထောက်အထား မရှိသေးပါဘူး။

အဆုတ်ပလိပ်ရောဂါဆိုတာ ဘာလဲ

ပလိပ်ရောဂါဟာ ယာစီနီယာပက်စတစ်လို့ ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပါတယ်။ အလယ်ခေတ်က “Black Death" လို့ လူသိများတဲ့ ပလိပ်ကပ်ရောဂါကြီးကို ဖြစ်စေခဲ့တဲ့ပိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရောဂါဟာ လုံးဝပျောက်ကွယ်သွားတာ မဟုတ်ပါဘူး။

အာဖရိက၊ အာရှနဲ့ အမေရိကတိုက်တွေရဲ့ ဒေသတချို့မှာ တောရိုင်းနို့တိုက်သတ္တဝါတွေနဲ့ သူတို့ဆီက လှေးတွေမှာ ဒီပိုး ဆက်ရှိနေပါတယ်။

၂၀၁၉ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ WHO ဆီ တင်ပြခဲ့တဲ့ လူမှာဖြစ်တဲ့ ပလိပ်ရောဂါ အများစုကို ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ မဒါဂတ်စကာနိုင်ငံမှာ တွေ့ခဲ့ရပါတယ်။ ပလိပ်ဆိုတဲ့နာမည်က သမိုင်းထဲက ရောဂါတခုလို ထင်ရပေမဲ့ ဒီရောဂါ ဆက်ရှိနေပါတယ်။

ပလိပ်ရောဂါမှာ အဓိက ပုံစံ ၃ မျိုး ရှိပါတယ်။ အကျိတ်ပလိပ်ရောဂါ (Bubonic plague) က ပြန်ရည်ကျိတ်တွေကို ထိခိုက်ပြီး နာကျင်တဲ့အကျိတ်တွေ ဖြစ်စေပါတယ်။ သွေးပလိပ်ရောဂါ (Septicaemic plague) မှာတော့ ပိုးက သွေးထဲပျံ့နှံ့ပြီး ကိုယ်တွင်းအင်္ဂါတွေကို ပျက်စီးစေနိုင်ပါတယ်။ အဆုတ်ပလိပ်ရောဂါ (Pneumonic plague) ကတော့ အဆုတ်မှာ ပိုးဝင်တာ ဖြစ်ပါတယ်။

ခန္ဓာကိုယ်ရဲ့ တခြားနေရာက ပလိပ်ပိုးတွေ အဆုတ်ဆီ ပျံ့လာရင် ဒီရောဂါ ဖြစ်နိုင်ပါတယ်။ ပိုးပါတဲ့ အမှုန်အမွှားတွေကို ရှူမိရင်လည်း အဆုတ်မှာ တိုက်ရိုက် ပိုးဝင်နိုင်ပါတယ်။ အဆုတ်ရောင်တယ်ဆိုတာ အဆုတ်မှာဖြစ်နေတဲ့ ရောဂါအခြေအနေကို ပြောတာဖြစ်ပါတယ်။ ဘယ်ပိုးကြောင့် ဖြစ်သလဲ ဆိုတာကိုတော့ အဲဒီစကားတခုတည်းနဲ့ မသိနိုင်ပါဘူး။

ရောဂါပိုးအမျိုးမျိုးကြောင့် အဆုတ်ရောင်နိုင်ပါတယ်။ ဒါကြောင့် အကြောင်းရင်းမသိတဲ့ အဆုတ်ရောင်ရောဂါတခု တွေ့ရုံနဲ့ ပလိပ်ရောဂါဖြစ်တယ်၊ ရောဂါအသစ်ဖြစ်တယ်လို့ မသတ်မှတ်နိုင်ပါဘူး။

ပလိပ်သုတေသနဌာနမှာ အလုပ်လုပ်တာကြောင့် လုပ်ငန်းခွင်မှာ ပိုးနဲ့ ထိတွေ့ခဲ့သလားဆိုတာ စစ်ဆေးဖို့ လိုပါတယ်။ ဒါပေမဲ့ အဲဒီမှာ အလုပ်လုပ်တယ်ဆိုတဲ့ အချက်တခုတည်းနဲ့ သူဘယ်လို ဖျားနာခဲ့သလဲဆိုတာကို ဆုံးဖြတ်လို့ မရပါဘူး။

ဘယ်လို ကူးစက်နိုင်သလဲ

လူတွေမှာ ပလိပ်ရောဂါ ကူးစက်တာက အများအားဖြင့် တိရစ္ဆာန်တွေ ကပ်ပါးအဖြစ်နေတဲ့ ပိုးရှိတဲ့ လှေးကိုက်ခံရတာ ဒါမှမဟုတ် ပိုးရှိတဲ့ တိရစ္ဆာန်နဲ့ ထိတွေ့တာကြောင့် ဖြစ်ပါတယ်။

အဆုတ်ပလိပ်ရောဂါမှာတော့ လူကနေ လူကို တိုက်ရိုက်ကူးနိုင်တာကြောင့် ပိုပြီး သတိထားရပါတယ်။ လူနာ ချောင်းဆိုးတဲ့အခါ ဘက်တီးရီးယားပိုးပါတဲ့ အမှုန်အမွှားတွေ ထွက်လာနိုင်ပါတယ်။

အနီးအနားက လူတဦးက အဲဒီအမှုန်အမွှားတွေကို ရှူမိပြီး ကူးစက်နိုင်ပါတယ်။ ပုံမှန်အားဖြင့် ဖျားနာနေတဲ့ လူနာနဲ့ နီးနီးကပ်ကပ် အချိန်ကြာကြာ ထိတွေ့မိမှ ကူးစက်တတ်ပါတယ်။

ဒါကြောင့် လူနာကို ပြုစုနေတဲ့ မိသားစုဝင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ ကူးစက်နိုင်ခြေ ပိုရှိနိုင်ပါတယ်။ အဲဒါကြောင့် လူနာနဲ့ ထိတွေ့ခဲ့သူတွေကို အမြန်ဆုံး ရှာဖွေဖို့ အရေးကြီးပါတယ်။

လူနာတဦးမှာ ရောဂါအလွန်ပြင်းထန်တယ်ဆိုတာနဲ့ တခြားလူအားလုံးအတွက် အန္တရာယ် ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီလို့တော့ မဆိုနိုင်ပါဘူး။ အန္တရာယ် ဘယ်လောက်ရှိသလဲ ဆိုတာက ပိုးနဲ့ ထိတွေ့ခဲ့သလား ဆိုတဲ့အချက်ပေါ်  မူတည်ပါတယ်။

တခြားသူတွေဆီ ဆက်ကူးနေသလား၊ ကျန်းမာရေးအဖွဲ့တွေက ကူးစက်မှုကို ဘယ်လောက်မြန်မြန် တားဆီးနိုင်သလဲဆိုတာလည်း အရေးကြီးပါတယ်။

စောစောကုသဖို့ ဘာကြောင့် အရေးကြီးသလဲ

အဆုတ်ပလိပ်ရောဂါက အချိန်တိုအတွင်း ပြင်းထန်လာနိုင်ပါတယ်။ ပိုးနဲ့ထိတွေ့ပြီး တရက်ကနေ ၃ ရက်လောက်အကြာမှာ ရောဂါလက္ခဏာတွေ စပေါ်တတ်ပါတယ်။

ဖျားတာ၊ အားနည်းတာ၊ ချောင်းဆိုးတာ၊ ရင်ဘတ်အောင့်တာနဲ့ အသက်ရှူခက်တာတွေ ဖြစ်နိုင်ပါတယ်။ လူနာတချို့မှာ ချောင်းဆိုးရင် သွေးပါလာတတ်ပါတယ်။ ကုသမှုမရရင်တော့ လူနာအားလုံးနီးပါး သေဆုံးနိုင်ပါတယ်။

ရောဂါလက္ခဏာ စပေါ်ပြီး တရက်လောက်အကြာမှာပဲ အသက်ဆုံးရှုံးနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ ဒါကြောင့် ဒီရောဂါလို့ သံသယရှိတာနဲ့ အရေးပေါ် ဆေးကုသမှု ခံယူဖို့ လိုပါတယ်။ ဒါပေမဲ့ ထိရောက်တဲ့ ကုသဆေးတွေ ရှိပြီးသား ဖြစ်ပါတယ်။ အရေးကြီးတာက ကုသမှုကို အမြန်ဆုံးစဖို့ ဖြစ်ပါတယ်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (CDC) က ပလိပ်ရောဂါလို့ သံသယရှိရင် စစ်ဆေးချက်အဖြေကို စောင့်ပြီး ကုသမှု နောက်မကျစေဖို့ ဆရာဝန်တွေကို ညွှန်ကြားထားပါတယ်။ ပိုးကူးစက်နိုင်လောက်တဲ့ ထိတွေ့မှု ရှိခဲ့သူတွေကိုလည်း ရောဂါလက္ခဏာ မပေါ်ခင်မှာဘဲ ဆရာဝန်က ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပဋိဇီဝဆေး ပေးနိုင်ပါတယ်။

ဒါကို ဆေးဘက်ဆိုင်ရာ အကဲဖြတ်မှုအပေါ် အခြေခံပြီး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ သတင်းခေါင်းစဉ်တခုကြောင့် စိုးရိမ်ပြီး ကိုယ့်သဘောနဲ့ ပဋိဇီဝဆေးသောက်တာက အဲဒီအကဲဖြတ်မှုကို အစားထိုးလို့ မရပါဘူး။

ကိုဗစ်နဲ့ ဘာကွာသလဲ

ကိုဗစ်တုန်းကလို အကျပ်အတည်းမျိုး ထပ်ဖြစ်လာမှာကို စိုးရိမ်တာ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ဒီရောဂါနှစ်ခုရဲ့ သဘောသဘာဝက ကွာပါတယ်။

ကိုဗစ်ဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပါတယ်။ လေထဲကနေ ကူးစက်နိုင်ပြီး ရောဂါလက္ခဏာ မရှိသူ ဒါမှမဟုတ် လက္ခဏာ မပေါ်သေးသူဆီကလည်း ကူးနိုင်ပါတယ်။ အဲဒါကြောင့် တခြားသူတွေကို ကူးစက်စေနိုင်သူတိုင်းကို ရှာဖွေဖော်ထုတ်ဖို့ ခက်ပါတယ်။

ပလိပ်ကတော့ သိထားပြီးသား ဘက်တီးရီးယားရောဂါ ဖြစ်ပါတယ်။ စမ်းသပ်စစ်ဆေးနည်းတွေနဲ့ ပဋိဇီဝဆေး ကုသမှုတွေလည်း ရှိပြီးသား ဖြစ်ပါတယ်။

ရောဂါလက္ခဏာ မရှိသူဆီကနေ အဆုတ်ပလိပ် ကူးစက်ခဲ့တယ်ဆိုတဲ့ မှတ်တမ်း မရှိသေးဘူးလို့ CDC က ပြောထားပါတယ်။

ပုံမှန်အားဖြင့် ဖျားနာပြီး ချောင်းဆိုးနေတဲ့ လူနာနဲ့ နီးကပ်စွာ ထိတွေ့တာကနေ ကူးစက်ပါတယ်။ ဒီကွာခြားချက်တွေကြောင့် လူနာကို သီးခြားခွဲပြီး ကုသတာ၊ ပြုစုသူတွေကို ကာကွယ်ပေးတာနဲ့ ထိတွေ့ခဲ့သူတွေကို ရှာဖွေတာတွေကနေ ကူးစက်မှုကို ထိန်းချုပ်နိုင်ပါတယ်။

ဒါဟာ ပလိပ်ရောဂါက အန္တရာယ်မရှိဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ကူးစက်သူတွေကို မတွေ့ရှိလိုက်ရင် ဒါမှမဟုတ် ကုသမှုနောက်ကျရင် ရောဂါ ပျံ့နှံ့ကူးစက်လာနိုင်ပါတယ်။

ဒါပေမဲ့ ရုရှားက ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လက်ရှိရထားတဲ့ အထောက်အထားတွေကို ကြည့်ရင် ကိုဗစ်လို ကမ္ဘာ့ကပ်ရောဂါတခု စနေပြီလို့ ပြောဖို့ အခြေခံမရှိသေးပါဘူး။

ကျန်းမာရေးတာဝန်ရှိသူတွေ တုံ့ပြန်မှုအခြေအနေ

အောက်တိုဘာ ၆ ရက်မှာ WHO က အီရ်ကွတ်စ်ခ်ဒေသအတွက် အန္တရာယ်ကို အလယ်အလတ်ကနေ နိမ့်တဲ့အဆင့်လို့ သတ်မှတ်ပါတယ်။

ရုရှားတနိုင်ငံလုံးအတွက် အန္တရာယ်နိမ့်ပြီး WHO ရဲ့ ဥရောပဒေသအတွက်တော့ အလွန်နိမ့်တယ်လို့ ဆိုပါတယ်။ ဒါဟာ အဲဒီအချိန်က ရရှိထားတဲ့ အချက်အလက်တွေအပေါ် အခြေခံတဲ့ ကနဦးအကဲဖြတ်ချက် ဖြစ်ပါတယ်။

အောက်တိုဘာ ၇ ရက်မှာတော့ ဖြစ်စဉ်အပြည့်အစုံကို မသိရသေးတာကြောင့် အန္တရာယ်ကို အပြည့်အဝ အကဲမဖြတ်နိုင်သေးဘူးလို့ WHO က ပြောပါတယ်။

အထောက်အထားအသစ်တွေ ထွက်လာရင် အကဲဖြတ်ချက်ကို ပြန်ပြင်ရမှာ ဖြစ်ပါတယ်။ ဥရောပ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး ဗဟိုဌာနကလည်း အောက်တိုဘာ ၆ ရက် ထုတ်ပြန်ချက်မှာ ဆက်စပ်ကူးစက်ခံရသူ ထပ်တွေ့တယ်ဆိုတဲ့ သတင်းမရှိဘူးလို့ ပြောထားပါတယ်။

လူကနေ လူကို ဆက်တိုက်ကူးစက်နေတဲ့ အထောက်အထားလည်း မရှိသေးဘူးလို့ ဆိုပါတယ်။ ဒီသုံးသပ်ချက်ကလည်း လက်ရှိ ရရှိထားတဲ့ အကန့်အသတ်ရှိတဲ့ အချက်အလက်တွေအပေါ် အခြေခံထားပါတယ်။

WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ် အက်ဒ်ဟာနွမ် ဂေဘရီယေးဆပ်စ်က “ဒီဖြစ်စဉ်ရဲ့ အခြေအနေ အပြည့်အစုံကို ကျနော်တို့ မသိရသေးပါဘူး။ ဒါကြောင့် အန္တရာယ်ကို အပြည့်အဝ အကဲမဖြတ်နိုင်သေးပါဘူး။ နိုင်ငံတကာ ကျန်းမာရေးစည်းမျဉ်းတွေနဲ့အညီ အချက်အလက်တွေကို အချိန်မီ၊ ပြည့်ပြည့်စုံစုံနဲ့ ပွင့်ပွင့်လင်းလင်း မျှဝေဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ ဒါမှ ကွဲလွဲနေတဲ့ သတင်းတွေကို ရှင်းလင်းနိုင်ပြီး ပြည်သူ့ကျန်းမာရေးအပေါ် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို တိတိကျကျ အကဲဖြတ်နိုင်မှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုရှားကို အကူအညီပေးဖို့ ကမ်းလှမ်းထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအို ကလည်း ရုရှားအနေနဲ့ အချက်အလက် ပိုထုတ်ပြန်ဖို့ တောင်းဆိုထားပါတယ်။

ဒီလို သံတမန်ရေးဆိုင်ရာ ပြောဆိုမှုတွေက စိုးရိမ်မှုရှိတာကို ပြသပေမဲ့ ဘာရောဂါဖြစ်သလဲ ဆိုတာကို အတည်ပြုပေးတာ မဟုတ်ပါဘူး။

ကာဇက်စတန်၊ ကာဂျစ္စတန်နဲ့ ဥဇဘက်ကစ္စတန် နိုင်ငံတွေကလည်း နယ်စပ်တွေမှာ ကြိုတင်ကာကွယ်မှုတွေ တိုးလုပ်မယ်လို့ ကြေညာထားပါတယ်။

စစ်ဆေးမှု ပိုလုပ်တာက ကြိုတင်ကာကွယ်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ ပလိပ်ရောဂါ နယ်စပ်ဖြတ်ကျော် ကူးသွားပြီဆိုတဲ့ သက်သေ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်မှာ ပဋိဇီဝဆေး ယဉ်ပါးတဲ့ ပလိပ်ပိုးတမျိုး တွေ့ထားတယ်ဆိုတဲ့ အထောက်အထားလည်း မရှိသေးပါဘူး။

ရောဂါပိုးတွေ ပိုအားကောင်းလာတယ်ဆိုတဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ပြောဆိုချက်တွေကို ဓာတ်ခွဲခန်း စစ်ဆေးတွေ့ရှိချက်တွေနဲ့ ရောထွေးလို့ မရပါဘူး။ ဒါပေမဲ့ အချက်အလက် ပွင့်လင်းမြင်သာဖို့ကတော့ တကယ်လိုအပ်ပါတယ်။

ရုရှားအနေနဲ့ ဘယ်လိုစစ်ဆေးခဲ့သလဲ၊ ဘာအဖြေတွေ ရခဲ့သလဲ၊ ထိတွေ့ခဲ့သူတွေကို ဘယ်လို ဆက်စောင့်ကြည့်နေသလဲဆိုတာ ရှင်းပြသင့်ပါတယ်။ ဒါမှ တခြားကျန်းမာရေးအာဏာပိုင်တွေက အထောက်အထားတွေအပေါ် အခြေခံပြီး အကဲဖြတ်နိုင်မှာ ဖြစ်ပါတယ်။

ဘာတွေ ဆက်စောင့်ကြည့်ရမလဲ

အခု ဆက်စောင့်ကြည့်ရမဲ့ အရေးကြီးတဲ့အချက်က ဘာရောဂါဖြစ်ခဲ့သလဲဆိုတဲ့ ရှင်းလင်းတဲ့ အဖြေ ဖြစ်ပါတယ်။ တခြား ဖျားနာသူ ထပ်ရှိသလားဆိုတဲ့ ယုံကြည်ရတဲ့ သတင်းနဲ့ ကျန်းမာရေးအ ဖွဲ့အစည်းတွေရဲ့ နောက်ဆုံးအကဲဖြတ်ချက်ကိုလည်း စောင့်ကြည့်ရပါမယ်။

WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ် အက်ဒ်ဟာနွမ် ဂေဘရီယေးဆပ်စ်က “ဒါပေမဲ့ သေဆုံးသူနဲ့ သူနဲ့ ထိတွေ့ခဲ့သူတွေကို ဓာတ်ခွဲစစ်ဆေးခဲ့တဲ့ အချက်အလက်တွေ WHO က ထပ်တောင်းထားပါတယ်။ ပြည်သူ့ကျန်းမာရေး ကာကွယ်ရေးလုပ်ဆောင်ချက်တွေ ဘာကြောင့် လုပ်ခဲ့ရသလဲဆိုတဲ့ အသေးစိတ်ကိုလည်း တောင်းထားပါတယ်။ ထိတွေ့ခဲ့သူတွေရဲ့ ကျန်းမာရေးအခြေအနေ အသေးစိတ်ကိုလည်း တောင်းထားပါတယ်။ နောက်ထပ် ဝန်ထမ်းတဦးမှာ အကြောင်းရင်း မသိရသေးတဲ့ အဆုတ်ရောင်ရောဂါ ဖြစ်နေတယ်ဆိုတဲ့ မီဒီယာသတင်းတွေကို အတည်ပြုပေးဖို့လည်း ကျနော်တို့ တောင်းထားပါတယ်” လို့ ပြောပါတယ်။

အမျိုးသမီးငယ်တဦး သေဆုံးခဲ့တာအတွက် ရှင်းလင်းတဲ့အဖြေ ရဖို့လိုပါတယ်။ ဘာဖြစ်ခဲ့သလဲ၊ သူနဲ့ ထိတွေ့ခဲ့သူတွေကို ဘယ်လို ကာကွယ်ပေးခဲ့သလဲဆိုတာ မေးခွန်းထုတ်ဖို့ လိုပါတယ်။ အစိုးရိမ်မကြီးဖို့နဲ့ ကောလာဟလတွေကို မယုံဖို့ကလည်း အရေးကြီးပါတယ်။ ထင်ရာဆေးတွေ လျှောက်သောက်တာ၊ မလိုအပ်ဘဲ အစိုးရိမ်ကြီးတာတွေဟာ တကယ်ဖြစ်နေတဲ့ ပြဿနာထက် ပိုရှုပ်ထွေးသွားစေနိုင်ပါတယ်။ တဖက်မှာလည်း ခိုင်လုံတဲ့ နောက်ဆက်တွဲသတင်းတွေကို မျက်ခြည်မပြတ် ဆက်စောင့်ကြည့်ကြဖို့ လိုပါတယ်။

ပရိသတ်တွေရဲ့ အမြင်တွေကိုလည်း မှတ်ချက်မှာ မျှဝေခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ DVB ပရိသတ်တွေရော မြန်မာနိုင်ငံသားအားလုံးပါ ရောဂန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်၊ သတ္ထန္တရကပ်တွေက ကင်းဝေးကြပါစေ။

စိုင်းခေတ်နွေ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013