DVB Logo
Home
မေးမြန်းခန်း
စစ်အာဏာရှင်၏ အိန္ဒိယခရီးစဉ်အပေါ်  ရစ်ချတ်ဟိုဆေးနှင့် မေးမြန်းချက်
DVB
·
June 12, 2026
Photo: ICG
Photo: ICG
Donate to DVB

စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (International Crisis Group) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချတ်ဟိုဆေးကို DVB က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - အိန္ဒိယရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားတွေက ဘာလဲ၊ အိန္ဒိယဟာ တရုတ်ရဲ့ အကြီးဆုံး ဒေသတွင်းပြိုင်ဘက် ဖြစ်တာကြောင့် ဒီခရီးစဉ်က တရုတ်ကို စိုးရိမ်စေမလားဆိုတာ သိချင်ပါတယ်။

ဖြေ - “သိတဲ့အတိုင်း မြန်မာနိုင်ငံမှာ တရုတ်က သြဇာအရှိဆုံး ပြင်ပအင်အားစု ဖြစ်နေတာကြောင့် မင်းအောင်လှိုင်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယကိုသွားဖို့ ဆုံးဖြတ်ချက်ဟာ နည်းနည်း အံ့သြစရာ ကောင်းပုံရပါတယ်။ ဒါပေမဲ့ ဒီမှာ သတိပြုစရာ အချက်အလက် တော်တော်များများ ရှိပါတယ်။ မကြာသေးခင်က ရှီကျင့်ဖျင်ဟာ ဒေါ်နယ်ထရမ့်ပ်နဲ့ ဗလာဒီမာပူတင်တို့ရဲ့ လာရောက်လည်ပတ်မှုတွေနဲ့အတူ တော်တော် အလုပ်ရှုပ်နေတာကို တွေ့ခဲ့ရပါတယ်။ အခု သူ မြောက်ကိုရီးယားမှာ ရှိနေပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံမှာ ဦးစားပေး ကိုင်တွယ်ဖြေရှင်းရမဲ့ ပထဝီဝင်နိုင်ငံရေး ပြဿနာတချို့ ရှိနေပါတယ်။ ဒါကြောင့် မင်းအောင်လှိုင်ရဲ့ လာရောက်လည်ပတ်မှုဟာ အဓိကဦးစားပေး မဟုတ်ဘူးလို့ ဆိုလိုတာ ဖြစ်တယ်လို့ ထင်ပါတယ်။

အဲဒါက သူ့ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယကို လာရောက်လည်ပတ်ဖို့ အခွင့်အရေး ဖြစ်လာပါတယ်။ ဒါဟာ ပေကျင်းအတွက် မကောင်းတဲ့အရာ မဟုတ်ပါဘူး။ ပေကျင်းက နေပြည်တော်ကို ကြိုးဆွဲနေတဲ့သူအဖြစ် အများကမြင်နေကြတာကို တရုတ်အစိုးရအနေနဲ့ သဘောကျပုံ မရပါဘူး။ ဒါကြောင့် မင်းအောင်လှိုင် အိန္ဒိယကို အရင်သွားခဲ့တဲ့အပေါ် အလွန်အမင်း စိုးရိမ်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။

နေပြည်တော်ဟာ အခု တရုတ်အပေါ် မှီခိုနေရတာ ဘယ်လောက်ပဲရှိရှိ မြန်မာစစ်တပ်အတွက် သက်တောင့်သက်သာ မရှိတဲ့ အနေအထား ဖြစ်တာကြောင့် ဒါဟာ မင်းအောင်လှိုင်အတွက်လည်း ကျေနပ်စရာ ဖြစ်ပါလိမ့်မယ်။  စစ်တပ်ဟာ တရုတ်ရဲ့ လွှမ်းမိုးမှုအပေါ် စိုးရိမ်ပူပန်မှု ရှိခဲ့ပါတယ်။ ဒါကြောင့် အိန္ဒိယကို အရင်သွားဖို့နဲ့ အဲဒီဆက်ဆံရေးကို တနည်းနည်းနဲ့ ချိန်ညှိဖို့ အခွင့်အရေး ရတာကို နေပြည်တော်က ကောင်းမွန်တဲ့အရာအဖြစ် ရှုမြင်ပုံရပါတယ်။ မင်းအောင်လှိုင်ထံကို အိန္ဒိယက သူ့ရဲ့ရပ်တည်ချက်ကို ပထမဆုံး တင်ပြခွင့်ရတာကို တရုတ်က စိုးရိမ်မလား။ မထင်ပါဘူး။ အိန္ဒိယဟာ တရုတ်ရဲ့ အဓိက ဒေသတွင်းပြိုင်ဘက် ဖြစ်ပေမဲ့ တရုတ်အနေနဲ့ မြန်မာနိုင်ငံအပေါ် သူ့ရဲ့လွှမ်းမိုးနိုင်စွမ်းကို အိန္ဒိယက ခြိမ်းခြောက်နိုင်လိမ့်မယ်လို့ ထင်ပုံမရပါဘူး။ ဒါကြောင့် တရုတ်ဟာ လွှမ်းမိုးထားတဲ့ မိတ်ဖက်အဖြစ် ဆက်လက်ရှိနေပြီး ဒီလို လည်ပတ်မှုမျိုးကို အလွန်အမင်း စိုးရိမ်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။

အိန္ဒိယက ဒီခရီးစဉ်ကနေ ဘာရချင်သလဲ ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး အချက် ၂ ချက် ရှိတယ်လို့ ထင်ပါတယ်။ ပထမအချက်၊ မြန်မာနိုင်ငံမှာ ဒေသတွင်း ပြိုင်ဆိုင်မှုမှာ တရုတ်ရဲ့ နောက်ကွယ်မှာ အလွန်အမင်း ကျန်ရစ်တာမျိုး၊ ဒါမှမဟုတ် ဆုံးရှုံးတာမျိုး မရှိစေဖို့ နယူးဒေလီအတွက် မဟာဗျူဟာမြောက် ဦးစားပေး ဖြစ်ခဲ့တာ ကြာပါပြီ။ ဒီလို သံတမန်ရေးရာ လိုအပ်ချက်တချို့ကို ဖြည့်ဆည်းဖို့နဲ့ မင်းအောင်လှိုင်ထံက နိုင်ငံတော်ခရီးစဉ်ကို လက်ခံကျင်းပဖို့ အခွင့်အရေးဟာ အိန္ဒိယရဲ့ ရေရှည် ဦးစားပေးမှုတွေနဲ့ ကိုက်ညီပါတယ်။

အိန္ဒိယဟာ နေပြည်တော်မှာ အာဏာရှိတဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ကောင်းမွန်တဲ့ ဆက်ဆံရေး ထိန်းသိမ်းထားချင်ပါတယ်။ ဒါကို မြန်မာနိုင်ငံက လူတော်တော်များများက အပြုသဘော ရှုမြင်မှာ မဟုတ်ပေမဲ့ သူတို့ဟာ စစ်တပ်နဲ့ ဒေလီရဲ့ ဆက်ဆံဆောင်ရွက်မှုကိုလည်း အချိန်အတော်ကြာအောင် အပျက်သဘော ရှုမြင်ခဲ့ကြပါတယ်။ ဒါကြောင့် အလွန်အမင်း အံ့သြစရာ ဖြစ်လာလိမ့်မယ်လို့ မထင်ပါဘူး။

အိန္ဒိယက လိုချင်တဲ့ ဒုတိယအချက်က သူ့ရဲ့ အရှေ့မြောက် နယ်စပ်တလျှောက် တည်ငြိမ်မှုပါ။ လောလောဆယ်မှာတော့ နယ်စပ်အများစုကို အာရက္ခတပ်တော် (AA)၊ ချင်းတပ်ဖွဲ့ အမျိုးမျိုးနဲ့ PDF တချို့ အပါအဝင် နိုင်ငံတော် မဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ထိန်းချုပ်ထားတာကြောင့် အဲဒါဟာ နေပြည်တော်က အာမခံနိုင်တဲ့အရာ မဟုတ်ပါဘူး။ သိတဲ့အတိုင်း နေပြည်တော်က ချင်းပြည်နယ်မှာ တော်လှန်ရေး အင်အားစုတွေကို ပြန်လည် တွန်းလှန်ရာမှာ အောင်မြင်မှုတချို့ ရရှိနေပါတယ်။

အိန္ဒိယဟာ ရှေ့ကို မျှော်ကြည့်ပြီး ၂ နိုင်ငံ နယ်စပ်တလျှောက် သူ့ရဲ့ ဦးစားပေးလိုအပ်ချက်တွေကို နေပြည်တော်က ထောက်ခံပေးတာကို လိုလားပါလိမ့်မယ်။ အဲဒီ ဦးစားပေးမှုတွေက အခြေခံအားဖြင့် အိန္ဒိယ တော်လှန်ရေး အဖွဲ့အစည်းတွေက မြန်မာ့ပိုင်နက်ကို အိန္ဒိယနိုင်ငံအတွင်း စစ်ဆင်ရေးတွေအတွက် အခြေစိုက်စခန်းအဖြစ် အသုံးပြုတာကို တားဆီးဖို့ ပါဝင်ပါတယ်။ အဲဒီ စိုးရိမ်ပူပန်မှုဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မဏိပူရ်က ဖြစ်ရပ်တွေကြောင့် ပိုပြင်းထန်လာပါတယ်။ မဏိပူရ်မှာ အကြမ်းဖက်မှုတွေနဲ့ တင်းမာမှုတွေဟာ အိန္ဒိယအစိုးရနဲ့ ထိပ်တန်းပုဂ္ဂိုလ် တော်တော်များများက မြန်မာနယ်စပ်ကို ရှုမြင်တဲ့ မှန်ဘီလူး ဖြစ်ပါတယ်။

ချင်းနဲ့ ကူကီး အဖွဲ့အစည်းတွေက အိန္ဒိယမှာရှိတဲ့ သူတို့ရဲ့ လူမျိုးစု တူညီသူတွေကို ထောက်ခံနိုင်ခြေ ရှိသလို မြန်မာအခြေစိုက် တော်လှန်ရေးသမားတွေက အရှေ့မြောက် အိန္ဒိယ တော်လှန်ရေး အဖွဲ့အစည်းတွေကို နည်းပညာ အကူအညီ၊ ဒရုန်းတွေ ဒါမှမဟုတ် လက်နက်တွေ ပံ့ပိုးပေးနိုင်ခြေ ရှိတဲ့အပေါ် စိုးရိမ်မှုတွေ ရှိနေပါတယ်။ အဲဒါက နယူးဒေလီကို တကယ် စိုးရိမ်စေပါတယ်။

အိန္ဒိယဟာ အရှေ့မြောက် အိန္ဒိယကို ရခိုင်ပြည်နယ်ကတဆင့် စစ်တွေနဲ့ ဆက်သွယ်ပေးတဲ့ ကုန်သွယ်ရေးနဲ့ ဆက်သွယ်မှု လမ်းကြောင်းဖြစ်တဲ့ ကုလားတန် စင်္ကြံလမ်းကြောင်းကိုလည်း အလွန် အာရုံစိုက်နေပါတယ်။ ဒါဟာ အကြောင်းပြချက် တော်တော်များများကြောင့် မဟာဗျူဟာမြောက် ဦးစားပေး ဖြစ်ပါတယ်။ 

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးဟာ ရှိတ်ဟာဆီနာ အစိုးရ ပြုတ်ကျသွားပြီးကတည်းက ပိုမို ရှုပ်ထွေးလာပါတယ်။ ရလဒ်အနေနဲ့ ဘင်္ဂလားဒေ့ရှ်ကတဆင့် ကုန်သွယ်ရေး လမ်းကြောင်းတွေဟာ အခု ပိုမိုကြီးမားတဲ့ မရေရာမှုတွေကို သယ်ဆောင်လာပါတယ်။ အဲဒါက ကုလားတန် လမ်းကြောင်းကို မဟာဗျူဟာမြောက် ရှုထောင့်ကနေ ပိုပြီး အရေးကြီးစေပါတယ်။

အရှေ့အလယ်ပိုင်းက ဖြစ်ရပ်တွေကလည်း ကုန်သွယ်ရေး လမ်းကြောင်းတွေဟာ အနှောင့်အယှက်တွေအတွက် ဘယ်လောက် ထိခိုက်လွယ်နိုင်သလဲ ဆိုတာကို မီးမောင်းထိုးပြခဲ့ပါတယ်။ ဟော်မုဇ် ရေလက်ကြားမှာ ဖြစ်နိုင်ခြေရှိတဲ့ အနှောင့်အယှက်တွေအပေါ် စိုးရိမ်မှုတွေ ရှိလာပြီးနောက် နိုင်ငံတွေဟာ သူတို့ရဲ့ စွန့်စားရမှုတွေနဲ့ ထိခိုက်လွယ်မှုတွေကို ပြန်လည် အကဲဖြတ်နေကြပါတယ်။ ဒါကြောင့် ဆက်သွယ်မှု၊ ကုန်သွယ်ရေး လမ်းကြောင်းတွေနဲ့ ထောက်ပံ့မှု လမ်းကြောင်းတွေ အရန်သင့် ရှိနေဖို့ ပိုမိုလိုအပ်လာပါတယ်။

ဒီအကြောင်းပြချက် အားလုံးကြောင့် အိန္ဒိယဟာ မြန်မာနိုင်ငံကဖြစ်ရပ်တွေကို ဂရုတစိုက် စီမံခန့်ခွဲဖို့၊ နေပြည်တော်နဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေး ထိန်းသိမ်းထားဖို့နဲ့ သူ့ရဲ့ ကိုယ်ပိုင် မဟာဗျူဟာမြောက် အကျိုးစီးပွားတွေကို မြှင့်တင်ဖို့ စိတ်အားထက်သန်နေပါတယ်။”

မေး - မနှစ်က အိန္ဒိယရဲ့ အရန်တပ်ဖွဲ့ဖြစ်တဲ့ အာသံရိုင်ဖယ်တပ်ရင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အဖွဲ့ဝင် ၁၀ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး ဒီအမှုနဲ့ ပတ်သက်ပြီး ဘာအရေးယူမှုမှ မရှိခဲ့ပါဘူး။ သိသလောက်တော့ ဘယ်သူမှလည်း အပြစ်ပေးမခံရဘူး။ အိန္ဒိယက မြန်မာ့တော်လှန်ရေး အင်အားစုတွေကို အနည်းဆုံး ဒီလို အရန်တပ်ဖွဲ့မျိုးတွေကတဆင့် ဖိအားပေးနိုင်တယ်လို့ ထင်ပါသလား။ အဲဒါက တော်လှန်ရေး အဖွဲ့အစည်းတွေ စိုးရိမ်ရမယ့် အရာလား။

ဖြေ - “စိုးရိမ်ရမယ့် အရာလို့ ထင်ပါတယ်။ တချိန်တည်းမှာပဲ၊ အိန္ဒိယက သတိထားပါလိမ့်မယ်။ နေပြည်တော်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ကြိုးစားနေပေမဲ့ သူ့ရဲ့ နယ်စပ်တလျှောက်က လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ လူမျိုးစု လူ့အသိုက်အဝန်းတွေနဲ့ ဆက်ဆံရေး မကောင်းတာမျိုး မလိုချင်ပါဘူး။ အဲဒါက အိန္ဒိယနိုင်ငံအတွင်း တည်ငြိမ်မှုနဲ့ လုံခြုံရေးကိုလည်း ခြိမ်းခြောက်မှုတခု ဖြစ်စေပါလိမ့်မယ်။

နယ်စပ်ရဲ့ မြန်မာဘက်ခြမ်းက လူမျိုးစု တော်လှန်ရေး အင်အားစု တော်လှန်သူများဟာ သူတို့ရဲ့ အသိုက်အဝန်းအတွင်း ရေပန်းစားတာကို နယူးဒေလီက ကောင်းကောင်းသိပါတယ်။ အဲဒီ အသိုက်အဝန်းတွေဟာ နယ်စပ်ရဲ့ အိန္ဒိယဘက်ခြမ်းမှာလည်း ရှိနေပါတယ်။ ချင်းနဲ့ တခြား ကူကီး-ချင်း အဖွဲ့အစည်းတွေဟာ တခြားသူတွေကြားထဲမှာ နယ်စပ်ကို ခွလျက် ရှိနေပါတယ်။ မီဇိုရမ်မှာ၊ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အရာတွေရဲ့ စီးပွားရေးနဲ့ လုံခြုံရေး နောက်ဆက်တွဲ ပြဿနာတွေအပေါ် အကြီးအကျယ် စိုးရိမ်မှုတွေ ရှိနေပါတယ်။ တချိန်တည်းမှာပဲ နယ်စပ်တဖက်ခြမ်းက သူတို့ရဲ့ လူမျိုးစု ကူကီး-ချင်း ညီအစ်ကိုတွေနဲ့ ခိုင်မာတဲ့ စည်းလုံးညီညွတ်မှု ခံစားချက် ရှိနေပါတယ်။ ဒါကြောင့် အိန္ဒိယက အဲဒါကို ထည့်သွင်းစဉ်းစားရပါမယ်။

အိန္ဒိယက ကုလားတန်လမ်းကြောင်းကို ကြည့်တဲ့အခါ AA က အဲဒီ လမ်းကြောင်းရဲ့ ဒေသအများစုကို ထိန်းချုပ်ထားပါတယ်။ ဟုတ်ပါတယ်၊ နေပြည်တော်က စစ်တွေမှာရှိတဲ့ ဆိပ်ကမ်းကို ဆက်လက် ထိန်းချုပ်ထားတုန်းပါ၊ ဒါပေမဲ့ စစ်တွေကတဆင့် ဖြတ်သန်းသွားတဲ့ လမ်းကြောင်းရဲ့ အစိတ်အပိုင်း သေးသေးလေးပါ။ ကျန်တဲ့ အစိတ်အပိုင်းကိုတော့ မထိန်းချုပ်နိုင်ပါဘူး။

ဒါကြောင့် ဒီလမ်းကြောင်းကို အသုံးပြုဖို့နဲ့ ဒါကို လက်တွေ့ကျတဲ့ ကုန်သွယ်ရေး လမ်းကြောင်းတခု ဖြစ်စေဖို့ မျှော်လင့်ချက် ရှိမယ်ဆိုရင် အိန္ဒိယက AA နဲ့ ဆက်ဆံရေး ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံရဲ့ တခြား အိမ်နီးချင်း နိုင်ငံတွေလိုပဲ၊ အိန္ဒိယက ဗဟို အာဏာပိုင်တွေနဲ့ သူ့ရဲ့ နယ်စပ်တလျှောက် လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးကို ချိန်ညှိရပါမယ်။ ပေကျင်းအတွက်လည်း အတူတူပါပဲ။ ဘန်ကောက်အတွက်လည်း အတူတူပါပဲ။”

မေး - မင်းအောင်လှိုင်ဟာ အိန္ဒိယနိုင်ငံပိုင် မီဒီယာနဲ့ အင်တာဗျူးတခု လုပ်ခဲ့ပြီး အဲဒီမှာ စစ်တပ်က မြန်မာဘက်ခြမ်းက နယ်စပ်ဒေသတွေကို ထိန်းချုပ်နေပြီလို့ ပြောကြားခဲ့ပါတယ်။ ပြီးတော့ အိန္ဒိယ မီဒီယာနဲ့ နယူးဒေလီ အစိုးရက သူ့ကို သမ္မတ မင်းအောင်လှိုင်လို့ ခေါ်ဝေါ်ပြီး ကော်ဇောနီခင်း ကြိုဆိုခဲ့ကြပါတယ်။ အဲဒီလို ဆက်ဆံမှုကို ဘယ်လို နားလည်ရမလဲ။

ဖြေ - “ဒါဟာ မင်းအောင်လှိုင်အတွက် မြန်မာနိုင်ငံနဲ့ သူ့ရဲ့အာဏာပုံရိပ်ကို တင်ပြဖို့ အခွင့်အရေးကောင်းတခု ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ သူအင်တာဗျူးတွေမှာ ပြောတဲ့အတိုင်း တကယ်လက်တွေ့ဖြစ်လာဖို့ အချိန်အတော်ကြာနိုင်ပါတယ်။ ဘယ်တော့မှ ဖြစ်မလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူက ဒီဝါဒဖြန့်ချိရေး အခွင့်အရေးတွေကို ဆုပ်ကိုင်ဖို့နဲ့ ထိန်းချုပ်မှု ပုံရိပ်တခု ဖော်ဆောင်ဖို့ အသုံးပြုဖို့ စိတ်အားထက်သန်နေတာကို ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။ နယ်စပ်ကို ထိန်းချုပ်ရုံတင်မကဘဲ၊ စီးပွားရေးကိုလည်း ထိန်းချုပ်တာပါ။ သူက အိန္ဒိယ စီးပွားရေးလုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ပြီး လုံခြုံရေး ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှု အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ အဲဒါက လက်ရှိ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ရဲ့ မှန်ကန်တဲ့ ပုံရိပ်မဟုတ်ပါဘူး။ ဒါပေမဲ့ သူက မြန်မာနိုင်ငံရဲ့ အကောင်းဆုံး ဖြစ်နိုင်ခြေရှိတဲ့ ပုံရိပ်ကို တင်ပြဖို့ ကြိုးစားနေတာပါ။ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ဖို့လို့ ထင်ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ပုံရိပ်နဲ့ အောင်မြင်ခဲ့တဲ့သူတဦးအဖြစ် သူ့ရဲ့အနေအထားကို ခိုင်မာစေဖို့လည်း ပါပါတယ်။

ဒီရွေးကောက်ပွဲကို သူ့ရဲ့ ကိုယ်ပိုင် သတ်မှတ်ချက်တွေနဲ့ တွန်းအားပေးပြီး သမ္မတရာထူးကို ရယူရုံတင်မကဘဲ အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေရဲ့အလွန်မှာ သူ ရှိနေတုန်းပါပဲ။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်ခဲ့ရပေမဲ့ သူက အမြင့်ဆုံးထိုင်ခုံမှာ ထိုင်နေတုန်းပါပဲ။ အချိန်တော်တော်များများမှာ သူ ဖြုတ်ချခံရနိုင်ခြေ ရှိတယ်၊ ဒါမှမဟုတ် သူ့ရဲ့ အုပ်ချုပ်ရေး ပြိုလဲသွားနိုင်ခြေ ရှိပါတယ်။ ဒါကြောင့် ဒါဟာ သူ့အတွက် အောင်ပွဲခံတဲ့ ခရီးစဉ်တခုလည်း ဖြစ်တယ်လို့ ထင်ပါတယ်။”

မေး - နောက်ဆုံး မေးခွန်းတခုပါ။ အိန္ဒိယက သူ့ကိုယ်သူ ဒီမိုကရေစီရဲ့ မိခင်လို့ ခေါ်ပါတယ်။ တရုတ်နဲ့ ထိုင်းလိုမျိုး အာဆီယံအဖွဲ့ဝင် တချို့က မင်းအောင်လှိုင်ဆီ ဂုဏ်ပြုသဝဏ်လွှာတွေ ပို့ခဲ့ကြတုန်းက ကျနော်တို့ မအံ့သြခဲ့ကြပါဘူး။ အိန္ဒိယကလည်း မင်းအောင်လှိုင်ကို ကြိုဆိုပြီး ဂုဏ်ပြုတဲ့ စာတစောင် ပေးပို့ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ ရှုထောင့်ကနေကြည့်ရင် အိန္ဒိယက ဘာမှ ပြန်မတောင်းဘဲ နိုင်ငံတော်အဆင့် အပြည့်အဝ အသိအမှတ်ပြုမှုနဲ့ တရားဝင်မှုကို ကမ်းလှမ်းနေပုံ ရပါတယ်။ ဒီမိုကရေစီလိုလားတဲ့ဘက်က ဘာမှ လုံးဝ မရပါဘူး။ ဒါကို ဘယ်လိုနားလည်သင့်ပါသလဲ။

ဖြေ - “အိန္ဒိယ-မြန်မာ ဆက်ဆံရေးကို ဂရုတစိုက် စောင့်ကြည့်ခဲ့တဲ့ မြန်မာ့တော်လှန်ရေး အဖွဲ့ဝင်တွေအတွက် ဒါဟာ အံ့သြစရာ ဖြစ်လာလိမ့်မယ်လို့ မထင်ပါဘူး။ ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှ ဖြစ်လာတဲ့ကိစ္စလည်း မဟုတ်ပါဘူး။ တကယ်တော့ နယူးဒေလီက မြန်မာနိုင်ငံအပေါ် ဒီမိုကရေစီလိုလားတဲ့ ချဉ်းကပ်မှုမျိုးနဲ့ ဆင်တူတဲ့အရာကို နောက်ဆုံးအကြိမ် လုပ်ဆောင်ခဲ့တာက ၁၉၉၀ ပြည့်လွန်နှစ်တွေမှာပါ။ အိန္ဒိယက အဲဒီမူဝါဒဟာ ကျရှုံးမှုတခု ဖြစ်တယ်လို့ နောက်ဆုံးမှာ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီ ချဉ်းကပ်မှုဟာ မြန်မာနိုင်ငံကို တရုတ်ရဲ့ ရင်ခွင်ထဲကို ပိုပြီး တွန်းပို့ခဲ့တယ်လို့ ယုံကြည်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ နယူးဒေလီမှာ လွှမ်းမိုးထားတဲ့ အမြင်ကတော့ ဒါဟာ ပြန်မလုပ်သင့်တဲ့ အမှားတခု ဖြစ်တယ်ဆိုတာပါ။ ဒါကြောင့် ဘယ်သူမှ မအံ့သြသင့်ဘူးလို့ ထင်ပါတယ်။ ဒါဟာ လမ်းကြောင်းသစ် မဟုတ်သလို မမျှော်လင့်ထားတဲ့အရာလည်း မဟုတ်ပါဘူး။ အိန္ဒိယ မူဝါဒချမှတ်သူတွေက ပြောလိမ့်မယ်လို့ ထင်ပါတယ်၊ ကျနော်တို့ နေထိုင်တဲ့ ဒေသကို ကြည့်ပါ၊ ကျနော်တို့ရဲ့ အိမ်နီးချင်းတွေကို ကြည့်ပါ။ ကျနော်တို့မှာ ဒီမိုကရေစီနိုင်ငံတွေနဲ့ပဲ ဆက်ဆံရမဲ့ အခွင့်ထူး မရှိပါဘူး။ ကျနော်တို့မှာ အာဖဂန်နစ္စတန် ရှိတယ်၊ အီရန် ရှိတယ်၊ ဒီမိုကရေစီနိုင်ငံလို့ ပြောရခက်တဲ့ ရှိတ်ဟာဆီနာ လက်ထက် ဘင်္ဂလားဒေ့ရှ် ရှိတယ်၊ မြန်မာ ရှိတယ်။ ပါကစ္စတန် ရှိတယ်။ ဒါဟာ ဒီမိုကရေစီ အစိုးရတွေနဲ့ပဲ ရွေးချယ်ဆက်ဆံနိုင်တဲ့ဒေသ မဟုတ်ပါဘူး။

တကယ့်မေးခွန်းက ဒီမိုကရေစီရဲ့ မိခင်လို့ ခေါ်တဲ့သူက မင်းအောင်လှိုင်လို လူမျိုးနဲ့ ဆက်ဆံရေး တည်ဆောက်ခဲ့တာ ဘာကြောင့်လဲ။ ဘာလို့ အခုလို အပြောတမျိုး အလုပ်တမျိုး (cognitive dissonance) လုပ်ခဲ့ကြတာလဲ ဆိုတာပါ။ ဒါပေမဲ့ နိုင်ငံတော်တော်များများက အခုလိုပဲ အပြောတမျိုး အလုပ်တမျိုး လုပ်လေ့ရှိကြပါတယ်။ အိန္ဒိယကလည်း အဲဒါကို အချိန်အတော်ကြာအောင် လုပ်ဆောင်နိုင်ခဲ့ပြီ၊ ကျနော်တို့ အလွန်အမင်း မအံ့သြသင့်ဘူးလို့ ထင်ပါတယ်။” 

ကျေးဇူးတင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013