
ရခိုင်ပြည်နယ်အတွင်း ရေဘေးသင့်ပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ကူညီဖြေရှင်းပေးနိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရထံ တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ ကူညီပံ့ပိုးခဲ့တယ်လို့ NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။
ဒီအကူအညီကို ရေကြီးမှုနဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအနေနဲ့ ကနဦးပံ့ပိုးပေးခဲ့တာ ဖြစ်ပါတယ်။
NUG ရဲ့ ကူညီပံ့ပိုးမှုအတွက် အာရက္ခပြည်သူတရပ်လုံးနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ကျေးဇူးတင်ရှိပြီး လေးလေးနက်နက် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးပို့ခဲ့ပါတယ်။
အာရက္ခတပ်တော် (AA) နဲ့ နီးစပ်သူ အမျိုးသားတယောက်က “ခုလိုမျိုး ခွဲခြားမှုမရှိဘဲ ကူညီပေးတဲ့အတွက် အမှန်တကယ် ကျေးဇူးတင်ပါတယ်။ မြေပြင်မှာ အမှန်တကယ် အကူအညီ လိုအပ်နေပါတယ်” လို့ ပြောပါတယ်။
NUG အနေနဲ့ အာရက္ခပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်သွားမှာဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အတွက်လည်း ဆက်လက်ပံ့ပိုးပေးသွားမယ်လို့ ပြောထားပါတယ်။
ရေဘေးသင့် မင်းပြားဒေသခံတယောက်က “အခုလို NUG က လူသားချင်းစာနာပြီး အကူအညီပေးတဲ့ သတင်းကို သိရတော့ တကယ်ပျော်ပါတယ်။ ကျနော်တို့မှာ အခုဆို သောက်ရေကိုတောင် လာလှူမှ သောက်နေရတာပါ" လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဇူလိုင်လဆန်းပိုင်းကစလို့ မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ ဂွ၊ တောင်ကုတ် စတဲ့ မြို့နယ်တွေမှာ ရေဘေးသင့်ခဲ့ပြီး ဒေသခံတချို့ သေဆုံးခဲ့သလို လူဦးရေ ထောင်နဲ့ချီ ရေဘေးဒဏ် ခံစားခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။











