DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင်​ ပဲစင်းငုံ​ဈေးများ ကျဆင်း​နေ၊ အ​ရောင်းအဝယ်​ မဖြစ်
DVB
·
March 15, 2018
မြင်းခြံတွင်​ ပဲစင်းငုံ​ဈေးများ ကျဆင်း​နေ၊ အ​ရောင်းအဝယ်​ မဖြစ်
Donate to DVB

ပဲစင်းငုံ​ဈေးများ ဆက်​တိုက်​ ကျဆင်း​နေတာ​ကြောင့် အ​ရောင်းအဝယ်​ မဖြစ်​တာ ၅ ရက်​​လောက်ရှိပြီလို့ မြင်းခြံ ကုန်​စည်​ဒိုင်​က သိရပါတယ်​။

မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံမြို့နယ်က လယ်​ယာ​မြေ​တွေမှာ အဓိကစိုက်​ပျိုး သီးနှံတမျိုး ​ဖြစ်​တဲ့ ပဲစင်းငုံဟာ ​ပြည်​တွင်း၊ ပြည်​ပ ဝယ်​လက်​မရှိတာ​ကြောင့် ဈေးနှုန်းတွေ ကျဆင်း​နေပြီး အ​ရောင်းအဝယ်​ မဖြစ်​​တော့ဘူးလို့ ကုန်​သည်​တွေက ပြောပါတယ်။

မြင်းခြံကုန်​စည်​ဒိုင်​မှ အတွင်း​ရေးမှူး ဦး​ကျော်​ထင်​​အောင်​က “လက်​ရှိ ပဲစင်းငုံ​ဈေးကွက်​ မ​ကောင်းဘူး။ မ​ကောင်းတဲ့ အ​ကြောင်းရင်းက ၂၀၁၈ ထဲမှာထွက်​တဲ့ ပဲစင်းငုံဟာ အရည်​အ​သွေးက အသင့်အတင့်ပဲ ရှိတယ်​။ ပြီး​တော့ ထွက်​နှုန်းကလည်း ​လျော့သွားတယ်​၊ အရင်​နှစ်​​တွေကလည်း ​ဈေးမ​ကောင်းဘူး။ ​ဈေး​ကောင်းရဖို့အတွက်​ ​နေပြည်​​တော်​ အစည်းအ​ဝေးမှာ ကျ​နော်​တို့ တင်​ပြ​ပေမယ့်၊ အိန္ဒိယက မဝယ်​လို့ ​ပြောပါတယ်​။ အိန္ဒိယက မဝယ်​ရင်​ ကျန်​တဲ့နိုင်​ငံ​တွေက ဝယ်​ယူလာ​အောင်​ အစိုးရက လုပ်​​ဆောင်​​ပေးသွားမယ်​ဆိုရင်​ ​တောင်​သူ​တွေ အသက်​ရှူချောင်​တာ​ပေါ့။ ကုန်​သည်​​တွေအ​နေနဲ့က​တော့ ကိုက်​ညီတာ လုပ်​ကိုင်​စားတာဆို​တော့ အဓိကမကျပါဘူး။ ​ရှေ့လာမယ့်နှစ်​​တွေမှာ ​တောင်​သူ​တွေ ပဲစင်းငုံ စိုက်​ပျိုးမှု နည်းပါးသွားပါလိမ့်မယ်​။ ​တောင်​သူ​တွေအ​နေနဲ့က တချို့​မြေ​တွေဟာ ပဲစင်းငုံ တ​မျိုးကိုသာ စိုက်ပျိုးလို့ရတဲ့​မြေဖြစ်​တဲ့အတွက်​ အစားထိုး စိုက်​ပျိုးလို့မရတဲ့ ​မြေကိုသာ အနည်းအပါး စိုက်​ပျိုးကြမှာ ဖြစ်​တယ်​။ ပြီး​တော့ ​​တောင်​သူ​တွေအတွက်​ ပဲစင်းငုံဟာ အာမခံချက်​မရှိ​တော့ရင်​ လုံးဝစိုက်​ပျိုးကြမှာ မဟုတ်​​တော့ဘူး။ အဲဒီအတွက်​ အစိုးရအ​နေနဲ့က ဒီလို အခက်​အခဲ​တွေ ​ပြေလည်​​အောင်​ ​ဆောင်​ရွက်​​ပေး​စေချင်​ပါတယ်​” လို့ ဒီဗွီဘီကို ​ပြောပါတယ်​။

ပြီးခဲ့တဲ့ ဇန်​နဝါရီလအတွင်းက မိုးအဆက်​မပြတ်​ ရွာသွန်းခဲ့တာ​ကြောင့် ပဲစင်းငုံ အပါအဝင်​ ​ဒေသအတွင်း စိုက်​ပျိုးထားတဲ့ သီးနှံအများအပြား ထိခိုက်​ပျက်​စီးမှု​တွေနဲ့ ရင်​ဆိုင်​ခဲ့ရတာ​ကြောင့် ​တောင်​သူအများစု ဆုံးရှုံးမှုများစွာ ရှိခဲ့တယ်​လို့ ဆိုပါတယ်​။

မြ ပဲမျိုးစုံ​ရောင်းဝယ်​​ရေး ပွဲရုံမှ ဦးညိုက “ဒီနှစ်​က ပဲစင်းငုံ အရည်​အ​သွေးပိုင်းအ​နေနဲ့ ပထမတန်းစား မရှိဘူး၊ ဒုတိယနဲ့ တတိယတန်းစားပဲ ဝင်​တယ်​။ ရန်​ကုန်​ကလည်း မဝယ်​ဘူး။ ​လှောင်​လက်​​တွေကလည်း မဝယ်​ဘူးဆို​တော့ လက်​ရှိအ​နေအထားရ ရပ်​ထားဖို့ပဲ ရှိ​တော့တယ်​။ ​တောင်​သူ​တွေအ​နေနဲ့က အများကြီး ရှုံးကြပါတယ်​။ ဒါကလည်း တနိုင်​ငံလုံး ဖြစ်​​နေတာဆို​တော့ မတက်​နိုင်​ဘူး​ပေါ့။ ​ဈေးနှုန်းလေး တက်​လာရင်​​တော့ ​တောင်​သူ​တွေ ခံစားရမှာ​ပေါ့။ ခုက ​ကောင်းလာနိုင်​စရာ မရှိ​တော့ ပိုပြီးနစ်​နာဖို့ပဲ ရှိပါတယ်​”လို့ သူက ​ပြောဆိုပါတယ်​။

ပြီးခဲ့တဲ့ နှစ်​က ပဲစင်းငုံ ၁ ပိဿာကို ၁၃၀၀ ကျပ်​ဖြင့်​ အ​ရောင်းအဝယ်​ စတင်​ခဲ့ပြီး၊ အခုနှစ်​ ပဲစင်းငုံ ​ပေါ်လာချိန်​မှာ​တော့ ပဲစင်းးငုံ အရည်​အ​သွေး ကျဆင်းတာ​ကြောင့် ၁ ပိသာကို ၄၅၀ ကျပ်​မှ ၅၀၀ ကျပ်​ဝန်းကျင်​ ​ဈေးနှုန်းဖြင့်သာ အ​ရောင်းအဝယ်​ ပြုလုပ်​​နေတယ်​လို့ သိရပါတယ်​။

မြင်းခြံမြို့ပေါ်မှာ ​နေ့စဉ်​ ပဲစင်းငုံ ကုန်​ချိန်​ ပိဿာ ၁၀၀၀၀ ​ကျော်​ ဝင်​​ရောက်​မှုရှိခဲ့ပြီး မြင်းခြံမြို့နယ်​မှာ ပဲစင်းငုံစိုက်​ဧက ၂၁၃၆၆ ဧက စိုက်​ပျိုး​နေတာလည်း ဖြစ်​ပါတယ်​။

သတင်း - ရီရီထွန်း(မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013