
အစိုးရကို ဆန့်ကျင်သပိတ်စခန်းဖွင့်ခဲ့တဲ့ ကိုကျော်မျိုးရွှေကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
“လက်ရှိအစိုးရ အာဏာမရခင်တုန်းက တရားဥပဒေစိုးမိုးရေးဒီမိုကရေစီအရေးဆိုပြီး ရှေ့က အစိုးရအဆက်ဆက်ကို တိုက်ထုတ်ခဲ့တယ်။ အဲတော့ လုပ်ပိုင်ခွင့်ရပြီ အာဏာရပြီ။ အပြောင်းအလဲ တခုကိုလုပ်နိုင်ပြီ။ လုပ်နိုင်ပါလျက်နဲ့ ဘာဖြစ်လို့ ဥပဒေနဲ့မညီတဲ့အမိန့်တွေ ထုတ်ပြန် ပြီးတော့ ပြည်သူကို နှိပ်ကွပ်နေရတာလဲ၊ တရားဥပဒေစိုးမိုးမှုကို လုပ်ပိုင်ခွင့် အာဏာရနေပါရက်နဲ့ တရားဥပဒေစိုးမိုးမှု ဘာလို့မလုပ်တာလဲ၊ တရားစီရင်ရေးမဏ္ဍိုင်ကို ဘာလို့မတည့်မတ်တာလဲ လို့ ကျနော်မေးချင်တယ်”လို့ ကိုကျော်မျိုးရွှေက ပြောပါတယ်။
ချမ်းမြသာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနက တရားလိုပြုလုပ်ပြီး သပိတ်စခန်းမှာပါဝင်တဲ့ ကိုကျော်မျိုးရွှေပါ ၅ ဦးကို ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခဲ့ကာ ၄ ဦးမှာ လွတ်မြောက်နေပြီး ဒီကနေ့အထိ မဖမ်းဆီးနိုင်သေးကြောင်း သိရပါတယ်။
အစိုးရအား ဆန့်ကျင်တဲ့ သပိတ်စခန်းဖွင့်ခဲ့တဲ့ အဖမ်းဆီးခံ သံဃာ ၆ ပါးကို ၂၀၁၇ ခု ဒီဇင်ဘာလ ၂၇ ရက်နေ့က ချမ်းမြသာစည်မြို့နယ် တရားသူကြီးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ် ၆ လကို ကျခံရန်အမိန့်ချခဲ့ပါတယ်။
ကိုကျော်မျိုးရွှေဟာ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက် သာသနာ ၂၅၀၀ ဗိမ္မာန်မှာ အစိုးရကို ဆန့်ကျင် သပိတ်စခန်းဖွင့်ခဲ့သောကြောင့် ဖမ်းဆီးခံရခဲ့ရတာဖြစ်ပါတယ်။











