DVB Logo
Home
မြန်မာသတင်း
ရှမ်းနှင့်တအာင်း တိုက်ပွဲကြောင့် နေအိမ်များ မီးလောင်ပျက်စီး၊ ၂ ဦး သေဆုံး
DVB
·
March 15, 2018
ရှမ်းနှင့်တအာင်း တိုက်ပွဲကြောင့် နေအိမ်များ မီးလောင်ပျက်စီး၊ ၂ ဦး သေဆုံး
Donate to DVB

 

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဖေကျေးရွာမှာ TNLA  တအာင်းတပ်နဲ့ RCSS/ SSA ရှမ်းတပ်တို့ တိုက်ပွဲဖြစ်ပွားတာကြောင့် တော့ဖေကျေးရွာထဲ လက်နက်ကြီးကျပြီး နေအိမ် ၁၀  လုံး မီးလောင်ကာ ၂ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရတယ်လို့ ကျောက်မဲ လူမှုကူညီရေးအဖွဲ့က ပြောပါတယ်။

ကျောက်မဲမြို့ မြောက်ဘက် မိုင် ၂၀ ခန့်အကွာ တော့ဖေကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးကျည်တွေ ရွာထဲကျလို့  ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က နေအိမ် ၆ လုံး၊ မတ်လ ၁၄ ရက်က ၄ လုံး စုစုပေါင်း နေအိမ် ၁၀ လုံးမီးလောင်ပြီး အမျိုးသမီး ၂ ဦးသေဆုံးကာ အမျိုးသား ၃ ဦး ဒဏ်ရာရသွားတယ်လို့ ကျောက်မဲမြို့ ဇီဝိတလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ဘက်မှာ တိုက်ပွဲဖြစ်ပြီး ရွာထဲလက်နက်ကြီးကျလို့ နေအိမ်မီးလောင်ပြီး သေဆုံး ဒဏ်ရာရသူတွေရှိတယ်လို့ တော့ဖေနဲ့ ကွန်ကောက်ရွာသားတွေက ကျနော်တို့ဆီ အကြောင်းကြားလာပါတယ်ခင်ဗျ။ တနေ့က အိမ် ၆ လုံး မီးလောင်ပြီး မနေ့ကတော့ နောက်ထပ် အိမ်ကြီး ၂ လုံး နဲ့ အိမ်ငယ်တစ်လုံးပါ မီးလောင်သွားတယ်။ အဲဒီမှာ ရွာသားတွေလည်း ဘယ်မှ ထွက်လို့မရဘဲ ပိတ်မိနေလို့ သူတို့ကို လာကူပါလို့ ပြောပါတယ်။ တော့ဖေရွာမှာ ၁၀၀ ကျော်၊ ကွန်ကောက်ရွာမှာ ၁၅၀ လောက်ရှိတယ်။  အဲဒါနဲ့ သူတို့ကို သွားခေါ်ဖို့ ကျနော်တို့တဖွဲ့တည်းနဲ့ မလုံလောက်တာကြောင့် လက်လှမ်းမီရာ လူမှုကူညီရေးအဖွဲ့၊ ပရဟိတအဖွဲ့တွေကို လှမ်းခေါ်ပြီး စုစုပေါင်း ကား ၁၂ စီးနဲ့ ဒီနေ့မနက် ၈ နာရီလောက် အဲဒီကို သွားကြတယ်။ မွန်းလွဲပိုင်း ခရီးစဉ် ၃ ပုံ ၂ ပုံလောက် ရောက်တော့ လက်နက်ကိုင်အဖွဲ့က အဲဒီဘက်မှာ တိုက်ပွဲဖြစ်နေတုန်းပဲ မိုင်းတွေမြှုပ်ထား တာလည်းရှိတယ်ပြောလို့ အားလုံးပြန်လှည့်လာခဲ့ရပါတယ်ခင်ဗျ။”

    သေဆုံးသူ ရွာသူအမျိုးသမီး ၂ ဦးကိုတော့ သင်္ဂြိုဟ်လိုက်ပြီး ဒဏ်ရာရသူ ၃ ဦးမှာလည်း လမ်းလျှောက်နိုင်ပြီလို့ ပြောကြောင်း၊ ဒါပေမယ့် တိုက်ပွဲကြား ပိတ်မိနေတဲ့ ရွာသားတွေ၊ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးနဲ့ ကလေးတွေ လိုအပ်တဲ့အကူအညီ ရရှိနိုင်ဖို့  ပဋ္ဋိပက္ခဖြစ်နေတဲ့ နှစ်ဘက်တပ်ဖွဲ့ကို လမ်းဖွင့်ပေးဖို့နဲ့ မိုင်းကင်းစင်တဲ့ လမ်းကြောင်းကိုပါ လမ်းပြပေးဖို့ မေတ္တာရပ်ခံကြောင်း ဦးတင်မောင်သိန်းက ဆက်ပြောပါတယ်။

    သူတို့အနေနဲ့ ရွာသားတွေကို သွားခေါ်ဖို့ လက်နက်ကိုင်နှစ်ဖွဲ့လုံးက တာဝန်ရှိသူတွေထံ အကြောင်းကြားခဲ့ပေမယ့် နယ်မြေထဲ ဆင်းသွားတဲ့အခါ အောက်ခြေတပ်ဖွဲ့က  ဟန့်တားတာမ ဟုတ်ပေမယ့်လည်း လုံခြုံမှုရှိမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ကြောင်း၊ ပြောဆိုနေစဉ်မှာလည်း သေနတ်သံတွေ ကြားနေရပြီး မီးခိုးမှိုင်းတွေပါ လှမ်းမြင်နေရတယ်လို့ ဆိုပါတယ်။

        ကျောက်မဲမှ နမ့်ခုံးသာရေးနာရေးကူညီမှုအဖွဲ့ဝင်တဦးကလည်း မနေ့က ကွန်ကောက်ကျေး ရွာ ရှိနေအိမ်တွေ မီးရှို့ခံရတယ်လို့ ရွာသားတွေ အကြောင်းကြားလာကြောင်း၊ အဲဒီဘက်မှာ ဒီမနက်ထိ သေနတ်သံတွေကြားနေရဆဲမို့ သူတို့ကို သွားခေါ်ဖို့  အခက်အခဲဖြစ်နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

    ဒီကနေ့ ရွာသားတွေကို သွားခေါ်မယ့်အဖွဲ့ထဲမှာ ဇိဝိတလူမှုကူညီရေးအဖွဲ့နဲ့အတူ သီပေါမှ နယ်စည်းမခြားအဖွဲ့၊ မေတ္တာမွန်အဖွဲ့၊ ၀မ်းမောလူမှုကူညီရေးအဖွဲ့၊ လားရှိုးမှ ပေးသောလက်များ အဖွဲ့၊ နောင်ပိန်မှ ကမ်းလင့်လက်များအသင်းတို့ ပါဝင်ပါတယ်။

ရွာထဲလက်နက်ကြီးကျတဲ့ ကိစ္စမှာတော့ ရွာသားတွေက ဘယ်သူ့လက်ချက်လို့ မမှန်း ဆနိုင်ကြောင်း၊ RCSS က ရွာထဲရောက်နေပြီး ရွာပြင်မှာရှိတဲ့ TNLA နဲ့ ပစ်ခတ်နေတာလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တီအန်အယ်လ်အေ ပြောရေးဆိုခွင့်ရှိသူ တာ့အိုက်ကျော်ကတော့ RCSS တပ်ဖွဲ့က ရည်ရွယ်ချက်ရှိရှိ ကျေးရွာထဲက လူနေအိမ်နဲ့  ဒေသခံလူထုတွေကို ဦးတည် ပစ်ခတ်တိုက်ခိုက်နေသလို တော့ဖယ်ကျေးရွာအနီးတဝိုက် သစ်တောတွေကိုလည်း မီးရှို့ ဖျက်ဆီးထားတယ်လို့ စွပ်စွဲထားပါတယ်။

မတ်လ ၁၀ ရက်နေ့က ဖြစ်ပွားတဲ့ ပစ်ခတ်မှုမှာ သူတို့ဘက်က တော့ဖယ်ရွာအထက်ဘက်ရှိ RCSS ရဲ့ စခန်းကို ရှင်းလင်းခဲ့ပြီး ကျဆုံးသွားတဲ့ RCSS တပ်ဖွဲ့ဝင် ၃ ဦး အလောင်းနဲ့ လက်နက်တွေ သိမ်းဆည်းရမိတယ်လို့  တာ့အိုက်ကျော်က ပြောပါတယ်။

ဒီတိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး RCSS ရှမ်းတပ်ဘက်ကို ဒီဗွီဘီက အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013