DVB Logo
Home
မြန်မာသတင်း
မြန်မာအပါအဝင် တရားမဝင် နိုင်ငံခြား ၁၂၂ ဦး ထိုင်းတွင် ဖမ်းမိ
DVB
·
March 15, 2018
မြန်မာအပါအဝင် တရားမဝင် နိုင်ငံခြား ၁၂၂ ဦး ထိုင်းတွင် ဖမ်းမိ
Donate to DVB

 

ထိုင်းနိုင်ငံကို အကြောင်းမျိုးမျိုးနဲ့ ဝင်ရောက်လာပြီး တရားမဝင် နေထိုင်သူ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားပေါင်း ၁၂၂ ယောက်ကို ဖမ်းဆီးအရေးယူထားတယ်လို့ ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီးသွားဆိုင်ရာ ရဲတပ်ဖွဲ့က ဒီကနေ့မနက်  ဘန်ကောက်မှာ သတင်းစာရှင်းလင်း ပြောကြားခဲ့ပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ တရားမဝင် ဝင်ရောက်နေထိုင်သူ၊ ရာဇဝတ်မှု ကျူးလွန်သူ နိုင်ငံခြားသားတွေကို နှိမ်နင်းဖို့အတွက် ဒီနှစ်ထဲ  X-RAY OUTLAW FOREIGNER လို့ အမည်ပေးထားတဲ့ စီမံချက်နဲ့ စစ်ဆေးဆောင်ရွက်နေရာမှာ အခုဆိုရင် ၄ ကြိမ်မြောက် ရှိပြီဖြစ်ပြီး ဒီတကြိမ်မှာ ထိုင်းနိုင်ငံအနှံ့ နေရာပေါင်း ၁၁ နေရာကနေ တရားမဝင် နေထိုင်တဲ့ နိုင်ငံခြားသားပေါင်း ၁၂၂ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီးသွားဆိုင်ရာ ရဲဌာနချုပ် ဒုရဲမှူးကြီး စူရချိတ် ဟတ်ဖန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

၁၂၂ ယောက်အနက် ဗီဇာသက်တမ်းကုန်ဆုံးသူ အယောက် ၂၀ မှာ အိန္ဒိယ ၅ ယောက်၊ ကမ္ဘောဒီးယား ၄ ယောက်၊ တရုတ် ၂ ယောက်၊  အီဂျစ် ၂ ယောက်နဲ့ ရုရှား၊ နယ်သာလန်၊ လာအို၊ မြန်မာ၊ ဂရိ၊ ဗီယက်နမ်၊ ကာတာ စတဲ့နိုင်ငံတွေက ၁ ယောက်စီ ပါဝင်ပြီး အဲဒီထဲမှာ စိတ်ကြွဆေးအပါအဝင် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ခွင့်ပြုချက်မရှိ တရားမဝင် ဝင်ရောက်လာသူမှာ စုစုပေါင်း ၈၄ ဦးရှိကြောင်း၊ အဲဒီထဲမှာ အိန္ဒိယ ၂၅ ယောက်၊ မြန်မာ ၃၁၊   လာအို ၁၈၊ ကမ္ဘောဒီးယား ၄၊ ဗီယက်နမ် ၁၊ အီရတ် ၁၊ နိုင်ဂျီးရီးယား ၂ ယောက်နဲ့ အာဖကန်နစ္စတန် ၁ ယောက်စီ ပါဝင်ပါတယ်။

အလုပ်အကိုင်နေရာအမျိုးအစားမှာ ချမှတ်ထားတဲ့ ဥပဒေအတိုင်း မလိုက်နာသူ  ၁၄ ဦးရှိပြီး အဲဒီထဲမှာ ဗီယက်နမ် ၈ ယောက်၊ မြန်မာ ၅ ယောက်နဲ့ ထိုင်း ၁ ယောက်တို့ ပါဝင်တယ်လို့ ဆိုပါတယ်။

ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူတွေထဲမှာတော့ နိဂရိုး လူမျိုးတွေက အများဆုံးဖြစ်ကြောင်း၊ တချို့ကတော့  ထိုင်းဘောလုံးအသင်းမှာ လာရောက်ကစားနေသူတွေ၊  ဆမွတ်ဆာခွန်းခရိုင်ရှိ ပုဂ္ဂလိက ကျောင်းတွေမှာ ကျောင်းဆရာအဖြစ် လာရောက်လုပ်ကိုင်သူတွေရှိသလို   ခရစ်ယာန်ဘုန်းကြီးတွေလည်း ပါဝင်တယ်လို့ ဒုရဲမှူးကြီးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကို ဥပဒေအရ အရေးယူသွားမှာဖြစ်ပြီး ကွင်းဆက်တွေလည်း ဆက်လက်စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း၊ လောလောဆယ် နိုင်ငံခြားသား ကျောင်းဆရာတွေ ငှားရမ်းခန့်ထားတဲ့ ပုဂ္ဂလိကစာသင်ကျောင်း ၁၀ ကျောင်းကို စစ်ဆေးခဲ့ပြီး ကျန်တဲ့ကျောင်းတွေ လည်း ၀င်ရောက်စစ်ဆေးဖို့ရှိတယ်လို့ ဆိုပါတယ်။

ဗီဇာကျော်လွန်နေထိုင်သူတွေကို နာမည်ပျက်စာရင်းသွင်းမယ့်အပြင် ပတ်စပို့အတု၊ ဗီဇာတုတွေနဲ့ ထိုင်းနိုင်ငံထဲ ပြန်လည်ဝင်ရောက်လာခြင်းမရှိအောင် ဒီအန်အေပါ စစ်ဆေးရယူထားမယ်လို့  ဒုရဲမှူးက သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013