DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းဝန်ကြီးချုပ် လက်မှတ်အတုဖြင့် ငွေလိမ်ခဲ့သည့် မှုခင်းသတင်းထောက်ကို ဖမ်းဆီး
DVB
·
March 16, 2018
ဧရာဝတီတိုင်းဝန်ကြီးချုပ် လက်မှတ်အတုဖြင့် ငွေလိမ်ခဲ့သည့် မှုခင်းသတင်းထောက်ကို ဖမ်းဆီး
1 / 2
Donate to DVB

ပုသိမ်မြို့မှာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် လတ်မှတ်အတုပါတဲ့ စာရွက်ပြပြီး တိုင်းရင်းသားတွေအတွက် မြေကွက်တွေ ချထားပေးမယ်ဆိုပြီး ငွေကျပ် ၂၅ သိန်း လိမ်လည်ခဲ့တဲ့ မှုခင်းသတင်းထောက်တဦးကို မတ် ၁၅ ရက်နေ့ညပိုင်းက ဖမ်းဆီးလိုက်ပါတယ်။

မှုခင်းသတင်းထောက် ဦးစိန်ထွန်း(ခ)စိန်ထွန်းချေဟာ ရခိုင်တိုင်းရင်းသား မိသားစုတစုကို ပုသိမ် ကြိုးတံတားနားက မြေကွက်လပ်တွေကို ပြပြီး နေစရာအိမ်မရှိဘဲ ငှားရမ်းနေထိုင်နေရတဲ့ တိုင်းရင်းသားတွေကို ပေ ၅၀ × ၆၀ ချထားပေးဖို့ စီစဉ်ထားတယ်လို့ ဝန်ကြီးချုပ် ဦးလှမိုးအောင် လက်မှတ်အတု ရေးထိုးထားတဲ့ စာရွက်ပြပြီး အကြိမ်ကြိမ် ငွေတောင်းခံခဲ့လို့ နောက်ဆုံးမှာ မသင်္ကာဖြစ်ပြီး အလိမ်ခံရတဲ့ မိသားစုကိုယ်တိုင် ရဲစခန်းမှာ အမှုဖွင့်ခဲ့တာကြောင့် ဖမ်းဆီးခဲ့တာလို့ ပုသိမ်မြို့မရဲစခန်းကနေ သိရပါတယ်။

ပုသိမ်မြို့မရဲစခန်းမှ ရဲအုပ်မြင့်ထွန်းနိုင်က “မှုခင်းသတင်းထောက်ကတ်ပါ ဖမ်းမိပါတယ်။ ဝန်ကြီးချုပ် လက်မှတ်ပါတဲ့ စာရွက်မှာလည်း သူ့လက်မှတ်ပါတယ်။ အဲဒီမှာလည်း မှုခင်းသတင်းထောက်ဆိုတာ ရေးထားတယ်။ အလိမ်ခံရတဲ့ ကောင်လေးက ဆိုင်ကယ်ပြင်ဆိုင် ဖွင့်ထားတော့ သူက ဆိုင်ကယ်လာပြင်တာ သုံး လေးခါ ဆိုတော့ ရခိုင်တိုင်းရင်းသား အချင်းချင်းလည်း ဖြစ်တော့ ယုံသွားတာ။ ပြီးခဲ့တဲ့တပတ်ကမှ စာရွက်လာပေးတော့ လိမ်နေတာ ဖြစ်နိုင်တယ်လို့ မသင်္ကာဖြစ်ပြီး စခန်းမှာ အမှုလာဖွင့်တာပါ”လို့  ပြောပါတယ်။

ငွေတောင်းခံမှုတွေကိုတော့ ၂၀၁၇ ဒီဇင်ဘာလကနေ စပြီး ၇ ကြိမ်တိတိ တောင်းခံခဲ့တာပါ။ တောင်းခံတိုင်းလည်း သူဟာ ဧရာဝတီတိုင်းဒေသကြီး မှုခင်းသတင်းထောက်များအသင်း တိုင်းအမှုဆောင်တယောက် ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ပုသိမ်မြို့မရဲစခန်းက သိရပါတယ်။

ဖြစ်စဉ်အရ မှုခင်းသတင်းထောက် ဦးစိန်ထွန်း(ခ)စိန်ထွန်းချေကို ပုသိမ်မြို့မရဲစခန်းက (ပ)၁၃၇/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၂၀(လိမ်လည်မှု)/၄၆၈ (လိမ်လည် လက်ရေးလက်မှတ် အတုပြုလုပ်မှု) တို့နဲ့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း - မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013