လေပွေလှိုင်းများကြောင့် ပြည်နယ်တိုင်း ၉ ခုတွင် မိုးရွာနိုင်
DVB
·
March 16, 2018

လေပွေလှိုင်းများ အရှိန်ကြောင့် ပြည်နယ်တိုင်း ၉ ခုမှာ အချိန်အခါမဟုတ် မိုးများ ရွာသွန်းနိုင်တယ်လို့ မိုးလေဝသဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ထူးခြားမိုးလေဝသခန့်မှန်းချက်အနေနဲ့ မတ် ၁၅ ရက်မှာ ထုတ်ပြန်ချက်အရ အနောက်ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းများ အရှိန်ကြောင့် စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေး၊ မကွေး၊ တနင်္သာရီနဲ့ ရခိုင်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တာ ဖြစ်ပါတယ်။
ဒါ့အပြင် မတ်လနဲ့ ဧပြီလအတွင်း ဖြစ်ပွားနိုင်တဲ့ မိုးလေဝသ ဖြစ်စဉ်တွေကို သတိထားကြဖို့လည်း မိုးလေဝသဌာနက သတိပေးထားပါသေးတယ်။
မြန်မာနိုင်ငံအရပ်ရပ်မှာ နွေကာလဖြစ်တဲ့ မတ်လနဲ့ ဧပြီလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာရာကနေ အပူပျံတက်တိမ်များ ဖြစ်ထွန်းပြီး မွန်းလွဲ၊ ညနေပိုင်းတို့မှာ မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်တယ်။
အဲဒီ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတလျှောက်မှာ လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနဲအတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စတဲ့ မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်တယ်။
လေပြင်းတိုက်ခတ်စဉ် မြေပြင် ရေပြင် လေဟာ တနာရီလျှင် ၃၅ မိုင်ကနေ မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ မိုးဇလသတင်းမှာ ဖော်ပြထားပါတယ်။