DVB Logo
Home
မြန်မာသတင်း
ဒေါက်တာအေးမောင်တို့ကို အထက်ညွန်ကြားချက်အတိုင်း စွဲဆိုခြင်းဖြစ်ကြောင်း တရားလိုပြော
DVB
·
March 15, 2018
ဒေါက်တာအေးမောင်တို့ကို အထက်ညွန်ကြားချက်အတိုင်း စွဲဆိုခြင်းဖြစ်ကြောင်း တရားလိုပြော
Donate to DVB

 

ဒေါက်တာအေးမောင်တို့ကို စွပ်စွဲထားတဲ့ အမှုမှာ အထက်က ညွန်ကြားချက်အတိုင်း တရားစွဲဆိုခြင်းသာ ဖြစ်တယ်လို့ တရားလိုဘက်က စစ်တွေမြို့ တရားရုံးမှာ မတ် ၁၄ ရက်နေ့က ထွက်ဆိုခဲ့ပါတယ်။

ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စားရေးဆရာ ဝေဟင်အောင်တို့ကို စွဲဆိုထားတဲ့အမှုမှာ သူကိုယ်တိုင် စွဲဆိုတာ မဟုတ်ဘဲ အထက်ကညွန်ကြားချက်အတိုင်း စွဲဆိုခဲ့တာဖြစ်ကြောင်း တရားလိုဘက်က ထွက်ဆိုခဲ့တယ်လို့ ဒေါက်တာအေးမောင်ရှေ့နေက ရုံးထုတ်စစ်ဆေးရာမှာ ပြောပါတယ်။

ဒေါက်တာအေးမောင်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးအောင်ကျော်စိန်က “တရားလို ဦးခင်မောင်ဦးကိုယ်တိုင် သိတာမဟုတ်ဘူး။ ရသေ့တောင် ဟောပြောခဲ့တာတွေ သူကိုယ်တိုင် သွားရောက်နားထောင်ခဲ့တာလည်း မဟုတ်ဘူး။ အဲဒီဟောပြောမှုနဲ့ပတ်သက်လို့ ဥပေဒအရ အရေးယူမယ်လို့ သက်ဆိုင်ရာက ညွန်ကြားလာတဲ့အခါ သူ့ကို အောက်ကနေ တင်ပြတဲ့ အခွေတို့ စာသားတွေပေါ့။ ကျနော်တို့ ရှေ့နေဘက်က ပြန်လည်မေးခွန်းမေးတယ်။ ဆရာအနေနဲ့ ကိုယ်တိုင် သွားရောက်ပြီးတော့ ဟောပြောပွဲ နားထောင်ခဲ့တာ ရှိသလား။ မရှိဘူးပါဘူး။ အထက်အမိန့်အရ ဦးတိုက်လျှောက်လွှာမှာ ဖော်ပြထားတဲ့ တဆင့်ကြားသိရတာတွေ၊ အထက်က ညွန်ကြားလို့ ဒီအမှုကို စွဲခဲ့တာ မှန်သလား မေးတော့ သူက မှန်တယ်လို့ ပြန်ဖြေပါတယ်။ သူကလည်း ဝန်ခံပြီးသားပေါ့နော်” လို့ ပြောပါတယ်။

ရသေ့တောင်မှာ ဟောပြောခဲ့တာကို ဖြတ်ညှပ်ကပ်ပြီး စာသားတွေ ပြန်စီတာကြောင့် ဒါကို ဝန်ကြီးချုပ် ဦးညီပု သိရင် စိတ်မကောင်းဖြစ်နေမှာလို့လည်း ဒေါက်တာအေးမောင်က ပြောပါတယ်။

“ကျနော် ပြောဟောခဲ့တာနဲ့ ဦးညီပုတို့ ပြောတာနဲ့ မတူဘူး။ ဖြတ်ညှပ်ကပ်ပြီးမှ စာသားတွေကို ပြန်စီထားတာ။ အဲဒါတွေကို ဦးညီပု ပြန်ဖတ်ရင် စိတ်ကောင်းမှာမဟုတ်ဘူး။ ကျနော်လည်း စိတ်မကောင်းဘူး။ အဲဒီတော့ စွပ်စွဲသူတွေအားလုံးဟာ လိုရာဆွဲပြီးမှ စာသားတွေကို စာသားပြန်စီထားတာကျတော့ ဒါလေးတွေကို လူထုတွေဘက်ကတော့ စဉ်းစားစေချင်တယ်။”

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို တရားစွဲဆိုထားတဲ့ တရားလို ဦးခင်မောင်ဦးကတော့ သူများဆီက ပို့လိုက်တဲ့ တိပ်ခွေကို အခြေခံပြီး သမ္မတရုံး သက်ဆိုင်ရာ ပြည်နယ်အစိုးရက တာဝန်ပေးအပ်ခဲ့တာကြောင့် ဒီအမှုကို တရားစွဲဆိုဖို့ တာဝန်ပေးခြင်း ခံရတာလို့ တရားလိုဘက်က တရားရုံးမှာ ထွက်ဆိုခဲ့တာလို့ ဆိုပါတယ်။

မနေ့က ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို စစ်ဆေးရာမှာတော့ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ) စစ်ဆေးခဲ့ပါတယ်။ ဒါ့အပြင် တရားလိုတဦးဖြစ်တဲ့ စစ်တွေခရိုင် ဒု-အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးကိုလည်း အဲဒီနေ့က စစ်ဆေးခဲ့ပါတယ်။

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ်မှာ ပြုလုပ်တဲ့ စာပေဟောပြောပွဲနဲ့ပတ်သက်လို့ ဖမ်းဆီးခံရတာဖြစ်ပြီး နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ) မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁ တို့နဲ့ အမှုဖွင့်ထား ဖြစ်ပါတယ်။

သတင်း၊ဓာတ်ပုံ - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013