DVB Logo
Home
မြန်မာသတင်း
ငါးမဖမ်းရကာလ သတ်မှတ်ချက်အပေါ် ရေးမြို့နယ် ငါးလုပ်ငန်းရှင်များ အသနားခံစာတင်မည်
DVB
·
March 15, 2018
ငါးမဖမ်းရကာလ သတ်မှတ်ချက်အပေါ် ရေးမြို့နယ် ငါးလုပ်ငန်းရှင်များ အသနားခံစာတင်မည်
Donate to DVB

ငါးလုပ်ငန်းဦးစီးဌာနက ကမ်းနီး ကမ်းဝေး ငါးဖမ်းရေယာဉ်တွေကို အခုနှစ်အတွင်း ငါးမဖမ်းရ ကာလ ၅ လခွဲလောက် သတ်မှတ်ခဲ့တာကြောင့် ငါးဖမ်းလုပ်သားတွေ အခက်အခဲတွေ ရှိနေလို့ သက်ဆိုင်ရာကို အသနားခံတင်ပြသွားမှာ ဖြစ်ပါတယ်။

ရေးမြို့နယ်ရဲ့ ၅၀ ရာခိုင်နှုန်းသော ကမ်းဝေး ငါးဖမ်းလုပ်ငန်းတွေအနေနဲ့ ပုံမှန် မတ်လနဲ့ ဧပြီလတွေမှာ ငါးဖမ်းဆီးရမိမှု လျော့နည်းလို့ ပုံမှန်ပိတ်သိမ်းလေ့ရှိကြတာပါ။

ငါးမဖမ်းရ ကာလကို အခုနှစ် မေ ၁၆ ရက်နေ့ကနေ သြဂုတ် ၁၅ ရက်နေ့အထိ သတ်မှတ်ခဲ့တဲ့အပေါ် အခက်အခဲများစွာ ဖြစ်ပေါ်နိုင်တယ်လို့ ရေးမြို့နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဇော်မိုးက ဒီဗွီဘီကို ပြောပါတယ်။

“၅ လခွဲလောက် အလုပ်ရပ်နားရမှာ ဖြစ်တဲ့အတွက် အလုပ်သမား ပြန်ခေါ်ရတာ ခက်ခဲသွားမယ်။ ကျနော်တို့သုံးတဲ့ ပိုက်တွေက ကုန်းပေါ်မှာ လေး ငါးလလောက် မသုံးဘဲ ထားလိုက်မယ်ဆိုရင် ပျက်စီးသွားမယ်။ အလုပ်သမားတွေ စားဝတ်နေရေး ခက်ခဲသွားမယ်။ အရင်နှစ်တွေက ၃ စီးကို ၁ စီး ထွက်ခွင့်ရလို့ ခံသာသေးတယ်။ ခုဆို အခက်အခဲ အများကြီး ရှိသွားမှာဖြစ်လို့ မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်ကနေတဆင့် လုပ်ငန်းရှင်တွေအားလုံး အသနားခံစာ တင်သွင်းသွားမှာပါ။”

ပင်လယ်ပြင်ထဲမှာ ငါးသယံဇာတ လျော့နည်းလာတာကို လက်ခံပါကြောင်း၊ မိမိတို့ ဒေသတွင်းသုံးတဲ့ ပိုက်အမျိုးအစားတွေအနေနဲ့ ပိုက်ခွဲအရွယ်အစား ကြီးလို့ ငါးသယံဇာတ ပြုန်းတီးမှု လျော့နည်းတာကြောင့် ပိုက်အမျိုးအစားအပေါ် မူတည်ပြီးလည်း စိစစ်ဆုံးဖြတ်သင့်ပါတယ်လို့ ဦးဇော်မိုးက ဆက်လက်ပြောပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနက မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (ခ) နဲ့ ပုဒ်မ ၂၃ တို့မှာ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေကို ကျင့်သုံးပြီးတော့ ငါး၊ ပုစွန် ပေါက်ပွားတဲ့ ရာသီပိတ်ချိန်မှာ ငါးနဲ့ သက်ရှိသယံဇာတတွေ ထိန်းသိမ်းနိုင်ဖို့အတွက် မြန်မာ့ပင်လယ်ပြင်မှာရှိတဲ့ ပြည်တွင်း ပြည်ပ ရေယာဉ် ငါးဖမ်းရေယာဉ်တွေကို ငါးမဖမ်းရ ကာလနဲ့ ငါးမဖမ်းရ ဧရိယာအဖြစ် သတ်မှတ် တားမြစ်ခဲ့ပြီး ရေးမြို့နယ်ရှိ ရေလုပ်ငန်းရှင်တွေကိုလည်း အသိပေးပြီးဖြစ်တယ်လို့ ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးဇော်မင်းဦးက ပြောပါတယ်။

ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ မြို့နယ်ထဲမှာ ကမ်းဝေး ၁၉၇ စီး၊ ကမ်းနီး ၃၇၂ စီးနဲ့ ရေလုပ်သား ၄၅၀၀ ရှိတယ်လို့ သိရပါတယ်။

သတင်း - ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013