DVB Logo
Home
မြန်မာသတင်း
ဘုတ်ပြင်းမြို့နယ်တွင် နိုင်ငံတကာ မြစ်ချောင်းများနေ့ အခမ်းအနား ကျင်းပ
DVB
·
March 16, 2018
ဘုတ်ပြင်းမြို့နယ်တွင် နိုင်ငံတကာ မြစ်ချောင်းများနေ့ အခမ်းအနား ကျင်းပ
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ်(ခွဲ)မှာ မတ်လ ၁၄ ရက်နေ့က မနိုးရုံးကျေးရွာနေ ဒေသခံ ကရင်တိုင်းရင်းသားတွေ စုပေါင်းပြီး နိုင်ငံတကာ မြစ်ချောင်းများနေ့ကို ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့နယ်(ခွဲ) မနိုးရုံးကျေးရွာအနီးရှိ ယခင် မနိုးရုံးရွာဟောင်း မြစ်ချောင်းမှာ ကရင်းတိုင်းသား ရွာသူ ရွာသားတွေက စုပေါင်းပြီး၊ နိုင်ငံတကာ မြစ်ချောင်းများနေ့ကို ဘာသာပေါင်းစုံ ဆုတောင်းပွဲနှင့် မြစ်ချောင်းထိန်းသိမ်းရေးအတွက် ကျင်းပခဲ့တာ ဖြစ်တယ်လို့ ရွာသူ ရွာသားတွေဆီက သိရပါတယ်။

မနိုးရုံးကျေးရွာအုပ်စုမှာ ချောင်းမကြီး ၄ ခုနဲ့ ချောင်းလက်တံတွေ အများကြီးရှိပြီး၊ တချို့ ချောင်းမကြီးတွေမှာ ခဲသတ္တုတွေ ထွက်ရှိနေတယ်လို့ ဒေသခံ ရွာသူ ရွာသားတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ပွဲစီစဉ်သူ ကိုစရဲမြင့်သိန်းက “ကျနော်တို့ နိုင်ငံတကာ မြစ်ချောင်းများနေ့ အခမ်းအနားကို လုပ်ဖြစ်တာက ဒီမနိုးရုံးကျေးရွာအနီးတဝိုက်မှာ ခဲသတ္တုတွေ တူးဖော်နေတာကို ကုမ္ပဏီတွေက ဝင်မလာခင်နဲ့ နောက်ပြီး ချောင်းထဲမှာရှိတဲ့ ရေနေသတ္တဝါမျိုးစိတ်တွေကို ပြန်ထိန်းသိမ်းဖို့အတွက် ဒီအခမ်းအနားကို လုပ်ဖြစ်တယ်” လို့ ရှင်းပြတာပါ။

မနိုးရုံးကျေးရွာအုပ်စုမှာ မနိုးရုံးချောင်း၊ မနိုးလှချောင်း၊ မနိုးလှငယ်ချောင်းနဲ့ ခဲချောင်း စတဲ့ ချောင်းမကြီး လေးခုရှိပြီး အဓိကမှာ မနိုးရုံးချောင်းနဲ့ ခဲချောင်းတို့မှာ ခဲသတ္တုတွေ ထွက်ရှိနေပြီး ဒေသခံတချို့နဲ့ ကုမ္ပဏီတချို့က စက်ယန္တရားတွေနဲ့ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

ခဲချောင်းကျေးရွာနေ ဦးကောင်းကောင်းက “ကျနော်တို့ရွာမှာက ဒေသခံတချို့ ခဲလုပ်ငန်းနဲ့ပတ်သက်ပြီး တပိုင်တနိုင် လုပ်ကိုင် နေကြတာတော့ ရှိကြပါတယ်။ အများစုကတော့ မိသားစု စားဝတ်နေရေးအတွက် ဥယျာဉ်ခြံမြေ မရှိတဲ့ ရွာသားတွေ လုပ်ကိုင်တာပေါ့နော်။ ကျနော်ကတော့ ဥယျာဉ်စိုက်လုပ်ငန်းပဲ လုပ်တဲ့အခါကျတော့ တချို့ကုမ္ပဏီတွေက ခဲသတ္တုလုပ်ငန်းတွေကို စက်ယန္တရားတွေနဲ့ လုပ်နေလို့ ချောင်းရေ ပျက်စီးတာတို့၊ ရေတွေ နောက်တာတွေ ရှိနေပါတယ်။ နောက်ပြီး ဆီအုန်းကုမ္ပဏီတွေက တောင်ယာရှင်းလင်းလိုက်တော့ နွေရာသီမှာ နေအပူရှိန်ပြင်းပြီး ချောင်းရေတွေ ခန်းခြောက်လာတဲ့အထိ ရှိနေတယ်” လို့  ပြောကြားပါတယ်။

မနိုးရိုးကျေးရွာရှိ ခဲသတ္တုတွေ ထွက်ရှိတဲ့ ချောင်းတွေမှာ ဒေသခံတွေနဲ့ ကုမ္ပဏီတွေက သတ္တုတူးဖော် ထုတ်ယူနေတာကြောင့် ချောင်းရေတွေ ပျက်စီးလာနေပြီး၊ အများဆုံး ထုတ်လုပ်နေတဲ့ ခဲချောင်းကျေးရွာက ချောင်းရေကို အဓိကအားကိုးနေရတာပါ။ အခုချိန်မှာတော့ သောက်သုံးရေတွေ အခက်အခဲ ဖြစ်လာနေတယ်လို့ သိရပါတယ်။

ခဲချောင်းကျေးရွာမှာ နေထိုင်သူ ဦးဇော်မင်းအောင်က “အခုချိန်မှာတော့ ကုမ္ပဏီကြီးတွေ များများစားစား ဝင်လာတာမျိုး မရှိသေးတော့ ဘာပြဿနာမှတော့ မရှိသေးပါဘူး။ ရွာသားတွေ တပိုင်တနိုင် လုပ်ကိုင်စားနေတာ အားလုံးကတော့ အဆင်ပြေနေတဲ့အချိန်ပေါ့။ ခဲချောင်းမှာတော့ ကုမ္ပဏီတွေကတော့ စက်ယန္တရားတွေနဲ့ လုပ်နေတာ ရှိပါတယ်။ မနိုးရုံးချောင်းကို နောက်ထပ် ကုမ္ပဏီတွေ ထပ်လာလုပ်ရင်တော့ မြစ်ချောင်း ပျက်စီးလာတာမျိုးတွေ ဖြစ်လာနိုင်တယ်။ စိုးရိမ်မှုတွေတော့ ရှိနေပါတယ်” လို့  ပြောကြားပါတယ်။

မနိုးရုံးကျေးရွာအုပ်စု ခဲချောင်းကျေးရွာမှာ ခဲသတ္တုလုပ်ငန်းကို ဒေသခံ ကရင်တိုင်းရင်းသားတွေနဲ့ မြန်မာလူမျိုးတို့က မိရိုးဖလာအတိုင်း ခဲသတ္တုလုပ်ငန်းကို တပိုင်တနိုင် လုပ်ကိုင်နေကြတာပါ။ ကုမ္ပဏီတွေကလည်း ဝင်ရောက် လုပ်ကိုင်နေပြီး လက်ရှိမှာတော့ ခဲချောင်းဟာ ပျက်ဆီးစပြုနေပြီး နောက်ထပ် မနိုးရုံးကျေးရွာ ချောင်းမှာ ကုမ္ပဏီတွေက စပ်သပ်စစ်ဆေးမှု ရှိနေပါတယ်။ ထပ်မံဝင်ရောက် လုပ်ကိုင်ပါက ချောင်း ပျက်စီးလာနိုင်သလို ရေနေသတ္တဝါတွေလည်း ရှားပါးလာမှာကို စိုးရိမ်မှုတွေ ရှိနေတယ်လို့ နိုင်ငံတကာ မြစ်ချောင်းများနေ့ အခမ်းအနားမှာ ရွာသားတွေက ပြောဆိုနေကြတာပါ။

သတင်း - ဇော်ဇော်(မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013